အရှင်ဘုရား သတ္တ၀ါအနန္တ ရှိကြောင်း ကြားဖူးပါသည်၊
တချို့က ရေသတ္တ၀ါ ဆယ်သိန်း၊
ကုန်းသတ္တ၀ါ ကိုးသိန်း၊
ကောင်းကင်သတ္တ၀ါ ရှစ်သိန်း၊
ရှိသည်ဟု ဆိုပါသည်၊ အမှန်ကို ရှင်းပြစေလိုပါသည် ဘုရား။
( မောင်ဘာ-မုဒွန်းရွာ၊ ချောင်းဆုံမြို့နယ် )
( ဖြေ )
အထက်ပါပြဿနာနှင့်စပ်၍ လယ်တီဆရာတော်ဘုရားကြီး၏ ဘာဝနာဒီပနီတွင် ကုန်းတိရစ္ဆာန်မျိုး အနန္တ၊ ထို့ထက် အဆအသင်္ချေ တွက်ရေသင်္ချာ များလှစွာသော ရေတိရစ္ဆာန်မျိုး အနန္တရှိ၏။
လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတည်းဟူသော သုဂတိနှစ်ဆယ့်ခုနစ်ဘုံတို့မှ သတ္တ၀ါတယောက်လျှင် အပါယ်လေးဘုံတို့မှ သတ္တ၀ါအသင်္ချေကျထား၍ နှိုင်းရှဉ်သည်ရှိသော် သုဂတိ ၂၇-ဘုံ၌ သတ္တ၀ါကုန်လေရာ၏၊
အပါယ်လေးဘုံရှိ သတ္တ၀ါကား မကုန်လေရာ-ဟု ဆိုထား၏။
အနန္တဟူသည် အဆုံးမရှိ-ဟု ဆိုလို၏။
အသင်္ချေဟူသည်ကား ရေတွက်၍မရ၊ အရေအတွက် သင်္ချာကို လွန်၏-ဟု ဆိုလို၏။
ထို့ကြောင့် သတ္တ၀ါတို့ကို သင်္ချာတပ်၍ ပြောဆိုသူတို့ စကားကို မယုံကြည်ရာ။