အရှင်ဘုရား၊ ယခုခေတ်တွင် လူဝတ်ကြောင်ဖြင့် ရဟန္တာဟု၎င်း၊ တချို့က လူဝတ်ဖြင့် ရဟန္တာအဖြစ် အတော်ကြာကြာ နေပြီးမှ ရဟန်းဘ၀သို့ ပြောင်းလာခဲ့သည်ဟု၎င်း ပြောဆိုနေကြသည်ကို ကြားသိနေရပါသည်။ လူဝတ်ကြောင်ဖြင့် ရဟန္တာအဖြစ် ရောက်ရှိခဲ့သော် ၁-ရက် (သို့) ၇-ရက် (သို့) မည်မျှကြာအောင် နေနိုင်သည်ကို၎င်း၊ လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်သူများကို၎င်း သာဓကအနေဖြင့် ထုတ်ပြဖြေဆို ပေးတော်မူပါဘုရား။
(ကိုခင်မောင်သက်-မကွေး)
(ဖြေ)
လူဝတ်ကြောင်ဖြင့် ရဟန္တာဖြစ်လျှင် လူဝတ်အစားဖြင့် တရက်သာနေနိုင်ပြီး ပရိနိဗ္ဗာန်စံရပါသည်။
ရှင်ရဟန်းပြုလျှင်ကား သက်တမ်းရှိသမျှ နေနိုင်ပါသည်။
ထိုအကြောင်းကို အံ-ဋ္ဌ ၁-၂၆၆ ခေမာထေရီဝတ္ထုနှင့် ဇာတ်တော် အမှတ် ၂၆၄၊ မဟာပနာဒဇာတ် အဋ္ဌကထာတို့တွင် အထင်အရှား ပြဆိုပါသည်။
ပညာဧတဒဂ်ရ ခေမာထေရီသည် ဗိမ္ဗိသာရမင်း၏ အဂ္ဂမဟေသီတပါး ဖြစ်သည်။ အလှမာန်ကြီးလှသဖြင့် ရုပ်ဆင်းအင်္ဂါတို့၌ စက်ဆုပ်ဖွယ်အဖြစ် ဟောကြားသော ဘုရားရှင်ကို မဆည်းကပ်ခဲ့ပေ။ တရက်တွင် ဗိမ္ဗိသာရမင်း၏ အစီအမံဖြင့် တနေ့ ဝေဠုဝန်ဥယျာဉ်သို့ ရောက်သွားပြီး တရားနာရာ ဘုရားရှင်သည် နတ်သမီးတမျှ လှပသော အမျိုးသမီးငယ်လေး ယပ်ခတ်ပေးနေဟန်အဆင့်ဆင့် သေသည်အထိ ဖန်ဆင်းပြ၍ ဟောကြားရာ ခေမာမိဖုရားသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအမျိုးသမီး ချက်ချင်းဖြစ်လေ၏။
ထိုသို့ လူဝတ်အစားဖြင့် ရဟန္တာအသွင်သို့ရောက်ရှိသောသူသည် တံဒိဝသမေ၀-ထိုနေ့ချင်းပင်၊ ပနိဗ္ဗာယိတဗ္ဗံ ၀ါ- ပရိနိဗ္ဗာန်သော်လည်း ပြုအပ်၏။ ပဗ္ဗဇိတတဗ္ဗံ ၀ါ-ရှင်ရဟန်းသော်လည်း ပြုအပ်၏-ဟု ဆို၏။
ခေမာမိဖုရားသည် နန်းတော်သို့ပြန်၍ ရဟန်းပြုခွင့်တောင်းရာ ဗိမ္ဗိသာရမင်းက ရွှေထမ်းစင်ဖြင့် ဘိက္ခုနီမကျောင်းသို့ ပို့စေ၍ ရဟန်းအမျိုးသမီး ပြုစေ၏။
မဟာပနာဒဇာတ်တွင်လည်း ဘဒ္ဒိယသူဌေး၏ သားသည် ဘုရားရှင်၏တရားကိုနာရ၍ လူဝတ်ကြောင်ဖြင့်ပင် ရဟန္တာဖြစ်လေ၏။ ထိုအခါ ဘုရားရှင်က သူဌေးကိုခေါ်၍ သင့်သားသည် ရဟန္တာအဖြစ်သို့ရောက်ပြီး အဇ္ဇေ၀-ယနေ့ပင်လျှင်၊ ပဗ္ဗဇိတုံ ၀ါ-ရဟန်းပြုခြင်းငှါ၎င်း၊ ၀ဋ္ဋတိ-သင့်၏-ဟု မိန့်ကြားရာ သူဌေးကြီးက တပည့်တော်၏သား ပရိနိဗ္ဗာန်မပြုစေလို၊ ရဟန်းပြုပေးပါ။ မနက်ဖြန် တပည့်တော်၏သားကို ခေါ်၍ တပည့်တော်တို့ အိမ်သို့ ကြွပါ-ဟု လျှောက်၍ ရဟန်းပြုပေးရ၏။
ရဟန်းပြုခွင့်မရသော သန္တတိအမတ်ကြီး၊ သုဒ္ဓေါဒနမင်းကြီး၊ ဗာဟိယဒါရုစိရိယ စသည်တို့ကား ရဟန္တာဖြစ်သောနေ့မှာပင် ပရိနိဗ္ဗာန် စံရကုန်၏။