“စိတ်ညစ်ရင်ရေချိုးပါ” စာအုပ်ထုတ်ပြီးကတည်းက စာတွေမရေးဖြစ်တာ(၂)နှစ်ကျော်နေပြီဖြစ်တဲ့ စာရေးဆရာ ရဝေနွယ်(အင်းမ)ဟာ ဒီနှစ်အမေရိက LAမှာဝါဆိုပြီး၊ စာတွေပြန်လည် ရေးသားနေပါပြီ။ အခုလောလောဆယ် ရေးသားပြီးတဲ့“ရဝေနွယ်အသစ်” ဆိုတဲ့ဆောင်းပါးကတော့ စောင့်မျှော်နေတဲ့ စာချစ်ပရိသတ်ရဲ့ ရင်ထဲ စွဲနေစေမှာဖြစ်သလို ချမ်းမြေ့သာယာတဲ့ ဘဝသစ် တည်ဆောက် ချင်သူများ အတွက် စွဲနေအောင် ဆောင်ထားရမည့်တရား များပါပဲ။ ဒါကြောင့် စာရေးဆရာ ရဝေနွယ်(အင်းမ)ရဲ့ စိတ်, စေတနာ, မေတ္တာများ တပွေ့တစ်ပိုက်နဲ့ ရေးခြစ်ထားတဲ့ ဆောင်းပါးများကို အခန်း ဆက်ဖြင့် ဖော်ပြသွားမှာ ဖြစ်ပါတယ်။

“ရဝေနွယ်အသစ်”

တစ်ခါတုန်းက လူသုံးယောက် လမ်းလျှောက်လာရင်း တောင်ကုန်းထိပ်မှာ မိတ်ဆွေတစ်ယောက် ရပ်နေတာကို လှမ်းမြင်ရပါတယ်။ ဒီတော့ သုံးယောက်ထဲက တစ်ယောက်က“သူ ရှုခင်းတွေ ကြည့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ ဒုတိယ တစ်ယောက်က “မဟုတ်ပါဘူး၊ တို့ကို စောင့်နေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ တတိယ တစ်ယောက်က “မဟုတ်ဘူး၊ လေကောင်းလေသန့် ရှုနေတာ ထင်တယ်”လို့ ပြောလိုက်ပါတယ်။ အဖြေမညီကြဘဲ တောင်ကုန်းပေါ် သုံးယောက် တက်ခဲ့ကြပါတယ်။ တောင်ကုန်းပေါ် ရောက်တော့ ပထမ တစ်ယောက်က စပြီမေးပါတယ်။

“ ရှုခင်းတွေကြည့်နေတာလား?”

“ မဟုတ်ပါဘူး”

ဒုတိယတစ်ယောက် ထပ်မေးပြန်ပါတယ်

“တို့ကို စောင့်နေတာလား?”

“မဟုတ်ပါဘူး”

တတိယတစ်ယောက်က ထပ်မေးပြန်ပါတယ်

“ လေကောင်းလေသန့်ရှုနေတာလား?”

“မဟုတ်ပါဘူး”

ဒီတော့သုံးယောက်သားပြိုင်တူမေးလိုက်ပါတယ်။

“ဒါဖြင့် ဘာလုပ်နေတာလဲ?”

“ရပ်နေတာပါ”

(ဇင်ပုံဝတ္ထု)

သူပြောတဲ့ စကားလေးက ရိုးရိုးလေးပါပဲ၊ “ရပ်နေတာပါ”တဲ့။ ဖြတ်သွား ဖြတ်လာသူ လူအမျိုးမျိုး တွေ့ကြရင်လည်း ပုံဝတ္ထုထဲက သုံးယောက်နည်းတူ ထင်မြင်ချက်မျိုးစုံ ပေးနေကြဦးမှာပါ။ ရပ်နေတာကို သိသူက နည်းနည်း ရယ်ပါ။ ရပ်နေတာကို သိလိုက်သူဟာ နိဗ္ဗာန်ကို ဦးတည်နေသလို လက်ရှိမှာလည်း အကုသိုလ်ကင်းနေတာပါ။

မြတ်စွာဘုရားက ဘဒ္ဒေကရတ္တသုတ်မှာ “အတိတ်ဟောင်းကို လည်းမပြန်နဲ့၊ အနာဂတ် သစ်ကိုလည်း မကြံနဲ့၊ ဖြစ်ခိုက်ရုပ်နာမ် ပစ္စုပ္ပန်၊ အမှန် မလွတ်အောင် ရှုမှတ်ပါ”လို့ ဟောတော်မူထားပါတယ်။ အတိတ်ဆိုတာ ပြီးခဲ့ပြီးပါပြီ၊ ဘာမှလုပ်လို့ မရတော့ပါဘူး။ အနာဂတ် ဆိုတာလည်း ရောက်မလာသေးတဲ့ အတွက် အသုံးချလို့ မရပြန်ပါဘူး။ တကယ် အလုပ်လုပ်ရမှာက ပစ္စုပ္ပန်တည့်တည့်ပါ။ စာရေးသူရဲ့အသိ မိသားစုထဲက ချွေးမလေး တစ်ယောက်ဟာ စိတ်နေစိတ်ထား လည်းကောင်း၊ ယောက္ခမတွေ အပေါ်မှာ လည်းကောင်း၊ လုပ်ရည်ကိုင်ရည် လည်းရှိ၊ ဒါပေမယ့် အလုပ်တွေမှားပြီး အထဲကိုဝင်သွားရပါတယ်။ သမီးတစ်ယောက်လို ချစ်ရတဲ့ချွေးမ အထဲကိုဝင်သွားရတော့ အားလုံးက စိတ်မကောင်းကြပါဘူး။ အထူးသဖြင့် ထမင်းစားဝိုင်းမှာ တစ်ယောက်လိုနေတော့ ပိုသတိရကြပါတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ထမင်းကိုလည်း ဆက်မစားနိုင်ကြတော့ပါဘူး။ တစ်ရက်လည်းမဟုတ် နှစ်ရက် လည်းမဟုတ် ရက်ဆက်တွေ များလာတော့ တူတစ်ယောက်လုပ်တဲ့သူက “ဘုရားဟော အတိုင်း ပစ္စုပ္ပန်တည့်တည့် ရှုစားကြ တာပေါ့”လို့ ထပြောပါသတဲ့။ နောက်ရက်တွေမှာလည်း ထမင်းဝိုင်း ထိုင်လိုက်တာနဲ့ “ပစ္စုပ္ပန်တည့်တည့်”လို့ သတိပေးစားကြပါသတဲ့။ တကယ်လည်း ဟုတ်ပါတယ်။ အတိတ်၊ အနာဂတ်က ဘာမှလက်တွေ့လုပ်လို့မရပါဘူး။ လောလောဆယ် ပစ္စုပ္ပန်တည့်တည့်မှာ ထမင်းစားနေတာ ဆိုတော့ ထမင်းစားနေတဲ့ အချိန်ဟာ အရေးအကြီးဆုံးပါပဲ။

မနက် အိပ်ရာထနိုးရင် နိုးတဲ့အချိန်ဟာ အရေးအကြီးဆုံးပါ။ မျက်နှာသစ်ရင် မျက်နှာသစ်ချိန်ဟာ အရေးကြီး ဆုံးပါ၊ သွားတိုက်ရင် သွားတိုက်ချိန်ဟာ အရေးအကြီးဆုံးပါ။ ရေအိမ်ဝင်ရင် ရေအိမ်ဝင်ချိန်ဟာ အရေးအကြီးဆုံး ပါပဲ။ သတိကို ပစ္စုပ္ပန် တည့်တည့်မှာ ပဲထားတဲ့အတွက် အကုသိုလ် ကိလေသာ စိတ်တွေ ကင်းနေသလို ဘာသောကမှလည်း ဝင်မလာတော့ပါဘူး။ ဝိပဿနာ မှာတော့ သမ္ပဇညအမှတ်=အထွေထွေအမှတ်လို့ ခေါ်ပါတယ်။ တရား အားထုတ်ဖူးသူတိုင်း သိပါတယ်။ ဒီလိုပါပဲ ရနိုင်သလောက် လေ့ကျင့်ယူရမှာပါပဲ။

ဒါကြောင့် ပစ္စုပ္ပန်တည့်တည့်ကို လက်ကိုင်ယူထားရပါမယ်။ ဒါပေမယ့် အတိတ် အတွေး တွေကတော့ ဝင်နေမှာပါပဲ။ အတိတ် အတွေး တွေထဲမှာ ပုထုဇဉ်အားလျှော်စွာ မှားခဲ့တဲ့အမှား တွေလည်းပါမှာပါ။ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးရဲ့ ဝိပဿနာရှုနည်း ပထမတွဲ စာမျက်နှာ ၃၂ မှာ--- “လူတို့၏ ရှေ့အဖို့က သီလပျက်မှုသည် ပဉ္စာနန္တရိယကံ၊ ဘိက္ခုနီဒူသနကံ၊ အရိယူပဝါဒကံများ မဟုတ်လျှင် မဂ်ဖိုလ်ကို တားမြစ်တတ်သော အန္တရာယ် မဖြစ်သည်သာတည်း။ ပဉ္စာနန္တရိယကံ၊ ဘိက္ခနီဒူသနကံ၊ အရိယူပဝါဒကံ ဖြစ်လျှင်ကား လူဖြစ်စေ၊ ရဟန်းဖြစ်စေ၊ ဤဘဝ၌ မဂ်ဖိုလ်ကို မရနိုင်တော့ပြီ ” လို့ မိန့်မှာထားပါတယ်။

မြန်မာလိုရှင်းရှင်းပြောရရင်တော့ လူတစ်ယောက်အနေနဲ့ ရှေ့ပိုင်းမှာ သီလမစင်ကြယ် ခဲ့ပေမယ့် ပဉ္စာနန္တရိယ ကံငါးပါးရယ်၊ ဘိက္ခုနီဒူသန ကံရယ် (ဘိက္ခုနီဒူသန ကံဆိုတာ ဘိက္ခုနီမကို ဖျက်ဆီးတာပါ။ ဒီခေတ် မှာတော့ ဘိက္ခုနီဆိုတာ မရှိတော့ပါဘူး၊ အဆက်ပြတ်သွားပါပြီ) အရိယူပဝါဒကံရယ် (အရိယူပဝါဒကံဆိုတာ အရိယာကို ပြစ်မှားတဲ့ကံပါ) ဒီကံ(၇)မျိုးကို မကျူးလွန် ရသေးဘူးဆိုရင် မဂ်ဖိုလ်အန္တရာယ်ကို မတားမြစ်ပါဘူးတဲ့။

ဒါကိုကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးက ပိုပြီးခိုင်မာသွားအောင် ဝတ္ထုငါးပုဒ်နဲ့ ယောဂီတွေကို အားပေးထားပါတယ်။ အားလုံးကြားဖူး တဲ့ဝတ္ထုတွေပါ။ အာရုံနှိုးတဲ့အနေနဲ့ ခပ်ကျဉ်းကျဉ်း ပြန်ပြောပြရအောင်ပါ။

၁။ သန္တတိအမတ်ကြီး စစ်ပွဲနိုင်လို့ ပသေနဒီကောသလ မင်းကြီးက ခုနှစ်ရက် မင်းစည်းစိမ် ပေးထားပါတယ်။ ခုနှစ်ရက်ပတ်လုံး မူးပေတေနေပါတယ်။ သူသိပ်ချစ်ရတဲ့ မိန်းကလေး ဖျော်ဖြေရင်း ရုတ်တရက် သေသွားတဲ့ အတွက် မြတ်စွာဘုရားဆီက ဂါထာတစ်ပုဒ်နာကြားပြီး ရဟန္တာ ဖြစ်သွားပါတယ်။ သန္တတိအမတ်ကြီးလည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။ ဒီနေရာမှာ တစ်ခုသတိထားရမှာက ဂါထာတစ်ပုဒ် နာကြားပြီး ရဟန္တာ ဖြစ်တယ်ဆိုပေမယ့် ရုပ်နာမ်တွေကို မရှုမှတ်ဘဲ သတိပဋ္ဌာန်လေးပါးကို မရှုမှတ်ဘဲ မဂ်ဖိုလ် ရသွားတာတော့ မဟုတ်ပါဘူး။ တရားနာစဉ်မှာပဲ ရုပ် နာမ်တွေကို ရှုမှတ်ပြီး ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် အဆင့်ဆင့် ဖြစ်သွားတယ် ဆိုတာကို ဆရာတော် ဘုရားကြီးက သေချာ မှာထားပါတယ်။ ဆိုလိုတာက ရှုမှတ်မှု မပါဘဲနဲ့ တရားထူး ရသွားကြတာ မဟုတ်ပါဘူး။ ရှုမှတ်ပြီးမှ တရားထူး ရသွားကြတာပါ။

၂။ အရိယဆိုတဲ့ ဒကာတစ်ယောက်ဟာ ငါးမျှားနေပါတယ်။ မြတ်စွာဘုရား ကြွလာတာမြင်တော့ ငါးမျှားတံလေး ချထားလိုက်ပါတယ်။ မြတ်စွာဘုရားက “သင့်နာမည် ဘယ်လိုခေါ်သလဲ”လို့ မေးတော့ “အရိယ”လို့ ခေါ်ပါတယ်”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “သင့်လို သူတစ်ပါး ညှင်းဆဲတဲ့သူကို အရိယလို့ မခေါ်ဘူး၊ အရိယာဆိုတာ သူတစ်ပါးကို မညှင်းဆဲဘူး”လို့ ဟောပြီး ဂါထာလေး တစ်ပုဒ်ဟောပြပါတယ်။ ဂါထာကို နာကြားပြီး သောတာပန် တည်သွားပါတယ်။ အရိယလည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။

၃။ တစ်နေ့မှာ မြတ်စွာဘုရားက ဇေတဝန် ကျောင်းတော်မှာ တရားဟောနေပါတယ်။ ပရိသတ်ထဲမှာ ခါးပိုက်နှိုက် နှစ်ယောက်လည်း ပါပါတယ်။ တစ်ယောက်က တရားကို ရိုရိုသေသေနာပြီး သောတာပန် တည်သွား ပါတယ်။ တစ်ယောက်ကတော့ တရားနာ ပရိသတ်ဆီက ခါးပိုက်နှိုက်လိုက်ပါတယ်။ သောတာပန် တည်သူခါးပိုက် နှိုက်လည်း ရှေ့အဖို့မှာ သီလမစင်ကြယ်ခဲ့ပါဘူး။

၎။ သရဏာနိဥပသကာလည်း မူးပေတေနေပါတယ်။ သူလည်း မြတ်စွာဘုရား တရားနာကြားပြီး သောတာပန် တည်သွားပါတယ်။

၅။ အားလုံးသိတဲ့ လူသတ်ဗိုလ်ကြီး တမ္ဘဒါဋ္ဌိက ၅၅-နှစ်ပတ်လုံး ဘုရင့်အတွက် သတ်မိန့်ကျတဲ့ သူတွေကို

သတ်ပေးခဲ့ရပါတယ်။ သူလည်း အရှင်သာရိပုတ္တရာဆီက တရားနာကြားပြီး အနုလောမိကခန္တီခေါ် သင်္ခါရုပေက္ခာ ဉာဏ်အထိ ရောက်သွားပါတယ်။ နောက် ဘီလူးမက နွားမယောင် ဆောင်ခတ်လို့သေပြီး တုသိတာနတ်ပြည်မှာ ဖြစ်ရပါတယ်။ ဆရာတော်ဘုရားကြီးက ဒီဝတ္ထုငါးပုဒ်ကို သာဓကပြပြီး လူတွေ အနေနဲ့ စောစောကကံ(၇)မျိုးကို မကျူးလွန်ရသေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့အန္တရာယ်ကို မပြုပါဘူးတဲ့။ တရားအားထုတ်ရင် သီလဖြူစင်ဖို့အဓိက လိုအပ်ပါတယ်။ မဟာစည်ဆရာတော် ဘုရားကြီးက လူတွေ အနေနဲ့ ငါးပါး သီလ ပဲဖြစ်ဖြစ်၊ အာဇီဝဋ္ဌမက သီလ ပဲဖြစ်ဖြစ် ဆောက်တည် လိုက်ရင် သီလဝိသုဒ္ဓိ=သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ အာဇီဝဋ္ဌမကသီလထဲမှာ ဝိကာလဘောဇန= ညစာရှောင်ရတာမပါ ပါဘူး။ ကျန်းမာရေးအရ ညစာ မစားဘဲ မနေနိုင်သူတွေ အတွက် အထူးအားတက် အာရုံပြုစရာပါ။ ဆိုလိုတာက ညစာစားပြီးလည်း သီလဝိသုဒ္ဓိ= သီလဖြူစင်အောင် လုပ်လို့ရပါတယ်။ တရားအားထုတ်လို့ လည်းရပါတယ်။

နောက် ဆရာတော်ဘုရားကြီး ပြထားတာ ရှိပါသေးတယ်။ အထက်က ဝတ္ထုငါးပုဒ်နဲ့ စပ်ပြီး “ဒီလိုမကောင်း မှုမျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆုံးဖြတ်လိုက်ရင် လည်း သီလဖြူစင်သူ ဖြစ်သွားပါတယ်တဲ့။ “ကဲ…. လူတစ်ယောက် သီလ ဖြူစင်ဖို့အတွက် ဘယ်လောက် လွယ်သလဲ” နောက်ဆုံး “ဒီလို မကောင်းမှုမျိုးတွေ နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆုံးဖြတ်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ ရဟန်းတော် တွေကျတော့ အဲဒီလိုမရပါဘူး။ အပြစ်အာပတ် သင့်ရင် ဒေသနာ ကြားစရာရှိရင်ကြား၊ ပစ္စည်းစွန့်စရာရှိရင်စွန့်၊ ဝတ်ဆောက်တည်စရာရှိ ရင်ဆောက်တည် စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်မှ သီလစင်ကြယ်တာပါ။ ဒါတင်မကပါဘူး။ သာမန်အပြစ် အာပတ် ကလေးကအစ ရဟန်းတွေအနေနဲ့ ဈာန်မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို တားမြစ်ပါတယ်။ ရဟန်းသီလနဲ့ လူသီလ သိပ်ကွာပါတယ်။ “လူသီလ”က ပြောခဲ့တဲ့ (၇)မျိုးကို မကျူးလွန်ရ သေးဘူးဆိုရင် မဂ်ဖိုလ်ရဲ့ အန္တရာယ်ကို မတားမြစ်ပါဘူး။ နောက်ဆုံး လူတွေအနေနဲ့ သီလယူချိန်မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး”လို့ ဆင်ခြင်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပြီ ဆိုတော့ လူတွေအနေနဲ့ သီလဝိသုဒ္ဓိဖြစ်ဖို့ သိပ်လွယ် ပါတယ်။

တကယ်လို့များ “ဖွ… လွဲပါစေ၊ ဖယ်ပါစေ” ခုတင်ပေါ်မှာ သေရတော့မယ်ဆိုရင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မပြုတော့ပါဘူး” လို့ဆင်ခြင်လိုက်တာနဲ့ သီလဖြူစင်သူ ဖြစ်သွားပါပြီ။ အဲဒီသီလဖြူစင်မှုကို အခြေခံပြီး ကိုယ်ပွါးများ အားထုတ်နေကျ ကမ္မဋ္ဌာန်းလေးကို ပွားရင်းသေသွားရင် ကောင်းရာသုဂတိကို ရောက်သွားနိုင်ပါတယ်။ ဒါကလည်း အားထုတ်တဲ့ အလေ့အကျင့်က နဂိုကတည်းက ရှိထားမှပါ။ ရဟန်းကျတော့ “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ ဆင်ခြင်ရုံနဲ့ သီလ ဖြူစင်သူ မဖြစ်ပါဘူး။ ရဟန်းတစ်ပါးပါး နဲ့ ဒေသနာကြားပါမှ ပျောက်မှာပါ။ ဆိုလိုတာက အာပတ်သင့်ရင် တစ်ပါးတည်း သီလဖြူစင်သူ ဖြစ်အောင် လုပ်လို့မရပါဘူး။ အနည်းဆုံး ရဟန်းတစ်ပါးပါးကို အကူအညီယူပြီး ဒေသနာကြားပါမှ သီလဖြူစင်သူ ဖြစ်မှာပါ။ လူနဲ့ ရဟန်းက အဲဒီလို ကွာတာပါ။

သီလဖြူစင်အောင်လုပ်ဖို့ လူနဲ့ရဟန်းမှာ လူကပိုလွယ်ပါတယ်။ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း လုပ်လို့ ရသလို နောက်ဆုံးသေခါနီး ခုတင်ပေါ်မှာ သီလယူချိန် မရရင်တောင် “ဒီလို အကုသိုလ်မျိုးတွေ နောင်ဘယ်တော့မှ မလုပ်တော့ပါဘူး”လို့ စိတ်အဓိဋ္ဌာန် ဆုံးဖြတ်လိုက်ရုံပါ။ သီလဖြူစင်သူ ဖြစ်သွားတာနဲ့ ကိုယ်အားထုတ်နေကျ သတိပဋ္ဌာန် တရားကို ဆက်အားထုတ်သွားရုံပါပဲ။ ဒါတွေကို ထောက်ပြီး ဘာမှ အားငယ်စိတ်ဓါတ် ကျနေစရာမလိုပါဘူး။ သီလဖြူစင်အောင် လုပ်ပြီး ဆက်အားထုတ် သွားရုံပါပဲ။ ကိုယ့်ကိုယ်ကို အသစ် တည်ဆောက်နေတဲ့ ကာလမှာ အကုသိုလ်တွေကတော့ အာရုံတွေတွေ့တိုင်း တွေးတိုင်း ဝင်လာနေမှာပါ။ ဝင်လာသမျှ အကုသိုလ်ကို ပယ်လို့ရတဲ့ နည်းတွေနဲ့ ပယ်သွားရမှာပါပဲ။ အကုသိုလ်ပယ်တဲ့ နေရာမှာတော့ ဆင်ခြင်းပြီး ပယ်တာရယ်၊ ပွါးများပြီး ပယ်တာရယ်ကတော့ အထင်ရှားဆုံးပါပဲ။ အဲဒီနှစ်နည်းကို ရှေ့စာအုပ်တွေ ထဲမှာလည်း အသင့်အတင့် ရေးခဲ့ပြီးပါပြီ။ ဒီမှာတော့ ခပ်ကျဉ်းကျဉ်းပဲ ရေးပြရအောင်ပါ။

အကုသိုလ်စိတ် ရင်ထဲဝင်လာတဲ့အခါ “ဒီအကုသိုလ်တွေဟာ အပြစ်နှင့်တကွ မကောင်းကျိုးကို ပေးခြင်း လက္ခဏာရှိတယ်။ အပါယ်ငရဲကိုလည်း ကျစေတယ်။ ဘဝကိုလည်း ကမောက်ကမ ဖြစ်စေတယ်” စသည်ဖြင့် စိတ်ထဲကပဲ ဖြစ်ဖြစ်၊ အသံထွက်ပြီးပဲဖြစ်ဖြစ် ဆင်ခြင်လိုက်ရင် ပျောက်သွားတာ များပါတယ်။ ဒါက ဆင်ခြင်ပြီး ပယ်တာပါ။

အကုသိုလ်စိတ် ဖြစ်လာရင် သတိနဲ့ သိလိုက်ဖို့ပါ။ ဥပမာ- ဣဿာမစ္ဆရိယ စိတ်ဖြစ်ရင် အဲဒီဣဿာမစ္ဆရိယ စိတ်ကလေးကို တည့်တည့် စိုက်ကြည့်ပြီး “ဣဿာမစ္ဆရိယ စိတ်ကလေးက ဘယ်လိုလေးလဲ၊ ဘယ်လို သဘောလေး ဖြစ်နေတာလဲ” စသည်ဖြင့် သဘောလေးအထိ သိအောင် သတိကပ်ပြီး “ဣဿာမစ္ဆရိယ စိတ်ဖြစ်တယ် ဖြစ်တယ်”ဆိုပြီး ရှုမှတ်ပစ်ရမှာပါ။ ဒီလိုပါပဲ မကောင်းတဲ့ အတွေး၊ အကုသိုလ်ဖြစ်စေတဲ့ အတွေးကို တွေးမိပြန်ရင်လည်း တွေးတာကို ချက်ခြင်းသိပြီး “တွေးတယ် တွေးတယ် တွေး တယ် တွေးတယ်”လို့ ရှုမှတ်ပစ်ရမှာပါ။ မနက်ဖြန်အားမှပဲ မှတ်မယ်လို့ လုပ်လို့မရပါဘူး။ ချက်ချင်းသိ ချက်ချင်းမှတ်တဲ့ အလေ့လေးကို စွဲနေအောင် လေ့ကျင့် ထုံထားရပါမယ်။ ထုံထားရင် စွဲသွားတာများပါတယ်။

စိတ်ကိုရှုတာဆိုတော့ စိတ္တာနုပဿနာသတိပဋ္ဌာန်ဖြစ်နေတာပါ။ ဒါကို ကျေးဇူးတော်ရှင် မဟာစည် ဆရာတော် ဘုရားကြီးက “စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊ မှန်စွာသိရမည်”လို့ လိုရင်းအဓိပ္ပါယ် ထိထိမိမိနဲ့ လင်္ကာ စီပေးထားပါတယ်။ စိတ်အမူအရာ ဖြစ်တိုင်းဖြစ်တိုင်း သိသိနေပါတဲ့။ ကျေးဇူးတော်ရှင် ယောဆရာတော် ဘုရားကတော့ “ ရှေ့စိတ်ဖြစ်ဘိ၊ နောက်စိတ်သိ၊ သိတိုင်း အပူစင်”လို့ မကြာခဏ မိန့်ကြားလေ့ရှိပါတယ်။ ရှေ့စိတ်ဖြစ်နေတာ လေးကို နောက်စိတ်က လိုက်လိုက်သိနေပါတဲ့။ အဲဒီလို သိသိနေရင် အပူတွေကင်းစင်ပြီး အေးချမ်းနေပါလိမ့်မယ် လို့ ဟောပြထားပါတယ်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော် ဘုရားကြီးကတော့ “ အသေစိတ်ကို အရှင်စိတ်နဲ့ လိုက်မှတ် တာ”လို့ မိန့်ပေးပါတယ်။ ရှေ့ဖြစ်လိုက်တဲ့ အကုသိုလ်စိတ်က ဖြစ်ပြီးတာနဲ့ သေသွားပါပြီ ၊ နောက်က လိုက်မှတ်တဲ့ စိတ်က အရှင်စိတ်ဖြစ်သွားပါပြီ။ ဖြစ်တဲ့ အကုသိုလ်စိတ်နဲ့ မှတ်သိစိတ် တပြိုင်နက် မှတ်လို့မရတော့ မိုးကုတ်ဆရာတော် ဘုရားကြီးက အသေစိတ် အရှင်စိတ်ဆိုပြီး ခွဲပြပေးထားပါတယ်။

ပဋ္ဌာန်းသဘော အရဆိုရင် ခုလိုမှတ်လိုက်တာဟာ အကုသိုလ်ကနေ ကုသိုလ်ဖြစ်သွားတာပါ။ ဖြစ်တုန်းက အကုသိုလ်ပါ၊ မှတ်လိုက်တော့ ဘာဝနာကုသိုလ် ဖြစ်သွားပါတယ်။ ရှုမှတ်လိုက်လို့ အကုသိုလ်စိတ်က ဆက်ဖြစ်ချင်လည်း ဖြစ်မယ်၊ ရပ်ချင်လည်းရပ်သွားမယ်။ ဆက်ဖြစ်တာ မဖြစ်တာ သူ့အလုပ်၊ မှတ်ရမှာကတော့ ကိုယ့်အလုပ်ပါ။ သူ့အလုပ်၊ ကိုယ့်အလုပ် ခွဲထားရမှာပါ။ ရေးပြရတာ သာလွယ်တာ ကျင့်သုံးဖို့ကျတော့ ခက်နေပြန်ရော။ ခက်တာကို ခက်တဲ့အတိုင်း ထားရင် တော့ခက်ပြီးရင်း ခက်နေတော့မှာပါပဲ။ ဒီလိုပါပဲ လေ့ကျင့်ရင်းနဲ့ ခက်တာကို လွယ်အောင် လုပ်ယူရမှာပါပဲ။

ချမ်းမြေ့ ဆရာတော် ဘုရားကတော့ “ရေများရေနိုင် မီးများမီးနိုင်”လို့ မိန့်ထားပါတယ်။ ရှုမှတ်စိတ်က အားကောင်းရင် ရှုမှတ်စိတ်က နိုင်သွားမှာပါ။ အကုသိုလ် ဖြစ်တဲ့စိတ်က အားကောင်းရင် အကုသိုလ်စိတ်က နိုင်သွားမှာပါပဲ။ ဖြစ်တဲ့ အကုသိုလ်စိတ်ကို မရှုဘဲ ဒီအတိုင်းထားရင် အကုသိုလ်စိတ်ကပဲ အမြဲနိုင်နေတော့မှာပါ။ ဒီနေရာမှာ လူနှစ်ယောက်ကို ခွဲခြားပစ်ရမှာပါ။ ပထမတစ်ယောက်က ကိုယ့်ကိုယ်ကို အကုသိုလ်စိတ် ဖြစ်တာကို ဖြစ်မှန်း မသိဘဲ ဖြစ်ကြောရှည်ပြီး ဆက်ကာဆက်ကာ ဖြစ်နေတဲ့သူပါ။ ဒုတိယ တစ်ယောက်ကတော့ ပုထုဇဉ်အားလျော်စွာ မနှစ်သက်တဲ့ အာရုံကိုတွေ့ပြီး အကုသိုလ်တော့ ဖြစ်လိုက်တာ ပါပဲ။ ဒါပေမယ့် ဖတ်ဖူးထားတဲ့အတိုင်း၊ နာကြားဖူးထားတဲ့ အတိုင်း ဖြစ်တဲ့အကုသိုလ်ကို ဖြစ်တဲ့အတိုင်း ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့သူပါ။

ဒီတော့ ဒီလူနှစ်ယောက်မှာ ကိုယ်ဟာ ဘယ်ထဲပါမလဲဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမှာပါပဲ။ လောလောဆယ် အကျိုးကတော့ အကုသိုလ်စိတ်ဖြစ်ပြီ ဆိုရင် ဖြစ်တဲ့သူက အရင်စိတ်ဆင်းရဲရ တော့တာပါ။ ဒါတင်မကပါဘူး။ အကုသိုလ် စိတ်ဖြစ်တဲ့သူနဲ့ ဆက်နွယ်နေတဲ့ မိဘ ညီအစ်ကို မောင်နှမ မိတ်ဆွေ ဆရာသမား ရဟန်းစသည်တွေပါ အကုန် စိတ်ဆင်းရဲရတော့တာပါ။ ဖြစ်သူတစ်ယောက်ထဲတင် စိတ်ဆင်းရဲရတာ မဟုတ်ပါဘူး။ ဆက်စပ်သူမှန်သမျှ အကုန်လိုက် လောင်တော့တာပါပဲ။ ဒါကြောင့် ပုထုဇဉ်အားလျှော်စွာ ဖြစ်ဦးတော့ ဖြစ်တာနဲ့ ချက်ချင်းသိပြီး ရှုမှတ်ပစ်တဲ့ သူထဲမှာပါအောင် ကြိုးစားရမှာပါ။

တစ်ခါတလေ စာရေးသူက ယောဆရာတော်ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ်ဆိုတာက ဆရာတော်ကို ကိုယ်မေးချင်တာ မေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူမသိစေချင်လို့ပါ။ တစ်ခါမှာတော့ နောက်မှာလည်း လူရှိမရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား…. တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲရ ပါတယ်ဘုရား။ ဘယ်လိုပယ်ရပါမလဲ”လို့ မေးတော့ ဆရာတော်ဘုရားက…. “ဖြစ်တဲ့အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ်ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ် ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့ သာသနာမှာဘာမှလုပ်စရာအလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာ နှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့”လို့ မိန့်ပြပါတယ်။

ဆရာတော်ဘုရားက အကုသိုလ်ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘောထား ရပါမယ်တဲ့။ ဆရာတော်ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။ လက်ဝှေ့ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်းထိုးနေရင် ကြည့်လို့မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူးဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေးတော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။ ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒအရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ်စိတ်ကို ပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။ အကုသိုလ် စိတ်ရယ်၊ ရှုမှတ်စိတ်ရယ် ပြိုင်ရတော့မှာပါ။

ဒီတော့ဆရာတော့် သြဝါဒအတိုင်း အကုသိုလ်စိတ် ဝင်လာရင် “ကဲ..ကိုရွှေအကုသိုလ်ရေ မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲနိုင်မလား၊ ငါကပဲနိုင်မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်းပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေဟာ နှစ်စိတ်သုံးစိတ် ပြိုင်ဖြစ်လို့မရပါဘူး။ တစ်စိတ်စီပဲဖြစ်ကြရတာပါ။ တစ်ယောက်ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။ ပြိုင်ပြီဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့်နေတာပါပဲ။ ဒီတော့ အကုသိုလ်စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့်ပစ်မယ်”ဆိုပြီ စိန်ခေါ်ရမှာပါ။ ဣဿာမစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ်ပစ်ရုံပါပဲ။


ဒါကတော့အကုသိုလ်ကို ပွါးများပြီးပယ်ပုံ အကျဉ်းပါပဲ။

မှတ်ချက်။ ဆက်လက်ဖေါ်ပြပေးသွားပါမည်။