ဘ၀ရဲ့တစ်နေ့တာဓှာ အာရုံမျိုးစုံနဲ့ကြုံနေရမှာပါ။ ကြိုက်တဲ့အာရုံရော မကြိုက်တဲ့ အာရုံရော ပါနေမှာပါ။ တစ်နည်းအားဖြင့် ပြောရင် ပေါ့စတစ်အတွေးနဲ့ နဂ္ဂတစ်အတွေးပါ။ နဂ္ဂတစ်အတွေးရဲ့ ဆိုးကျိုးဆိုးပြစ်ကို သိထားပြီး ပေါ့စတစ်အတွေးနဲ့ တွေးတတ်တာလေးကို လေ့ကျင့်ထားရမှာပါ။ နဂ္ဂတစ်နဲ့ ကြည့်မိရင် ဒေါသ၊ အာဃာတ စသည်တွေ ၀င်လာတတ်ပါတယ်။ ဒီတရားတွေ ၀င်လာပြီဆိုရင်တော့ နောက်ဆုံး ရလဒ်က စိတ်ဆင်းရဲရတော့တာပါ။
လူဟာ တစ်ခုခုကို လုပ်ပါများရင် စွဲနေတတ်ပါတယ်။ နဂ္ဂတစ်နဲ့ကြည့်တတ်တာ အကျင့်ဖြစ်နေရင် ဘယ် မြင်ကွင်းပဲကြည့်ကြည့် နဂ္ဂတစ်နဲ့ပဲ ကြည့်နေတော့တာပါ။ စွဲနေတဲ့အစွဲကို ဖျောက်ဖို့ သိပ်ခက်ပါတယ်။ နဂ္ဂတစ်နဲ့ ကြည့်မိလိုက်လို့ စိတ်ဆင်းရဲရတယ် ဆိုတာလည်း မသိတော့ပါဘူး။ အဲဒီ မသိတာက ပိုခက် နေတော့တာပါ။
နဂ္ဂတစ်နဲ့ ကြည့်တတ်တာစွဲနေရင် ကောင်းတဲ့မြင်ကွင်း၊ ကုသိုလ်ဖြစ်စေတဲ့ မြင်ကွင်းကို မြင်ဦးတော့ နဂ္ဂတစ်နဲ့ ပဲ ကြည့်နေတော့တာပါ။
ဒီနေရာမှာ ကိုယ့်ကိုဖေးမပြောပေးမယ့် မိတ်ကောင်း ဆွေကောင်း သိပ်လိုပါတယ်။
ကိုယ်တိုင်ကလည်း ကိုယ့် ကိုယ်ကိုယ် နဂ္ဂတစ်သဘောဖြစ်နေတယ်ဆိုတာသိဖို့ အရေးကြီးပါတယ်။ ဒါမှ ဖေးမပေးရတဲ့သူလည်း လွယ်တာပါ။ ကိုယ့်ကို ချစ်တဲ့သူကပဲ ဖေးမမှာပါ။ မုန်းတဲ့သူကတော့ တကူးတကလာပြီး မဖေးမပါဘူး။ ဒီသဘောလေးတွေကို အာရုံပြုလိုက်ရင်လည်း ဖေးမလာသူကို တန်ဖိုးထားလာနိုင်ပါတယ်။ အဓိက ကိုယ်က ပြုပြင်ပြောင်းလဲချင်စိတ်ရှိဖို့ပါ။ ဆိုလိုတာက ကိုယ်က အဓိကပါ။
မတရားသဘောတွေ အာရုံပြုနေရင်တော့ မတရား သဘောတွေချည်းဖြစ်နေလို့ စိတ်ဆင်းရဲစရာတွေပဲ ဖြစ်နေ တော့မှာပါ။ တရားသဘောပဲ အာရုံပြုပြု၊ မတရားသဘောပဲ အာရုံပြုပြု တကယ်တော့ စိတ်ပါပဲ။
လူ့ဘ၀မှာ စိတ်ချမ်းသာဖို့လည်း သိပ်အရေးကြီးပါတယ်။ ချမ်းသာပြီး စိတ်ဆင်းရဲနေပြန်ရင်လည်း နေရာမကျ ပါဘူး။ မတရား သဘောတွေ နှလုံးသွင်းနေလို့ကတော့ စိတ်ဆင်းရဲနေတော့မှာပါ။
တော်တော်များများက ကုသိုလ်ပြုကြရင်ပစ္စည်း ဥစ္စာ ချမ်းသာဖို့ပဲ ဆုတောင်းကြတာပါ။ စိတ်ချမ်းသာဖို့ကျ တော့ ဆုတောင်းသူ နည်းကြပါတယ်။ သူတစ်ပါးကို စိတ်ဆင်းရဲအောင် လုပ်ရင်၊ လူအများကို စိတ်ဆင်းရဲအောင်လုပ်ရင် ကိုယ်လည်း စိတ်ဆင်းရဲရတတ်ပါတယ်။
ဘာပဲပြောပြော မြင်ကွင်းတစ်ခုကို ကြည့်တဲ့အခါ ပေါစတစ်နဲ့ ကြည့်တတ်တဲ့အလေ့လေးကို လေ့ကျင့်ထားဖို့ပါပဲ။
ရဝေနွယ်(အင်းမ) ၏ ရဝေနွယ်အသစ် မှ ကောက်နှုတ်ဖော်ပြပါသည်