မေတ္တာဟူသည် သူတစ်ပါးတို့ကို ကြီးပွားစေလို၊ ချမ်းသာစေလိုသောသဘောတည်း။

ထို့ကြောင့် မြင့်မြတ်သော စိတ်ဓာတ်ရှိသူတို့သည် မိမိအပေါ်၌ သူတစ်ပါးက မတော်မတရား ပြုထားစေကာမူ ထိုသူ၏အပြစ်အနာအဆာ ကို(လက်စားချေမည်ဟု) မရှုတော့ဘဲ အကြောင်းကိစ္စပေါ်လာလျှင် ကိုယ်ကသာ သူ့အကျိုးကို ဆောင်ရွက်ကြ လေသည်။ (အရှင်ဇနကာဘိဝံသ ၊ ရုပ်စုံဗုဒ္ဓ၀င်အမေးအဖြေ ၊ နှ - ၃၀)

မေတ္တာဆိုတဲ့ ပါဠိရဲ့အနက်ကို ချစ်ခြင်းလို့အနက်ပြန်ကြပါတယ်။ အချစ်က သုံးမျိုးရှိပါတယ်။
၁။ ချစ်သူအချစ်ရယ်၊
၂။ မိသားစုအချစ်ရယ်၊
၃။ ပါရမီအချစ်ရယ်ပါ။

ချစ်သူအချစ်ဆိုတာက မိန်းမယောက်ျား အပြန်အလှန် ချစ်ကြတဲ့အချစ်ပါ။

မိသားစုအချစ်ဆိုတာက မိဘနဲ့သားသမီး၊ ညီနဲ့အစ်ကို၊ မောင်နဲ့နှမ စသည်တို့ မိသားစုအိမ်သား အချင်းချင်း ချစ်ကြတဲ့ အချစ်ပါ။

ပါရမီအချစ်ဆိုတာကတော့ သူတစ်ပါးတို့ရဲ့အကျိုးဖြစ်ထွန်းမှုကို လိုလားတဲ့အချစ်ပါ။
ပါဠိလိုပြောရင်တော့ တဏှာပေမရယ်၊ ဂေဟသိတပေမရယ်၊ မေတ္တာပေမရယ်ပါ။
မေတ္တာပါရမီမှာတော့ နောက်ဆုံးအချစ်ဖြစ်တဲ့ ပါရမီအချစ်ကို ယူရမှာပါ။

ပါရမီအချစ်ဟာ သူတစ်ပါးအကျိုးကို ငဲ့နေပါတယ်။ မိမိအကျိုးကို မငဲ့ပါဘူး။ ကိုယ်ကသူ့ကို ပါရမီအချစ်နဲ့ချစ်ဖြစ်နေရင် သူ ကြီးပွားစေချင်တယ်၊ တိုးတက်စေချင်တယ်၊ အောင်မြင်စေချင်တယ်၊ အစစအရာရာ အဆင်ပြေစေချင်တယ်။ သူ့ဆီက ဘာတုံပြန်မှုမှ မမျှော်လင့်ပါဘူး။ ဒါ - ပါရမီအချစ်ရဲ့ သဘောတွေပါ။

အကြောင်းတစ်ခုခုကြောင့် သိခွင့် ခင်ခွင့်ရကြတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို ပါရမီအချစ်နဲ့ ချစ်မယ်။ သူကလည်း ကိုယ့်ကို ပါရမီအချစ်နဲ့ ချစ်မယ်ဆိုရင် နှစ်ဦးလုံးရဲ့ ခင်မင်မှုဟာ အစဉ်အမြဲ ခိုင်မြဲနေတော့မှာပါ။ တစ်ဆင့်တက်ပြီး သူတရားထူး တရားမြတ်ရဖို့အတွက်လည်း ကိုယ်က ကူညီမယ်။ ကိုယ်တရားထူး တရားမြတ်ရဖို့ အတွက်လည်း သူက ကူညီမယ်ဆိုရင် ပါရမီအချစ်က နိဗ္ဗာန်အထိတောင် ကျေးဇူးပြုနေတော့တာပါ။

တစ်စုံတစ်ယောက်ကို ကိုယ်ကတကယ်ချစ်တယ်ဆိုရင် ပါရမီအချစ်နဲ့ချစ်ပြီး နိဗ္ဗာန်ရဲ့အထောက်အပံ့တွေ အခါအားလျော်စွာ ဖန်တီးဖန်တီး ပေးနေနိုင်ရပါမယ်။

ဒီလိုပါပဲ။ သတ္တ၀ါအားလုံးအပေါ်မှာ ပါရမီအချစ်နဲ့ ချစ်နိုင်ရမှာဖြစ်သလို ချစ်သူအချင်းချင်း၊ မိသားစု အချင်းချင်းမှာလည်း ပါရမီအချစ်ပါတဲ့အချစ်တွေ တွဲတွဲပါနေပါမှ အစဉ်အမြဲ ခိုင်မြဲနေမှာပါ။ ချစ်သူအချင်းချင်း ချစ်ကြတဲ့နေရာမှာ တဏှာရာဂကို အခြေခံတယ်ဆိုပေမယ့် သူကုသိုလ်ဖြစ်ဖို့ ကိုယ်ကဖန်တီးပေးနေမယ်။ ကိုယ်ကုသိုလ် ဖြစ်ဖို့အတွက် သူက ဖန်တီးပေးနေမယ်ဆိုရင် ချစ်သူ နှစ်ယောက်အတွက် ရန်ဖြစ်တယ်၊ မုန်းတယ်ဆိုတာတွေဟာ အိပ်မက်ထဲမှာတောင် ရှာလို့ရတော့မှာ မဟုတ်တော့ပါဘူး။

ပြီးတော့ ကိုယ့်ရဲ့ မိသားစုဘ၀လေးဟာ ငြိမ်းငြိမ်းချမ်းချမ်းလေး ရှိနေရုံတင်မကဘဲ တရားထူးတရားမြတ်ရဖို့ အတွက်လည်း အထောက်အပံ့တွေ ဖြစ်နေတော့မှာပါ။

အဆင်မပြေဖြစ်ကြတယ်ဆိုတာ တဏှာပေမအချစ်လောက်နဲ့ပဲ ချစ်နေကြလို့ပါ။ ပါရမီအချစ် မပါကြလို့ပါ။ ဒီသဘောလေးကို အာရုံပြုပြီး အစဉ်သဖြင့် ခိုင်မြဲနေဖို့ ပါရမီအချစ်လေးပါ တွဲပါပေးရပါတယ်။

ဒီတော့ ပါရမီအချစ်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်နေတော့တာပါ။

မေတ္တာဆိုတာ ကိုယ်ချစ်တဲ့သူတွေကို ထိုင်ပြီးပွားနေတာနဲ့တင် မလုံလောက်သေးပါဘူး။ ထိုင်ပြီးပွားတာက ပွားမေတ္တာပါ။ ကံအနေနဲ့ပြောရင် မနောကံမေတ္တာပါ။

ပွားမေတ္တာနဲ့အတူ ထားမေတ္တာကိုလည်း ကျင့်သုံးနိုင်ရပါမယ်။

သူတစ်ပါးအကျိုးရှိစေမယ့် စကားလေးတွေပြောပြပေးတာ၊ သူတစ်ပါးအကျိုးရှိစေမယ့် အလုပ်ကလေးတွေ ပြုလုပ်ပေးတာတွေပါ။ ကံအနေနဲ့ပြောရင်တော့ ၀စီကံမေတ္တာနဲ့ ကာယကံမေတ္တာပါ။

ဘယ်လိုစကားမျိုးပဲပြောရပြောရ မေတ္တာနဲ့ပဲပြောပေးတာ၊ ဘယ်လိုအလုပ်မျိုးပဲ လုပ်ပေးရလုပ်ပေးရ မေတ္တာနဲ့ပဲ လုပ်ပေးတာ၊ မြန်မာလိုပြောရင် သူတစ်ပါးအကျိုးငဲ့ငဲ့ပြီး ပြောပေးတာ၊ သူတစ်ပါးအကျိုးငဲ့ငဲ့ပြီးလုပ်ပေးတာတွေပါ။ ဒါတွေဟာ ထားမေတ္တာတွေပါပဲ။

တကယ်တော့ ဒါတွေဟာ ဘာမှမခက်ပါဘူး။ အိပ်ရာထ ကိုယ်လက်သန့်စင်ပြီးတာနဲ့ “ ငါ ဒီနေ့ ဘယ်သူနဲ့ပဲတွေ့တွေ့ မေတ္တာပါတဲ့ စကားလေးတွေပဲပြောပေးမယ်၊ မေတ္တာပါတဲ့ အလုပ်ကလေးတွေပဲ လုပ်ပေးမယ် ” လို့ စိတ်ထဲက သုံးကြိမ်လောက် အဓိဋ္ဌာန်ထားလိုက်ရင် လူတစ်ယောက်နဲ့ ဆက်ဆံလိုက်ရတာနဲ့ မေတ္တာပါပြီးသားဖြစ်နေတော့မှာပါ။

တစ်ခုတော့ရှိပါတယ် ။ ပုထုဇဉ်တွေဆိုတော့ ကိုယ့်ရဲ့စိတ်ဟာ အမြဲတမ်းတော့ ဖြူဖွေးသန့်စင်မနေနိုင် ပါဘူး။ တစ်ခါတစ်လေ အာရုံဆိုးတစ်ခုခုကြောင့် ညစ်ထေးသွားတတ်တာတွေလည်း ရှိပါတယ်။ အဲဒီလိုအခါမျိုးမှာ “ ငါက မေတ္တာပါရမီ ဖြည့်ကျင့်ချင်သူ ၊ ငါက မေတ္တာပါရမီ ဖြည့်ကျင့်ချင်သူ ” လို့ ဆက်ကာ ဆက်ကာလေး ဆင်ခြင်ပေးလိုက်ရင် ပါရမီဓာတ်တွေ ရင်ထဲကို ပြန်ရောက်လာတာ များပါတယ်။

ပါရမီအချစ်ရဲ့ သဘောက သူတစ်ပါးအကျိုးကိုငဲ့ပါတယ်။ မိမိအကျိုးကို လုံးဝမငဲ့ပါဘူး။ ကိုယ်က အခြေခံသဘောလေးကို အာရုံပြုထားနိုင်ရပါမယ်။

သတ္တ၀ါအားလုံး ပါရမီအချစ်တွေနဲ့ပဲ ချစ်နေနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်သူတွေကြားထဲမှာ ချစ်တဲ့ စာဖတ်သူတစ်ယောက်ကတော့ ဖြစ်နိုင်သူတစ်ယောက် ဖြစ်နိုင်အောင်ကြိုးစားရပါမယ်။

ပါရမီအချစ်နဲ့ မချစ်ဖူးကြသေးလို့သာ တခြားအာရုံတွေကို စိတ်ညွတ်နေကြတာပါ။

ပါရမီအချစ်ကို ချစ်ဖူးပြီးသွားရင် ကုန်ခဲ့သမျှ အချိန်တွေကိုတောင် ပြန်နောင်တရနေတော့မှာပါ။

ပုထုဇဉ်တွေဆိုတော့လည်း ကိလေသာလေးတွေက ရှိနေသေးတာဆိုတော့ အမြဲတမ်း ပါရမီအချစ်နဲ့ ချစ်နေနိုင်ဖို့ဆိုတာကတော့ မလွယ်ပါဘူး။ ပါရမီအချစ်နဲ့နီးလိုက်ဝေးလိုက်တော့ ဖြစ်နေမှာပါ။ ဒါပေမယ့် ကိုယ်က အဲဒီနီးနေတဲ့သဘောလေး ဝေးနေတဲ့သဘောလေးကို သတိနဲ့ ပြန်သိနေဖို့ပါပဲ။

ဘာပဲပြောပြော တွေ့ကြဆုံကြအခိုက်လေးမှာ အပြန်အလှန်ကိုယ်စီ ပါရမီအချစ်ကလေးတွေနဲ့ ချစ်နေဖို့ပါပဲ။

ရဝေနွယ်(အင်းမ) ၏ မြင့်မြတ်သူတို့ရဲ့အလုပ် မှ မေတ္တာပါရမီ ကို မျှဝေခံစားအပ်ပါသည်။

ပါရမီပါတဲ့ မေတ္တာနဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်နိုင်ကြပါစေ။


Add this article

Comments