“စိတ်ဓာတ်မှန်ပြင် မြူမတင် ဖြူစင်တောက်ပစေရမည်”
သစိတ္တ ပရိယောဒါပနံ အရ
မိမိစိတ် ဖြူစင်စေရခြင်းဆိုသည်မှာ အရှက်ကြောက်မဲ့ရာမှ လွန်ကျူးလေ့ ရှိတတ်သော ကိလေသာတရားကိုယ်များကို အရှက်အကြောက် ကြားခံထားလျက်က အဖြူဘက် ပြောင်းပေးနေခြင်းပင်တည်း။

စိတ်သည် …
ပင်ကိုအားဖြင့် ဖြူစင်တောက်ပသော သဘောကို ဆောင်ထား၏ ။
ကိလေသာကင်းဝေးစဉ်၌ဖြစ်သော စိတ်တန်ခိုးသတ္တိများနှင့် ဖြူစင်တောက်ပမှုသည် လောကတွင်းရှိ မည်သည့်အရောင်အလင်းများနှင့်မျှ နှိုင်းခိုင်းစရာ မမြင်ပြီ။
ဤမျှ ဖြူစင်တောက်ပနေသော စိတ်တန်ခိုး၊ စိတ်သတ္တိကို ပင်ကိုအားမျှ နိမ့်ကျစေပြီး မည်းညစ်အောင် ပြုလုပ်ပေးသူမှာ ကိလေသာပင်ဖြစ်သည်။

သို့ကြောင့်လျှင် ထိုကိလေသာကို
ပူပန်စေတတ် နှိပ်စက်တတ်သောသဘော၊ စိတ် ကြည်လင်လန်းဆန်းကို ညစ်နွမ်းစေတတ်သော သဘောဟူ၍ ဘုရားရှင် ဟောတော်မူခဲ့သည်။
သန့်ပြန့်စင်ကြယ်နေသောစိတ် ကိလေသာ အထိုးအကြိတ်ခံလိုက်ရသော် မီးကျွမ်းခံရသော မီးဒဏ်သင့်ပစ္စည်းပမာ မည်းတူသွားရာ၏ ။ လန်းဆန်းတက်ကြွနေသော စိတ်၊ ကိလေသာ အဖိအနှိပ် ခံလိုက်ရပါသော အခိုင်းနာထားသောနွား အင်အားနွမ်းပါးနေသည်ပမာ ညစ်နွမ်းသွားရာ၏ ။

ကိလေသာဆယ်မျိုး
ဖြူစင်နေသောစိတ် မည်းညစ်အောင် နှိပ်စက်လေ့ရှိသော ထိုအရာတို့မှာ …
၁။ လောဘ ဆာလောင်ပြင်းပျစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၂။ ဒေါသ မုန်းငြိုးပစ်မှားစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၃။ မောဟ အဖြစ်မှန်ကို မသိစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၎။ မာန အထင်ကြီးလျက် မြတ်နိုးနှစ်သက်စေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၅။ ဒိဋ္ဌိ အမှန်မသိ ထင်ရာငြိစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၆။ ၀ီစိကစ္စာ အမှန်မပြ ဝေခွဲမရစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
ရ။ ထိနမိဒ္ဓ ကိုယ်စိတ်နှစ်ဝ နွမ်းလျတွေဝေစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၈။ ဥဒ္ဓစ္စ ကိုယ်စိတ်နှစ်ပါး တခြားစီသွားနေစေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၉။ အဟိရိက အမြင်မသက် ဘာကိုမျှ မရှက်စေခြင်းဖြင့် အဖြူမှအမည်းသို့ ပြောင်းလဲပေးနေသူ ၊
၁၀။ အနောတ္တပ္ပ အမြင်မပေါက် ဘာကိုမျှ မကြောက်စေခြင်းဖြင့် အဖြူမှအမည်း သို့ ပြောင်းလဲပေးနေသူ ၊
ထိုဆယ်မျိုး တစ်မျိုး တစ်မျိုးစီးပိုးခံနေရသော သတ္တ၀ါတိုင်း အဖြူဆိုမည်း၍ အမည်းဖြစ်က ညစ်သထက်ညစ်ဘ၀သို့ လှလှကြီး ရောက်ရချေပြီ။

ဘာဝနာပရိကံများ
ဘာဝနာပရိကံဆိုသည်မှာ …
သရဏဂုံသုံးပါး တစ်ဂုဏ်ဂုဏ်မပွားမီ ရှေ့ပြေးထားရမည့် စိတ်ထားများကိုပင် ဆို၏ ။ သရဏဂုံပွားသည် ကမ္မဋ္ဌာန်းထိုင်သည်ကား အတူတူပင် ။
ထိုသရဏဂုံသည် စိတ်မည်းမှ စိတ်ဖြူ လဲလှယ်ယူရာ၏ ကိရိယာတည်း။
ထိုသရဏဂုံသည် အရိုင်းမှအယှဉ် မေတ္တာစိတ်ဝင်ရာ၏ လမ်းမတည်း။ ထိုသရဏဂုံ မပွားထုံမီ
၁။ ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ ရက်ရက်စက်စက်ကြီး ကျင့်မည်ဟူသောစိတ်ထား။
၂။ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ဖြောင့်မှန်စေမည်ဟူသော စိတ်ထား။
၃။ ကိုယ်နှုတ်ဖွင့်ရာ စေတနာပါပင် ဖြောင့်မှန်စေ့မည်ဟူသောစိတ်ထား။
၎။ ဘုရားစကား ဆရာသမား စကားတစ်ထစ်ချ နားထောင်မည်ဟူသော စိတ်ထား။
၅။ နူးညံ့သောသဘောထား ငါမ]အမြဲထားမည်ဟူသော စိတ်ထား။
၆။ ထောင်လွှားတက်ကြွ မာန်မာနအ၀၀ကိုလည်း ချိုးနှိမ်ချထားမည်ဟူသော စိတ်ထား။
၇။ တရားသောက အခြားသောက ငါ့ဆီ မ၀င်စေရဟူသော စိတ်ထား။
၈။ စိတ်အလို ကိုယ်မလိုက် ထိုက်သင့်ရာလေးဖြင့်သာပြီးပြေအံ့ဟူသော စိတ်ထား။
၉။ မလုပ်မဖြစ်သောကိစ္စမှတစ်ပါး တခြားပြုဖွယ်ရာ ငါစွန့်ပယ်မည်ဟူသော စိတ်ထား။
၁၀။ သရဏဂုံပွား ဘာဝနာတရားများ လျင်မြန်စွာ တိုးပွားစေမည်ဟူသော စိတ်ထား။
၁၁။ စိတ်လည်းလုံ အာရုံလည်း မများစေရန် မျက်စိစသည် တံခါးများ အမြဲပိတ်ထားမည်ဟူသော စိတ်ထား။
၁၂။ ကိလေသာအလိုဆိုးအတွင်း ၀င်စီးပိုးနေသည်ကိုလည်း ဖျက်ချိုးချထားခဲ့တော့မည်ဟူသော စိတ်ထား။
၁၃။ ခန္ဓာဝန် ခန္ဓာကိစ္စ ကျဉ်းနိုင်သမျှ ကျဉ်းစေမည်ဟူသော စိတ်ထား။
၁၄။ ဆွေမိတ်မျိုးမိတ်တို့သို့ ငြိနေသောစိတ်ကိုလည်း မချိတ်မိစေရန် ပြုပြင်ထားမည်ဟူသော စိတ်ထား။
၁၅။ ပညာရှိတို့ ပညာမျက်စိဖြင့် အကြည့်ခံနိုင်ရန်လည်း ကြိုးစားမည်ဟူသော စိတ်ထား။
ဤစိတ်ထား တစ်ဆယ့်ငါးမျိုးတို့သည်ကား …
ကိုယ့်အကျိုး ကိုယ့်စီးပွား တကယ်လိုလားသဖြင့် သရဏဂုံပွား စိတ်ကုစားမည့် သူတော်ကောင်းများ ယင်းသရဏဂုံ မပွားမီ ထားရှိရမည့် စိတ်ထားများတည်း။
သို့မဟုတ် ….
သရဏဂုံလည်းပွား သည်စိတ်မျိုးလည်း ထား၊
ဆိုလိုသည်မှာ
ဤ ငါ၏ ကိုယ်ခန္ဓာသည်ကား သိုးကုတ်ပုပ်ကုန်ဆိုလည်း ဟုတ်၏။
သေလျှင် ထားပစ်ခဲ့ရမှာကလည်း သေချာ၏ ။
ငါ ရရှိခံစားရမည့် တရားကား သိုးလည်းမသိုး ပုပ်လည်း မပုပ်။
တစ်ဘ၀၌ ရရှိသောတရား တစ်ဘ၀ထားပစ်ခဲ့ရသည့် အစားမျိုးလည်း မဟုတ်ချေ။
သို့ကြောင့် ခန္ဓာနှင့်တရား အလဲလှယ်ထား ငါကြိုးစားမည်။
တစ်ဖန်
ကာမအရသာကား တိရစ္ဆာန်အလား၊ လူအလား၊ နတ်အလား ဘ၀မခြားပင် ခံစားခဲ့ရဖူးပြီ။
ဓမ္မအရသာကား မြည်း၍မျှ မကြည့်မိ၊ ခံစားခွင့်အထိ မရောက်ရှိသေးချေ။
သို့ကြောင့် အဆန်းကိုသာ ကြိုက်လေ့ရှိသော ငါ့စိတ်ကို အရိုးဆုံးအဆန်းဖြစ်သည့် တရားအရသာများ ခံစားစေမည်။
ဤသို့ ကာမအာရုံဘက် ညွတ်လျက်ရှိသော စိတ်ကလေးကို ဓမ္မအာရုံဘက် သက်စေ၍ နိဗ္ဗာန်ဘက် သွက်သွက်ကလေးထွက်ရန် ရှေ့ပြေးလမ်းခင်းဟူလို။
ထို ရှေ့ပြေးလမ်းခင်း စိတ်နှလုံးသွင်း မပါချေက
နိဝရဏအတား ကိလေသာတို့အကြား ဖြတ်သွား သွားရလေသောအခါ အထိနာတတ်သည်။


မတောင်းခင်ကသူ့ကြွေး ကြိုတင်ပေးထား
ထိုသို့ ဘာဝနာအခြေတည် ပရိကံများ ဆင်ခြင်ပြီးနောက်
မြင်အပ် မမြင်အပ် သတ္တ၀ါအထွေထွေတို့သို့လည်း မေတ္တာဓာတ် ပို့လွှတ်၊
ကြောက်တတ် မကြောက်တတ် သတ္တ၀ါအရပ်ရပါသို့လည်း မေတ္တာဓာတ် ပို့လွှတ်၊
ဘ၀ဇာတ်ဆုံး မဆုံးသေးသော သတ္တ၀ါအရပ်ရပ်သို့လည်း မေတ္တာဓာတ် ပို့လွှတ်၊
ထို မေတ္တာဓာတ် ပို့လွှတ်ခြင်းကား …
ရန်မိတ်နှစ်ပါး မိမိအပေါ် အတေးထား အကြွေးထားများသို့ ပေးလျော်လိုက်ခြင်းတည်း။

က။ ရန်သူတို့ အာဃာတစိတ်ဖြင့် မိမိသို့ စိတ်ညွတ်နေဆဲဖြစ်နေသော် အာရုံကိုင်၍ တရားထိုင်ရာဝယ် မိမိစိတ် အထိုင်မကျ ဖြစ်တတ်လှချေသည်။

ခ။ မိတ်ဆွေတို့ သောကစိတ်ဖြင့် မိမိသို့ စိတ်လွှတ်နေဆဲ ဖြစ်နေသော် တရားအာရုံအကြား မိမိစိတ် မည်သို့ထားထား ကစားနေတတ်လှချေသည်။

ဂ။ တရားမထိုင်ခင် မိမိစိတ်ကပင် ထိုသူတို့အကြား သွားကျက်စားနေခဲ့သော် တရားအာရုံပြုလိုက်သည် နှင့် ထိုစိတ်ကြမ်း သရမ်းလာတတ်လှချေသည်။

ထိုအချက်များကြောင့် တရားထိုင်အံ့ဆဲဆဲ မေတ္တာဓာတ် ပို့လွှတ်ရခြင်းတည်း။

ထိုသို့ ပရိကံလည်းထား မေတ္တာလည်း ပွားပြီးသော် …
မိမိနှစ်သက်ရာ ကမ္မဋ္ဌာန်းနည်းတစ်ပါးပါး လက်ကိုင်ထားကာ သရဏဂုံပွားများခြင်းကိစ္စ ဆောင်ရွက်ကြရ၏ ။
အာရုံမဆိတ် တံခါးထိပ် ထိုးကြိတ်နေတတ်သည်။
သရဏဂုံ ပွားထုံခြင်းသည်
အာရုံငါးပါးတို့အကြား ကစားနေသော စိတ်ကလေးကို ဘုရားစသော အာရုံအကြား သွားရောက်၍ ထားပေးရသည့်ကိစ္စပင် ဖြစ်ရာ …
အာရုံမဆိတ်ငြိမ်က ဣနြေ္ဒလည်းမရ မည်းစိတ်လည်း ထကြွတတ်ချေသည်။

သို့ကြောင့် သရဏဂုံပွား ကမ္မဋ္ဌာန်းသမားသည်

က။ အာရုံကင်းဆိတ်ရား နေရာကိုလည်း ရွေးချယ်ရာ၏ ။
ခ။ နေရာမရသော် အာရုံကင်းဆိတ်ချိန်ကိုလည်း စောင့်ဆိုင်းရာ၏ ။


မြူမှောင်ကင်း လမင်းသာ
တရားရှုမှတ်မှုသည်
စိတ်ကို ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်ရေးပင်ဖြစ်၏ ။
နိမ့်ကျနေသောစိတ်အား မြှင့်တင်ပေးရန်လည်း ဖြစ်၏ ။
မြုပ်နေသောစိတ်အား မြှင့်တင်ပေးရန်လည်း ဖြစ်၏ ။
ပူပန်ကြောင့်ကြနေသော စိတ် အေးဆေးတည်ငြိမ်လာစေရန်လည်း ဖြစ်၏ ။
သို့ကြောင့်
ထိုတရားရှုမှတ်မှုသည် စိတ်ပြုပြင်ရေးကရိယာဆိုက မမှားတန်ရာချေ ။
ထိုစိတ် ကိလေသာတို့မှ ကင်းဝေးစင်ကြယ်လာချေသော်
စိတ်တန်ခိုး၊ စိတ်သတ္တိ ပင်ကိုအားများသည်လည်းကောင်း၊
စိတ်တည်ကြည်ရာမှဖြစ်သော ဖြူစင်တောက်ပမှု အလင်းရောင်အားများသည် လည်းကောင်း
တိမ်တိုက်မှ လွတ်ထွက်လာသော လပမာ အစွမ်းပြသာလာချေ၏ ။

က။ ဘုရားရှင်သည်ကား
ဖြည့်ကျင့်တော်မူခဲ့ရသော ပါရမီတော်များ၏ သက်တမ်း ၊
ဖြည့်ကျင့်တော်မူခဲ့ရသော ပါရမီတော်များ၏ အရေအတွက် ၊
အရင်းတည်ခဲ့ရသော အဓိပတိလေးပါးတို့၏ စွမ်းဆောင်ချက်အားများကြောင့်
စိတ်တော်၏ ကြည်လင်မှုကလည်း မည်သူမျှ တုမရချေ ။
အရောင်တော်၏ တောက်ပအားကလည်း မည်သူမျှ လိုက်မမီချေ။
အရောင်တော်၏ တောက်ပချိန်ကိုလည်း ကန့်သတ်၍ မရပါချေ။
ထိုရောင်လျှံတော်သည် အလိုတော်ရှိက နေအထောင်၊ လအထောင်မျှမက အလိုတော် ပြည့်ဝစေသည်။ ဤသည်မှာ စိတ်တန်ခိုး၏ စွမ်းအားပင် မဟုတ်လော။

ခ။ သာဝကတို့မှာမူကား
ပါရမီတော်ဖြည့်ကျင့်ကြရာဝယ် ဘုရားရှင်၏အောက် အချို့ကားထက်ဝက်၊ အချို့ကား သုံးချိုးတစ်ချိုး၊ အချို့ကား သုံးချိုးတစ်ချိုးမပြည့်၊ အချို့ကား အစွန်းထွက်မျှသာ။ သက်တမ်းအရေအတွက် စွမ်းဆောင်ချက်များ ယုတ်လျော့ဖြည့်ကျင့်ကြလေရာ ပွင့်ရာ၌လည်း ဘုရားလောက် မပြည့်ဝပါချေ။
ထိုသာဝကတို့ရှိ စိတ်သတ္တိအလင်းရောင်များသည် …
ပယ်တုန်းသာလင်း၍ လင်းတုန်းသာ ပယ်အားဖြင့် တစ်ပိုင်းတစ်စမျှကိုသာ စိတ်တွင်းသာလင်၍ ကိုယ်တွင်းသို့ကား မချဉ်းမဆင်း စိတ်သတ္တိမျှ ပြသခြင်း။


ဂ။ အားထုတ်ဆဲသော ယောဂီတို့မှာမူကား …
ပီတိဈာန်အင်္ဂါများ အထူးအားကောင်းလာသောအခါမျိုးတွင်သာ အလင်းထွက်တတ်ကြ၏ ။
ထိုအလင်းသော်မှလည်း ၄င်းတို့၏ အဓိပတိအားသို့လိုက်၍
အချို့ကား စိတ်တွင်းမျှလောက်သာ မြူညစ်ကင်းရှင်းဉာဏ်အလင်း ပြတတ်ချေ၏ ။
အချို့ကား စိတ်ဝယ်မဆံ့ ကိုယ်အနှံမှ ပြင်ပအထိ ဆန့်ထွက်လာတတ်၏ ။
အချို့ကား သမ္ပသနဉာဏ်အဆင့်ကပင် စတင်ကွန့်မြူးတတ်၏ ။
အချို့ကား ဥဒယဗ္ဗယဉာဏ်လောက်ကျမှ စတင်ထွက်ပြူလာတတ်၏ ။

ကောက်ချက်ချသော်

အလင်းရောင်သည် ကိလေသာ အညစ်အကြေး ကင်းဝေးခြင်းကြောင့်တည်း။
အလင်းရောင်သည် ပင်ကိုယ်စိတ် တန်ခိုးစိတ်သတ္တိ ပေါ်လွင်တက်ကြွလာခြင်းပင်တည်း။
အလင်းရောင်သည် စိတ်၏ ဖြူစင်အား၏ ရောင်ပြန်နိမိတ်တစ်မျိုးတည်း။
ထိုတွင် …
စိတ်တွင်၌သာ လင်းထင်နေခြင်မျိုးကို စိတ္တသမုဋ္ဌာန်အလင်း၊
ကိုယ်၏ပြင်ပ ဗဟိဒ္ဓအထိ လင်းနေခြင်းမျိုးကို ဥတုသမုဋ္ဌာန်အလင်း၊
ဤသို့လည်း အလင်းနှစ်မျိုး၏ အထူး ခွဲခြား မှတ်သားခဲ့လေဦး။
စိတ္တသမုဋ္ဌာန စိတ်၌တည်လျက်ကရှိသော အလင်းအား၊
ဥတုသမုဋ္ဌာန ဥတုဇရုပ်ရှိ အခိုးအရှိန်အားများကပါ လိုက်ပါလာသော အလင်းအား။


သိက္ခာသုံးဆင့်တို့၏ လိုရင်းအကျဉ်းချုပ်
ထိုသိက္ခာသုံးဆင့်က ဘာကို ကိုယ်စားပြုသနည်း …
၁။ မကောင်းမှုမှန်သမျှ ဘာတစ်ခုမျှမပြုကျင့်စေရခြင်း
သဗ္ဗပါပဿ အကရဏံ၊
၂။ ကောင်းမှုမှန်သမျှ တစ်ခုမကျန် ပြည့်စုံရပြန်ခြင်း
ကုသလဿုပ သမ္ပဒါ၊
၃။ မိမိစိတ် ဖြူစင်စွာထားရခြင်း
သစိတ္တပရိယောဒါပနံ
ဘုရားရှင်တိုင်း၏ ထိုသုံးခွန်းမျှ အဆုံးအမကို ကိုယ်စားပြု၏ ။
သို့ကြောင့် ထိုသုံးခွန်းမျှသော ဘုရားရှင်တိုင်း၏ အဆုံးအမတော်သည် …
၁။ သဗ္ဗပါပဿအကရဏံဖြင့် သီလသိက္ခာကို ညွှန်းဆို၏ ။
အဘယ်ကြောင့်ဆိုသော် မကောင်းမှု မပြုကျင့်ဘဲနေရာ၌ သီလမစင်ကြယ်ဘဲနှင့်
မဖြစ်နိုင်သောကြောင့်တည်း။
၂။ ကုသလဿုပသမ္ပဒါဖြင့် သမာဓိသိက္ခာကို ရည်ညွှန်း၏ ။
အဘယ်ကြောင့်ဆိုသော် ကောင်းမှုကို ဖြည့်ကျင့်ရာ၌ စိတ်မစင်ကြယ်ဘဲနှင့်
ကောင်းကျိုးမရနိုင်သောကြောင့်တည်း။
၃။ သစိတ္တ ပရိယောဒါပနံဖြင့်ကား ပညာသိက္ခာကို ရည်ညွှန်း၏ ။ အဘယ်ကြောင့်ဆိုသော် စိတ်ကို
ဖြူစင်စေရာ၌ ရန်နှင့်မိတ်၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို့ကို ဧကန်ပိုင်းခြား
ခွဲခြားအားမပါဘဲနှင့် မဖြစ်နိုင်လွန်းသောကြောင့်တည်း။

သို့မဟုတ် …
သီလသိက္ခာက ဒုစရိုက်မှုထိုဆယ်ခု တစ်ခုမကျန် တော်လှန်သုတ်သင်၊
သမာဓိသိက္ခာစုက သမထမှု စိတ်လုံးစု စုစည်းဖွဲ့ချည် အာရုံတည်၊
ပညာသိက္ခာစုက ဖြစ်မှုပျက်မှု ကွဲအောင်ရှု၊ ချုပ်မှုဦးတည် ရှေ့သို့ချီ။
ဤကား သိက္ခာသုံးဆင့်တို့၏ လိုရင်းအကျဉ်းတည်း။
ကျင့် - တည် - သိ ဟူသော သိက္ခာသုံးဆင့် ဆင့်လျက်တည်ရှိရာတွင်
ကျင့်ရုံမျှဖြင့်လည်း မကျေနပ်မူ၍
တည်ရုံမျှဖြင့်လည်း မကျေနပ်မူ၍
အသိသို့ ဆိုက်စေသည်အထိ ဖြည့်ကျင့်ခြင်းဖြင့်
မကောင်းရာကို ရှောင်ခြင်း၊ ကောင်းရာကို ဆောင်ခြင်း၊ စိတ်ကို ဖြူစင်အောင်ထားခြင်းအမှု ပြုစုနိုင်ကြပါစေသတည်း။

ဝန၀ါသီဉေယျဓမ္မသာမိထေရ်(မဟာဗောဓိမြိုင်ဆရာတော်)