မေး။ ။ ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။
အဖြေ။ ။ သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲလို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှုမဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊ သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူးစတဲ့ အကြောင်းအမျိုးမျိုးက ပဓာနမကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိကပဓာနကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒတို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင်စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီးအကြောင်းကောင်းတာပေါ့။ ဒါကြောင့်
သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာမဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကာကို မေတ္တာပို့ရင်တော့ ကုသိုလ်များရမှာပါ။
နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူမလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နုဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ်လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။ တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော်က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ”လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီးပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ”လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။ ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာများတယ် ဆိုတာပါပဲ။
ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ
ဒီနေရာမှာ ဆက်စပ်မိလို့ ဦးဇင်းအား အမေရိကန်မှ ဒကာမတစ်ယောက်က သိက္ခာထပ်ခြင်းအကြောင်းရေးပေးရန် တောင်းဆိုထားတဲ့အတွက် ဒီနေရာမှာ ဆက်စပ်နေတာနဲ့ အကျယ်တ၀င့် ရေးပေးပါမယ်။
သိက္ခာထပ်တဲ့အခါ သိမ်အတွင်းမှာ သိက္ခာထပ်မဲ့ရဟန်းအပြင် ရဟန်း(၄)ပါးရှိပါက သိက္ခာထပ်ခြင်း ပြုလုပ်လို့ ရပါတယ်။ သိက္ခာထပ်ခံရတဲ့ရဟန်းဟာ ရဟန်းဖြစ်နေတဲ့အတွက် ထိုရဟန်းကိုပါ ရေတွက်လျှင် သံဃာ(၅)ပါးဖြစ်နေလို့ သိမ်ဝင်ခြင်းကိစ္စ လုံလောက်ပါတယ်။ ကိုရင်ကို ရဟန်းခံပေးမှသာ ရဟန်းသံဃာ(၅)ပါး လိုအပ်တာပါ။
တကယ်တော့ သိက္ခာထပ်တာဟာ ရဟန်းအတွက်မှာတော့ ရဟန်းသိက္ခာဟာရှိနေပြီးဖြစ်တဲ့အတွက် သူ့အတွက်မှာ ဒကာ၊ ဒကာမတိုးခြင်းပဲ ရပါတယ်။ ကုသိုလ်အနေနဲ့ ကိုယ့်ဒကာ၊ ဒကာမတွေကို မေတ္တာပို့ပေးတာ၊ သူတို့အကျိုးများမဲ့ တရားတွေဟောပေးတာ၊ ကိုယ့်ဒကာ၊ ဒကာမတွေ စိတ်ကျေနပ်အောင် သာသနာပြုပေးတာတွေ လုပ်ပေးမယ်ဆိုရင်တော့ သိက္ခာထပ်ခံရတဲ့ရဟန်းမှာ အကျိုးဖြစ်ပါတယ်။ လှူဒါန်းပေးတဲ့ ဒကာ၊ ဒကာမတွေမှာလည်း မိမိရဟန်းရဲ့ သာသနာပြုလုပ်ငန်းတွေကိုကြည့်ပြီး ၀မ်းသာပီတိဖြစ်မှု ကုသိုလ်၊ ရဟန်းရဲ့လိုအပ်တဲ့အရာကို ထောက်ပံ့ပေးတဲ့ကုသိုလ်၊ မိမိအရင်က သံယောဇဉ်ထားစရာမရှိလို့ မလှူဖြစ်ခဲ့ပေမဲ့ မိမိရဟန်းရှိတဲ့အခါ သင့်တော်တဲ့အလှူလေးတွေ လုပ်ဖြစ်တဲ့အကျိုးတွေ ရရှိပါတယ်။
တချို့သောသူများဟာ မိမိနဲ့ရင်းနှီးတဲ့လူမရှိရင် ဘုန်းကြီးကျောင်းရောက်ဖို့ ခဲယဉ်းပါတယ်။ မိမိနဲ့ရင်းနှီးတဲ့ ရဟန်းသံဃာများရှိရင် ကျောင်းကိုရောက်ဖြစ်ပြီး ဒါနကုသိုလ်၊ သီလကုသိုလ်၊ ကျောင်းဝေယျာဝစ္စ တံမြတ်လှည်းခြင်းစတဲ့ ကုသိုလ်များတိုးပွားစေပါတယ်။ ဒါဟာ မိမိနဲ့ရင်းနှီးမှုရအောင် မိမိဆွေမျိုးမတော်တဲ့ သံဃာကို သိက္ခာထပ်၊ ရဟန်းခံ၊ ကိုရင်ဝတ်ပေးခြင်းများရဲ့ အကျိုးရလဒ်တွေ ဖြစ်ပါတယ်။ ဒီလောက်ဆို ပြည့်စုံလိမ့်မယ် ထင်ပါတယ်။
ဆန်နီနေမင်း