အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော်သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ
အဖြေ။ ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော်အသံကို နားထောင်မိရုံပဲရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့်တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲပြောရပါမယ်။
အမှန်တော့ တရားနာတာနဲ့ တရားအားထုတ်တာဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ တစ်ခါက ရဋ္ဌပါလသတို့သားဟာ ဘုရားရှင်ရဲ့တရားကို နာကြားရလို့ တရားတော်ကို မှန်မှန်ကန်ကန် နှလုံးသွင်းလိုက်နိုင်ပါတယ်။ ဒီလိုနဲ့ သူဌေးသားဟာ ရဟန်းဘ၀ရောက်ရှိပြီး တရားအားထုတ်လိုက်တာ ရဟန္တာဖြစ် တော်မူခဲ့ပါတယ်။ ဒါဟာ တရားနာခြင်းကြောင့်ရရှိလာတဲ့အကျိုးတရားတွေပါပဲ၊ တရားအားထုတ်တဲ့သူဟာ “တရားနာလျှင် သဒ္ဓါရွှင် ပညာအသိတိုး”ဆိုတဲ့အတိုင်း တရားလဲနာရတယ်၊ တရားနာရတဲ့ အကျိုးတွေလဲဘုရားရှင် ဟောတော်မူထား တာရှိပါတယ်။(၁)မကြားဖူးသေးသော တရားစကားများကို ကြားနာရခြင်း။(၂)ကြားဖူးပြီးသားဆိုရင်ပိုပြီး နားလည်ခြင်း။ (၃)ယုံမှားသံသယကို ပယ်ဖျောက်နိုင်ခြင်း။ (၄)အယူဝါဒကိုဖြောင့်မတ်စွာယူနိုင်ခြင်း။(၅) ယုံကြည်တဲ့စိတ် တိုးပွားခြင်း တို့ဖြစ်တယ်။ ဒါ့အပြင် တရားနာတာဟာ တရားအားထုတ်မှုအတွက် အထောက်အပံ့များစွာပေးပါတယ်။
ဘုရားရှင်လက်ထက်က ပဉ္စဂ္ဂဒါယကပုဏ္ဏားလင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ဘုရားရှင်က ပုဏ္ဏားလင်မယားအိမ် ဆွမ်းခံကြွတယ်။ ဒီအချိန်မှာ ပုဏ္ဏားကြီးက ထမင်းစားနေတဲ့အခိုက်ဖြစ်တယ်။ စားပြီးလို့ တစ်ဝက်လောက်ကျမှ ဘုရားရှင်အိမ်ရှေ့ဆွမ်းရပ်တာကိုသိတဲ့အတွက် ဘုရားရှင်ထံသွားကာ “မြတ်စွာဘုရား… စားပြီးတစ်ဝက်ကျန်တာလဲ အလှူခံပါသလားဘုရား” လို့ ပုဏ္ဏားကမေးလျှောက်တော့ ဘုရားရှင်က “ဒို့အလှူခံတွေဆိုတာ ဦးဖျားဖျားအလှူခံလဲ လက်ခံပါတယ်၊ စားပြီးလို့တစ်ဝက်ကျန်တာလဲ အလှူခံပါတယ်” လို့မိန့်တော်မူတော့ ပုဏ္ဏားဟာ သူ့ပုဂံထဲက စားပြီးတစ်ဝက်သာကျန်တဲ့ထမင်းကို လောင်းလှူလိုက်ပါတယ်။ ပြီးတဲ့အခါ ပုဏ္ဏားက “အရှင်ဘုရား….အရှင်ဘုရားတရားဟောတဲ့အခါ ဘိက္ခု လို့ခေါ် ခေါ်ပြီးဟောတော့ ရဟန်းများသာပါတာလာဘုရား၊တပည့်တော်တို့ လူဝတ်ကြောင်တွေလဲ မပါဘူးလား” မေးလျှောက်တယ်။ ဘုရားရှင်က ပုဏ္ဏားအားတရားဟောဖို့အတွက် ပုဏ္ဏားရဲ့ရှေးပြုခဲ့တဲ့ကုသိုလ်တွေကို ဥာဏ်တော်နဲ့ ပြန်လည်ဆင်ခြင်တော်မူပါတယ်။ ပုဏ္ဏားလင်မယားဟာ တစ်ခုသောဘ၀တုန်းက ရုပ်နာမ်နဲ့စပ်ပြီး တရားနာခဲ့ဖူးတာကို မြင်တော်မူပါတယ်။ ဒါနဲ့် ဘုရားရှင်က ပုဏ္ဏားအား ဘိက္ခုလို့ ခေါ်ရတဲ့အကြောင်းအရင်းနဲ့အတူ ရုပ်နာမ်နဲ့စပ်တဲ့တရားဒေသနာတော်ကို ဟောကြားတော်မူလိုက်ပါတယ်။ တရားအဆုံးမှာ ပုဏ္ဏားလင်မယား တရားထူးများရသွားကြပါတယ်။ဒါဟာ အတိတ်ဘ၀က တရားနာခဲ့ရတဲ့အကျိုးကျေးဇူးကြောင့်ဖြစ်တယ်။
ဒါနဲ့စပ်ပြီး ပါထေယျပါဠိတော်မှာ တရားရနိုင်တဲ့အင်္ဂါလေးချက်ကို ဖေါ်ပြထားပါတယ်။ ဒါကိုသိရင် သဘောပေါက်သွားမှာပါ။ (၁)သူတော်ကောင်းကို မှီဝဲ ဆည်းကပ်ရမယ်။ (၂) သူတော်ကောင်းတရားကို နာကြားရမယ်။ (၃) ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတတ်ရမယ်။ (၄)မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော ကျင့်ဝတ်ရှိရမယ်။(ပါထေယျပါဠိတော်၊ နှာ၊၁၉၀)
ဒါကြောင့် ကုသိုလ်များအနက် မဂ်ကုသိုလ်တိုင်အောင် ရချင်တယ်ဆိုရင် အထက်ပါအင်္ဂါလေးချက်နဲ့အညီ နေထိုင်ကျင့်သုံးသွားပါမယ် ဆိုတာပြောရင်း………..။