စေတီနှင့် ရိုသေမှု

ဘုရားရှင် ဒေသစာရီကြွချီတော်မူသောအခါ သာဝတ္ထိပြည်သူပြည်သားတို့ တရားနာဘုရားဖူးရန် ဇေတ၀န်ကျောင်းတော်သို့ လာကြ၏။

ဘုရားရှင်ကိုမတွေ့ရ၍ ခါတိုင်းလို ၀မ်းမသာ၊ ပန်းနံ့သာတို့ကို ဂန္ဓကုဋီတိုက်တံခါးဝမှာ ပစ်ချသွားကြ၏။ ဤအကြောင်းကိုသိသော အနာထပိဏ်သူဋ္ဌေးက အရှင်အာနန္ဒာကို လျှောက်ထား၏ ၊

အရှင်အာနန္ဒာလျှောက်ထားသဖြင့် ဘုရားရှင်ဖြေကြားတော်မူ၏ -
“မြတ်စွာဘုရား…စေတီဘယ်နှစ်မျိုးရှိပါသလဲ”
“သုံးမျိုးရှိတယ် အာနန္ဒာ”
“ဘယ်စေတီများပါလဲဘုရား”
“သာရိရီက (ဓာတ်တော်) ၊ ပရိဘောဂ (အသုံးအဆောင်) ၊ ဥဒ္ဒိဿ (စိတ်ဖြင့် ရည်မှန်းအပ်သောအရာ) စေတီများ ဖြစ်တယ်”
“မြတ်စွာဘုရား၊ ရှင်တော်ဘုရားများ တခြားကြွတော်မူတဲ့အခါ ဇေတ၀န်ကျောင်းတော်မှာ ကိုးကွယ်ရာမရှိသကဲ့သို့ ဖြစ်နေပါတယ် ၊ လူအများပူဇော်ရာဌာန မရှိပါ ၊ မဟာဗောဓိပင်မှ မျိုးစေ့ဆောင်ယူကာ ဇေတ၀န်ကျောင်းတံခါးဝမှာ စိုက်ပါမည်ဘုရား”
“ကောင်းပြီ ၊ စိုက်ပေတော့် အာနန္ဒာ ၊ ဤသို့စိုက်ထားလျှင် ဇေတ၀န်ကျောင်းတော်၌ ငါဘုရား အမြဲသီတင်းသုံးနေသလိုပင် ဖြစ်ပေလိမ့်မယ်”

သာရတ္ထဒီပနီလာ စေတီသုံးမျိုးမှာ ပရိဘောဂစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ တို့ဖြစ်ကြ၏။


ပရိဘောဂစေတီ ။ ။ ဘုရားရှင် အသုံးပြုရာ အဆောက်အအုံ ၀တ္ထုပစ္စည်းများကို ပရိဘောဂစေတီ ဆိုရ၏။ မဟာဗောဓိပင်, အပရာဇိတပလ္လင်, ဂန္ဓကုဋိ စသော နေထိုင်သောအားဖြင့် အသုံးပြုခဲ့သော အရာဝတ္ထုတို့ကိုလည်းကောင်း၊ သင်္ကန်း, သပိတ်, ရေစစ် စသော အသုံးအဆောင်တို့ကိုလည်းကောင်း ပရိဘောဂစေတီ (ပူဇော်အပ်သော အသုံးအဆောင်) ချည်း ဆိုရ၏ ။


ဓာတုစေတီတော် ။ ။ ဘုရားကိုယ်တော်မှ ဖြစ်ပေါ်လာသော ဓာတ်တော်များကိုလည်းကောင်း၊ ထိုဓာတ်တော်များကို ဌာပနာ၍ တည်ထားပူဇော်အပ်သော စေတီပုထိုးတို့ကိုလည်းကောင်း “ဓာတုစေတီ” ဆိုရ၏။ ကိုယ်တော်မြတ်၏ အသွေး အသား အရိုးတော်တို့မှဖြစ်ပေါ်လာ၍ “သာရိရီက” လည်း ဆိုခဲ့၏။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် တေဇောဓာတ်လောင်သောအခါ ဓာတ်တော်တွေ ဖြစ်လာရ၏။ ထိုဓာတ်တော်များကား အဆင်းက အသွယ်သွယ်၊ အရွယ်က အစားစား၊ အရေအတွက်အားဖြင့်ကား ခြားနားလျက်ရှိ၏။ ဓာတ်တော်အကြီးစားက ရွှေအဆင်းရှိ၏။ အလတ်စားက ပုလဲအဆင်းရှိ၏။ အငယ်စားက ချယားပွင့် သို့မဟုတ် မြတ်လေးပန်းငုံအဆင်းရှိ၏။ အရွယ်ပမာဏအားဖြင့် အကြီးက ပဲနောက်၊ အလတ်က ဆန်ကျိုး၊ အငယ်က မုန်ညင်းစေ့ ပမာဏ ရှိ၏။ အရေအတွက်အားဖြင့် အကြီးက ငါးစလယ်၊ အလတ်က ငါးစလယ်၊ အငယ်က ခြောက်စလယ် ရှိသည်ဟု သိရ၏။
အသမ္ဘိန္န (ပင်ကိုယ်အတိုင်းမပျက် ရှိနေသော) ဓာတ်တော်၊ သမ္ဘိန္န (ပင်ကိုယ်အနေအထားမှ ကွဲပြား, တစ်မျိုးဖြစ်လျက် ရှိသော) ဓာတ်တော်ဟုလည်း ကွဲပြားသေး၏။ သင်းကျစ်တော်၊ စွယ်တော်လေးဆူ၊ ညှပ်ရိုးတော်နှစ်ဆူ၊ ခုနှစ်ဆူသော ဤဓာတ်တော်တို့ကား အသမ္ဘိန္နဓာတ်တော်များ ဖြစ်ကြ၏။ ကျန်ဓာတ်တော်များမှာ သမ္ဘိန္နဓာတ်တော်များ ဖြစ်ကြ၏။ (အပဒါန၊ ၂၊ ၃၈၄၊ ၄)


ဓာတ်တော်မရှိလျှင် သာသနာကွယ် ။ ။ ဓာတ်တော်များမှာ ဘုရားရှင်၏ ကိုယ်တော် အသွေးအသား၊ အရေ အရိုးတော်များမှ ဖြစ်လာသည်ဖြစ်ရာ ဘုရားရှင်အလား အလွန်ပင် လေးစားခံခဲ့ရ၏။ သက်တော်ထင်ရှားရှိစဉ်က ဘုရားထူပါ အများအပြားရှိသည်ကို မတွေ့ရ၊ ပရိနိဗ္ဗာန်စံတော်မူရာအခါ၌ကား ဓာတ်တော်ဝေစုရသော ရှင်ဘုရင်များက ကိုယ့်ဌာန ကိုယ့်မြို့နယ်မှာ အသီးသီး စေတီတည်ထား ကိုးကွယ်ကြ၍ ဘုရားစေတီပုထိုးများစွာဖြင့် ကမ္ဘာကို တင့်တယ်စေခဲ့၏၊ ပူဇော်ခြင်းအမျိုးမျိုးတို့ဖြင့်လည်း ကမ္ဘာကို တန်ဆာဆင်ခဲ့ရာ ဇမ္ဗူဒီပ ကမ္ဘာတစ်ခွင်မှာ လွန်စွာပင် တင့်တယ်လျက်ရှိခဲ့ပါ၏။
ဓာတ်တော်ကား အရေးကြီလှ၏။ ဓာတ်တော်ရှိနေသမျှ သာသနာမကွယ်သေး၊ နောက်ဘုရားတစ်ဆူဖြစ်ခွင့်မရှိသေး၊ ဓာတုပရိနိဗ္ဗာန်စံရာအခါမှ နောက်၌ကား သာသနာကွယ်ရတော့၏။


ဓမ္မစေတီတော် ။ ။ ပဋိစ္စသမုပ္ပါဒ်စသော တရားစာအုပ်ပေစာတွေ ဌာပနာရာ စေတီကို “ဓမ္မစေတီ” ဟု ဆိုပါသည်။ တရားစာအုပ်ဌာပနာရာ စေတီ သာမက တရားစာအုပ်တို့ကိုလည်း ဓမ္မစေတီပင်ဆိုအပ်ပါ၏။

ဓမ္မ၏ သတ္တုအဖြစ်ကား ဘုရားကိုယ်တော်တိုင် မိန့်တော်မူခဲ့၍ သတ္ထာ အဖြစ်မှာ ထင်ရှားပါ၏။ ပရိယတ်, ပဋိပတ်, အသိဓာတ် အလင်းဉာဏ်တို့ကို အစဉ်မပြတ်ပေးခဲ့သောစေတီဖြစ်ရာ ဤဓမ္မစေတီကား သတ္တ၀ါတို့အဖို့ ကျေးဇူးများလှ၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် ပူဇော်ရာဖြစ်၍ ဓမ္မစေတီကား ထူးခြားလှ၏။

မြတ်စွာဘုရား ဘုရားဖြစ်စ ဥရုဝေဠတောတွင် သီတင်းသုံးနေတော်မူစဉ် “ငါဘယ်သူများ ရိုသေလေးစားသမှု အမှီပြုရအံ့နည်း” ဟု စဉ်းစားခဲ့ဖူး၏။ မိမိ အလေးအမြတ် အရိုအသေပြုဖို့ ပုဂ္ဂိုလ်မမြင် ဖြစ်ရာမှ အကြံရခဲ့သည်မှာ “ငါကိုယ်တိုင် ထိုးထွင်းသိတော်မူခဲ့သော တရားတော်ကိုပင် ရိုသေသမှု, လေးမြတ်သမှု အမှီပြုနေရမူ ကောင်းလေစွ” ဟု ဖြစ်ပါသည်။


ဥဒ္ဒီဿစေတီလည်း ဆိုရ ။ ။ ပဋိစ္စသမုပ္ပါဒ် စသော ပေစာ, စာအုပ်များ ဌာပနာရာ စေတီကို ဓမ္မစေတီဟု ဆိုခဲ့၏။ ဘုရားလက်ထက်တော်က ထိုသို့ တရားစာအုပ်မရှိ၊ နှုတ်ဖြင့် သင်ကြ၊ ဆောင်ကြ၊ စိတ်ဖြင့် မှတ်သားကြ၏။ သို့ဖြင့်လျှင် ဘာကို ဓမ္မစေတီဆိုပါမည်နည်း။
ထိုအခါ စိတ်ဖြင့်ရည်မှန်း၍ တရားဂုဏ်တော်ကို အာရုံပြုရ၏ ၊ တရားတော်ကို ဆင်ခြင်ရ၏ ။ ထိုဆင်ခြင်ရည်မှန်းအပ်သော ဂုဏ်တော်၊ တရားတော်များပင် ဓမ္မစေတီဖြစ်၏။ ဓာတု, ပရိဘောဂတို့လို အထည်ဝတ္ထုမရှိ၊ စိတ်ဖြင့်ရည်မှန်း ပူဇော်အပ်သော တရားတော်ဖြစ်၍ “ဥဒ္ဒိဿစေတီ” လည်း ဆိုရ၏။
အသိပညာနည်းပါးလာသော နောင်အခါ စာအုပ်တွေ ပေါ်လာရ၏ ။ ထို ပေစာ, စာအုပ်တွေမှာ စိတ်ဖြင့်ရည်မှန်းအပ်၊ ဆင်ခြင်အပ်သော တရားတော်တွေကို ရုပ်လုံးဖော်ပေးခြင်းဖြစ်ရာ ၄င်းတို့သည် “ဥဒ္ဒိဿစေတီ” တွင် ၀င်ခဲ့၏။


ဥဒ္ဒိဿစေတီတစ်ဆူ ။ ။ ရုပ်ပွားဆင်းတုတော်ကိုလည်း ဥဒ္ဒိဿစေတီ ဆိုရ၏။ ဘုရားလက်ထက်တော်၌ ဆင်းတုတော်မရှိဟု သိရ၏။ သို့ဖြစ်လျှင် ထိုအခါက စေတီ ဘယ်လိုဖြစ်ပါသနည်း။
ဘုရားဂုဏ်တော်များကို အာရုံပြုရ၏။ ဘုရားဂုဏ်တော်ကို စိတ်ဖြင့် ရည်မျှော် အာရုံယူပူဇော်ရ၏။ စိတ်ဖြင့် ရည်မှန်းအပ်သော ထိုဂုဏ်တော် ပုံတော်များကိုပင် “ဥဒ္ဒိဿစေတီ” ဆိုရ၏။ ရည်မှန်း၍ပူဇော်အပ်သော စေတီ ဆိုလို၏။

အများထင်လွယ်မြင်လွယ်ကြဖို့ရာ နောင်အခါ ဆင်းတုတော်များ ထုလုပ်ကိုးကွယ်ကြရာ ဆင်းတုတော်များ ပေါ်လာရ၏။ စိတ်ဖြင့်ရည်မှန်းအပ်သော ဂုဏ်တော်များ, ပုံတော်များကို အကြောင်းပြုပေါ်ပေါက်ရသောကြောင့် ၄င်းတို့ကိုလည်း ဥဒ္ဒိဿစေတီ၌ သွင်းရ၏။

သို့ဖြစ်၍ ဥဒ္ဒဿစေတီတွင် ဓမ္မစေတီရော ဆင်းတုရုပ်တုပါ ပါဝင်ကြသည်ဟု သိရ၏။



စေတိယ - စေတီမည်ပုံ ။ ။ စေတိယသည် အဘိဓာန်များနှင့် ပါဠိအဋ္ဌကထာများအရ သာသနာနှင့်သာ ဆိုင်သောအမည်မဟုတ်၊ ဘုရားမပွင့်မီ ရှေးရှေးသော ကာလကပင် ပူဇော်ရာဌာန၊ သစ်ပင် စသည်တို့၌ တွင်နေသောအမည်တည်း။

ထို့ကြောင့် လူတို့သည် မြတ်နိုးပူဇော်အပ်သော ဘုရားဖွားမြင်ရာ ဌာန၊ ဒုက္ကရစရိယာကျင့်ရာဌာန၊ သစ္စာလေးပါးကို သိမြင်ရာဌာန၊ အနိမိသစသောဌာန၊ ဓမ္မစကြာကို ဟောတော်မူရာဌာန၊ သီတင်းသုံးတော်မူရာဌာန၊ ထိုထိုဗုဒ္ဓကိစ္စ ပြုတော်မူရာဌာန၊ ပရိနိဗ္ဗာန်ဝင်စံတော်မူရာဌာန၊ တေဇောဓာတ်လောင်ရာဌာန အစရှိသော အရပ်ဌာနတို့ကိုလည်းကောင်း၊ ထိုထိုအရပ်တို့၌ အမှတ်အသား အဖြစ်ဖြင့် တပ်ထားအပ်သော ထူပကျောက်တိုင် စသည်တို့ကိုလည်းကောင်း၊ ဓာတ်တော်ပင် မရှိစေကာမူ စိတ္တီကတ (အရိုအသေအလေးအမြတ်ပြုအပ်သော ၀တ္ထု) ဖြစ်၍ စေတိယ (စေတီ) ဟုပင် မှတ်အပ်ကုန်၏ ။ (၀ိ - ဋ္ဌ ၊ ၃ - ၂၃၈ - ၉)

ဒေါက်တာမင်းတင်မွန်စုစည်းတင်ပြသော သပြေကန်ဆရာတော်၏ စေတီနှင့် ရိုသေမှု မှ စေတီအကြောင်းကို ကောက်နှုတ်ဖော်ပြခြင်းအားဖြင့် တရားချစ်ခင် သူတော်စဉ်များအနေနှင့် မိမိတို့ သန္တာန်မှာ ပရိဘောဂစေတီ၊ ဓာတုစေတီ၊ ဓမ္မစေတီ တို့အား ပိုမိုကြည်ညို သဒ္ဓါပွားများနိုင်ကြပါစေကြောင်း ရည်သန်၍ တင်ပြရင်း အားလုံးသောဓမ္မမိတ်ဆွေအပေါင်း စိတ္တသုခ ကာယသုခ နှစ်ဖြာတို့နှင့်ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့ အပ်ပါသည်။