ဣတိပိ သော-စသော ဂုဏ်တော်တို့ကို ရွတ်ဆိုဘုရားရှိခိုးရာ၌ ဘုရားဂုဏ်တော်, တရားဂုဏ်တော်, သံဃာဂုဏ်တော် အဆုံးတို့တွင် အချို့က တိ-ထည့်၍ ရွတ်ဆိုကြပါသည်။ အချို့က မထည့်ပါ၊ ဘယ်ဟာက မှန်ပါသလဲဘုရား။
(၁) အရှင်ထေရ၀ံသ-ဒီပဲရင်း။ (၂) ဦးမုန်း-မြောက်ဥကကလာပမြို့


( ဖြေ )
တိ-ဟူသည်မှာ ဣတိ-သဒ္ဒါဖြစ်ပါသည်၊
ဂုဏ်တော်ကိုဆို၍ ဘုရားရှိခိုးရာ၌ ထည့်၍ဆိုရန် လိုအပ်ပါသည်။
ဣတိ-ဤသို့ ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ အဟံ-အကျွန်ုပ်သည်၊ ၀န္ဒာမိ-ရှိခိုးပါ၏။ ဟု ဆက်ရမည်ဖြစ်ပါသည်။

တရားဂုဏ်တော် သံဃာ့ဂုဏ်တော်တို့မှာလည်း အလားတူ သင့်လျော်သလို ဆိုရန်ဖြစ်ပါ၏။

ရိုးရိုးဂုဏ်တော်ကို ရွတ်ဆို ပွားများရာ၌ကား ပါရန်မလိုပါ၊ ထို့ကြောင့် နှစ်မျိုးစလုံးပင် မှန်ပါသည်။