ဗုဒ္ဓစာပေများကို ဖတ်ရှုရာတွင် မိန်းမတို့ မာယာအနေအားဖြင့် ကိုယ်လက်ကို ဆန့်၏၊ ညွတ်၏၊ စံပယ်၏၊ ရှက်စနိုးကဲ့သို့ ပြု၏၊ မှစ၍ ထဘီပြင်ဝတ်ခြင်း၊ ဆံပင်ထုံးခြင်းများပါ ဖော်ပြထားရာ မိန်းမအနေဖြင့် မာယာ မများရန် လက်ကလေးမျှပင် မလှုပ်ဝံ့စရာဖြစ်နေပါသည်၊ ထို့ကြောင့် ၄င်းမာယာ လေးဆယ်ဆိုသည်မှာ ဘယ်ကဲ့သို့ မှတ်ယူရမည်ကို အရှင်ဘုရား ဖြေကြားသင့်သည်ထင်က ဖြေကြားပေးစေလိုပါသည်ဘုရား။
( ဌေးဌေးဝင်း-အထက၊ မုဒုံ )


( ဖြေ )
မာယာလေးဆယ်မှာ အသီတိ နိပါတ် မဟာကုဏာလဇာတ်လာ ဖြစ်သည်။  ဗုဒ္ဓစာပေအရပင် ဖြစ်သဖြင့် ဖြေရှင်းဟောပြသင့်သော တရားဓမ္မပင်ဖြစ်၍ ဖြေဆိုပါမည်။ မိန်းမတို့မှာ မာယာ လေးဆယ် မဖြစ်အောင် လက်ခြေမျှကိုပင် မလှုပ်ဝံ့စရာ-ဟုဆိုက ဆိုစရာပင်ဖြစ်သည်၊
မြတ်စွာဘုရား ဟောတော်မူသော အလိုမှာ အခါခပ်သိမ်း လှုပ်ရှားမှုကို မဆိုလို၊ မိမိစိတ်ဝင်စားသော ယောက်ျားတဦးရှေ့တွင် မိန်းမတို့သည် ငြိမ်ငြိမ်သက်သက် မနေဘဲ မိမိကို စိတ်ဝင်စားစေလိုသော ဆန္ဒဖြင့် လှုပ်ရှားမှု တခုခုကို ပြုလုပ်ပြခြင်း၌ ဤလေးဆယ်မျိုးတွင် တမျိုးမျိုးကို ပြုလုပ်တတ်ကြောင်း ဟောတော်မူလိုရင်းပင် ဖြစ်သည်။ ဖြစ်နိုင် မဖြစ်နိုင် မြတ်စွာဘုရား ဟောတော်မူချက် မှန်-မမှန် မိန်းမတဦးအနေဖြင့် စဉ်းစားတွေးခေါ်ကြည့်၍ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော်ကို ကြည်ညိုလျက် ကုသိုလ်ပွားစေလိုကြောင်း အကြံပေးလိုပါသည်။