ကံစွမ်းကို ဉာဏ်စွမ်းနဲ့ အသုံးမချတတ်ဘဲ ကံဟောင်းတွေကို များများခံစားမိခြင်းဟာ ကံဆိုးကံတိုးတွေကို မတန်တဆ များများပေးဆပ်ရစမြဲ ဖြစ်တယ်။


‘သဗ္ဗေသတ္တာ ကမ္မသကတာ - သတ္တ၀ါတိုင်းဟာ ကောင်းကံဆိုးကံတို့ရဲ့ ကောင်းမွေဆိုးမွေများ ဖြစ်ကြတယ်’ ဆိုတဲ့ ကမ္မသကတ သမ္မာဒိဋ္ဌိနဲ့ ယှဉ်တဲ့ သဒ္ဓါတရားဟာ ဗုဒ္ဓဘာသာဝင်တိုင်း အပြည့်အ၀ လက်ခံရမယ့် အခြေခံယုံကြည်ချက် ဖြစ်ပါတယ်။


လူတိုင်း လူတိုင်း ယခုဘ၀မှာ ရရှိပိုင်ဆိုင်ထားပြီလို့ ထင်မှတ်စွဲယူထားတဲ့ ‘အရှိ’ တရားများဆိုတာ အကျဉ်းချုပ်လိုက်ရင် ငါ ငါလို့ပြောနေကြတဲ့ ဒီခန္ဓာအစုအဝေးကြီးရယ်၊ ဒီခန္ဓာကြီးနဲ့ ကံချင်းဆက်စပ်မှုကို အကြောင်းပြုသံယောဇဉ်ကြိုးများနဲ့ဖွဲ့နှောင်ထားတဲ့ မိဘ၊ သားသမီး၊ ဇနီးခင်ပွန်း၊ သားချင်းပေါက်ဖော် စတဲ့ အတွယ်အတာများရယ်၊ ဒီခန္ဓာ ကိုယ်ကြီးကို အရင်းတည်ပြီး ရှာဖွေရယူထားတဲ့ စီပွားဥစ္စာတွေရယ် ဒီသုံးမျိုးပါပဲ။


ဒီအရှိတရား သုံးမျိုးလုံးဟာ အတိတ်ကံဟောင်းနဲ့ ပစ္စုပ္ပန်ကံသစ်တို့ ပေါင်းဆုံပြီး ဖြစ်ပေါ်လာကြတာဖြစ်လို့ ကံစွမ်းတွေလို့ ဆိုနိုင်ပါတယ်။
ဒီကံစွမ်းဖြစ်တဲ့ ‘အရှိ’ တရားတွှေဟာ ဉာဏ်စွမ်း ‘အသိ’ တရားနဲ့ အသုံးမချတတ်ရင် ကံဟောင်းကံစွမ်းတွေကို များများခံစားရသလောက် ကံဆိုးကံတိုးတွေကို များများပေးဆပ်ရစမြဲ ဖြစ်ပါတယ်။


ဒီလို ပေးဆပ်ရတာကိုပဲ ရှေးသူတော်စင်ကြီးများကတော့ ‘အရှိကို အသိကနိုင်အောင် မထိန်းနိုင်တဲ့အတွက် အရှိနှိပ်စက်တာကို ခံရတယ်’ လို့ မှတ်ချက်ချတော်မူကြပါတယ်။
ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အရ အရှိနှိပ်စက်တဲ့ဒဏ်က လွတ်မြောက်ချင်ရင် အရှိကို အသိနဲ့ နိုင်အောင် ထိန်းပြီး အသုံးချတတ်အောင် ကြိုးစားရမယ်လို့ ဆိုပါတယ်။


(စကားလုံး သုံးသပ်ရလွယ်ကူအောင် ကံစွမ်းကို ‘အရှိ’ ၊ ဉာဏ်စွမ်းကို ‘အသိ’ လို့ပဲ သုံးလိုက်ပါမယ်။)


မှန်ပါတယ်။ အရှိတရားများလို့ လူတွေ ထင်မှတ်စွဲလမ်းနေတဲ့သုံးမျိုးသုံးစားထဲမှာ ဒီဘ၀လို့ ပြောပြောနေကြတဲ့ ခန္ဓာကိုယ်အစုအဝေးကြီးဆိုတာဟာ တကယ်တော့ ကံအပေါင်ကြေးပေးပြီး ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရားလေးမျိုးနဲ့ စောင်ထိန်းစောင့်ရှောက်ထားရတဲ့ အငှါးပစ္စည်းမျှသာ ဖြစ်ပါတယ်။ အချိန်တန်ရင် ပြန်ပေးရမြဲဖြစ်လို့ ဘယ်သူမှ အပိုင်မရနိုင်ပါဘူး။


လူ့ဘ၀လို သုဂတိဘုံသားဖြစ်ဖို့အတွက်ဆိုရင် ပေးရတဲ့ကုသိုလ်ကံကြေးကလည်း ကြီးမားခဲ့သလို စားဝတ်နေရေး၊ ကျန်းမာရေးအတွက် နေ့စဉ်ပေးနေရတဲ့ အတိုးကလည်း ကြီးမားပါတယ်။

အတိုးကြီးတဲ့ အငှားဆိုတာ အမြတ်များအောင် အသုံးမချတတ်ရင် အရှုံးကြီးမားမြဲဖြစ်တာ ဓမ္မတာပါပဲ။ ခုလက်ရှိ လူ့ဘ၀လို သာသနာတော်နဲ့ ကြုံရဖို့ ဆိုတာက ဘုရားရှင်ဟောကြားခဲ့သလို တကယ့် ‘ဒုလ္လဘ’ တရားကြီးဆိုတာ သတိပြုကြရမှာပါ။ ကောသလအိမ်မက်ထဲက ‘တစ်သိန်းတန်ရွှေခက် ရက်တက် (စိမ်ရည်)နဲ့ လဲသောက်’ ဆိုသလို ရခဲတဲ့ ဒုလ္လဘရတနာကို တစ်ဘ၀စာတောင် မသေချာတဲ့စည်းစိမ်ဥစ္စာများနဲ့ အပြီးတိုင် လဲလှယ်မပစ်မိကြအောင် ကိုယ့်ဘ၀ကိုယ် တန်ဖိုးထား အသုံးချတတ်ဖို့ အရေားကြီးပါတယ်။


မြတ်ဗုဒ္ဓရဲ့ အဆုံးအမများနဲ့အညီ အရှိကို အသိနဲ့ အသုံးချတတ်ဖို့အတွက် အရှိတို့ရဲ့သဘောအမှန်ကို သိအောင် ကြိုးစားရပါလိမ့်မယ်။ သတ္တ၀ါတို့ကျင်လည်နေရတဲ့ သံသရာဆိုတာဟာ ထောက်ရာ၊ တည်ရာ အခိုင်အမာမရနိုင်တဲ့အတွက် ရေပြင်နဲ့ပမာတူတယ်လို့ ဆိုလိုပါတယ်။ သံသရာရေပြင်မှာ ဖြစ်နေရတဲ့ ဘ၀ခန္ဓာဆိုတာ တကယ်တော့ အငှားနဲ့ ခဏရထားတဲ့ လှေငယ်လေးတစ်ခုမျှသာဖြစ်တယ်။ ကောင်းဆိုးနှစ်တန် လောကဓံလှိုင်းပုတ်သလို လှုပ်နေရပြီး ရေဆန်ကို လှေမဆန်နိုင်ရင်တော့ ဖြစ်ချည် ပျက်ချည် မြုပ်ချည် ပေါ်ချည်နဲ့ မျော နေကြရမှာပါ။


အခုလို သာသနာတော်နဲ့ ကြုံခိုက်မှာ မြတ်ဗုဒ္ဓတည်ဆောက်ပေးခဲ့တဲ့ ရွှေဖောင်မဂ္ဂင် သင်္ဘောယာဉ်ကြီး စီးခွင့်ကြုံတုန်း အပိုင်စီးပြီ လိုက်နိုင်သူတို့သာ ထောက်တည်ရာ တစ်ဖက်ကမ်းကို ရောက်နိုင်ကြပါလိမ့်မယ်။ မဂ္ဂင်ဖောင်သင်္ဘောကို စီးခွင့်ရဖို့အတွက် ပေးရမယ့် လက်မှတ်ခ ဆိုတာကတော့ အထွေအထူး မဟုတ်ပါဘူး။ ‘သတိ’ တရားပဲ ဖြစ်ပါတယ်။ သတိပဋ္ဌာန်လက်မှတ်လို့ ဆိုနိုင်ပါတယ်။ အရှိကို သတိနဲ့ကပ်ပြီး ရှုမှတ်နိုင်ရင် အရှိတိုင်းရဲ့ မခိုင်မမြဲတဲ့အနိစ္စသဘော၊ သည်းခံ ကျေနပ်စရာမရှိတဲ့ ဒုက္ခသဘော၊ အစိုးမရ အလိုကျမဖြစ်တဲ့ အနတ္တသဘောတို့ကို သိမြင်တဲ့ ၀ိပဿနာ ပညာဉာဏ်ရင်သန်ပြီး နိဗ္ဗာန်ကမ်းကို ဆိုက်ရောက်မယ်လို့ မြတ်ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။


ခန္ဓာဆိုတဲ့ အရှိကို အသိနဲ့ အသုံးမချနိုင်ရင် ကာမာဝစာရကုသိုလ်ကံတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ၀ိပဿနာကုသိုလ်ကံအဖြစ် ပြောင်းလဲပြီး မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာနယ်ရောက်အောင် သယ်ဆောင်နိုင်သလို ပစ္စည်းဥစ္စာအရှိတို့ကို အထောက်အကူပစ္စည်းများအဖြစ် အသုံးချပြီးတော့လည်း ဒါန သီလ ဘာဝနာ ကုသိုလ်ကံများအဖြစ်နဲ့ နိဗ္ဗာန်အထိ အထောက်အကူရအောင် သယ်ဆောင်နိုင်ပါတယ်။ အတွယ်အတာ အရှိများကိုလည်း ကံကောင်းများတည်ဆောက်ပြောင်းလဲနိုင်ရေးအတွက် အကူအညီ (ဥပနိဿယ) များအဖြစ် အသုံးချနိုင်တာပါပဲ။


ကံစွမ်း ‘အရှိ’ များဟာ ဉာဏ်စွမ်း ‘အသိ’ နဲ့ အသုံးမချတတ်ရင် ပိုင်ဆိုင်မှုကို နှိပ်စက်တတ်ကြပြီး ဉာဏ်စွမ်း ‘အသိ’ နဲ့ နိုင်အောင် ထိန်းချုပ် အသုံးချတတ်သူများကိုတော့ လောကုတ္တရာနယ်အထိ ပို့ပေးနိုင်တယ်လို့ ဆိုချင်ပါတယ်။ အပါယ်နဲ့ နိဗ္ဗာန် ကြိုက်ရာလမ်းကိုရွေးပြီး ကြိုက်ရာခရီးအတွက် ‘ကံ’ လက်မှတ်ဝယ်ခွင့် ပေးနေတယ်လို့ပဲ ဆိုပါရစေ။


ကိုယ်ပြုသမျှကံများသည်ပင် ကိုယ်ရှေ့ဆက်ရမည့် ရှေ့ခရီးအတွက် ခရီးသွားလက်မှတ်များ ဖြစ်ပါတော့သည်။


ကံစွမ်း ဉာဏ်စွမ်း ရှိသမျှ အသုံးချနိုင်ကြပါစေ။


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ၏ ကံစွမ်းနဲ့ဉာဏ်စွမ်း မှ ကောက်နှုတ်ဖော်ပြပါသည်။