အထင်ကရဆရာတော်များ ဟောကြားထားသော မိဘမေတ္တာဘွဲ့တရားတော်များကို စုစည်းကာတင်ဆက်ထားပါသည်။ မိဘကျေးဇူးကို မြတ်စွာဘုရားရှင်၏ ဓမ္မတရားတော်များဖြင့် အကျေဆပ်နိုင်ကြပါစေ။

 

 

 ၁။ မိဘများကသားသမီးအပေါ်မျှော်လင့်ချက် - သီတဂူဆရာတော် Download
၂။ မိဘကျေဇူးဆပ်နန္ဒိယမျောက်မင်းဇာတ်တော် - အရှင်ကုသလ Download
၃။ ကိသာဂေါတမီ(၁) - မြစင်္ကြာဆရာတော် Download
၄။ ကိသာဂေါတမီ(၂) - မြစင်္ကြာဆရာတော် Download
၅။ မိဘကျေးဇူးအသက်ပေး၍ဆပ်သူ - ဖြူးဆရာတော် Download
၆။ မိဘကျေးဇူးဆပ်ပြီးပြီလား - တွံတေးဆရာတော် Download
၇။ သပ္ပူရိသသုတ္တန်(၁) - မြစင်္ကြာဆရာတော် Download
၈။ သပ္ပူရိသသုတ္တန်(၂) - မြစင်္ကြာဆရာတော ်Download
၉။ အမေ့ကျေးဇူးမကြေငါမသေ(၁) - ဖြူးဆရာတော် Download
၁၀။ အမေ့ကျေးဇူးမကြေငါမသေ(၂) - ဖြူးဆရာတော် Download
၁၁။ မိဘကျေးဇူးတရားတော် - တောင်တန်းသာသနာပြုဦးဥတ္တမသာရ Download
၁၂။ မိဘထံမှအေ<ကးအရင်ပေးဖို့ကြိုးစားပါ - ပဲခူးဆရာတော် Download
၁၃။ သီတာရေလားဆန်ရေလား - ပဲခူးဆရာတော် Download
၁၄။ အမေများအတွက်တရားတစ်ပုဒ် - မေတ္တာအေးဆရာတော် Download
၁၅။ မိဘမေတ္တာသားလိမ္မာ - မေတ္တာအေးဆရာတော် Download
၁၆။ မိဘပြတ်မှားအပ္ပါယ်သွား - ဦဇဝန(မိုးကုတ်) Download
၁၇။ မိဘကျေးဇူးအထူးသိတတ်သားကောင်းသမီးမြတ်- ဦးဇဝန(မိုးကုတ်) Download
၁၈။ ကျေးဇူးဆပ်ကျမိနှင့်ဖ - ဦးဇဝန(မိုးကုတ်) Download
၁၉။ အမေ့အပြုံး - အရှင်ဆေကိန္ဒ Download
၂၀။ မိဘပြစ်မှားငရဲလား - အရှင်အာစရာလင်္ကာရ Download
၂၁။ အမေ့မေတ္တာသားလိမ္မာ- အရှင်အာစရာလင်္ကာရ Download
၂၂။ မိဘကျေးဇူးဆပ်ကျစို့(၁) - အရှင်အာစရာလင်္ကာရ Download
၂၃။ မိဘကျေးဇူးဆပ်ကျစို့(၂) - အရှင်အာစရာလင်္ကာရ Download
၂၄။ နှလုံးသားဝယ်ဘုရားတည်(၁) - အရှင်အာစရာလင်္ကာရ Download
၂၅။ နှလုံးသားဝယ်ဘုရားတည်(၂) - အရှင်အာစရာလင်္ကာရ Download
၂၆။ အသက်ပေးပြီးချစ်တဲ့မေမေ(၁) - အရှင်အာစရာလင်္ကာရ Download
၂၇။ အသက်ပေးပြီးချစ်တဲ့မေမေ(၂) - အရှင်အာစရာလင်္ကာရ Download
၂၈။ အသက်ပေးပြီးချစ်တဲ့မေမေ(၃) - အရှင်အာစရာလင်္ကာရ Download
၂၉။ အသက်ပေးပြီးချစ်တဲ့မေမေ(၄) - အရှင်အာစရာလင်္ကာရ Download
၃၀။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၁) - အရှင်အာစရာလင်္ကာရ Download
၃၁။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၂) - အရှင်အာစရာလင်္ကာရ Download
၃၂။ ကျေးဇူးဆပ်ခွင့်ပြုပါမေမေ(၃) - အရှင်အာစရာလင်္ကာရ Download



မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။ ဘာသာရေးနှင့်ပက်သက်၍ မိမိကိုယ်တိုင် မရှင်းလင်းသည် များကိုပါ သိရှိနိုင်သည့်အပြင် မိမိမတွေးမိသည့် မေးခွန်းများကိုပါ တွေ့ရနိုင်သည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများ၊ မေးမြန်းရမည့် ရဟန်းသံဃာတော်များ၏ အဝေးတွင် ရောက်ရှိ နေသူများ၊ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ နိုင်ငံခြားသားများ မေးမြန်းလာမှုကို ဖြေကြားလိုသူများ အထူးဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ ဖြေကြားရာတွင် လိုရင်းတိုရှင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။


( မေး ) ( ရေစက်ချ အမျှဝေ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )

( ဖြေ )
ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌
၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။


( မေး ) ( သွေးလှူဒါန်းခြင်း )
အရှင်ဘုရား၊ တပည့်တော်သည် ဆင်းရဲချို့တဲ့သဖြင့် အလှူဒါန ကြီးကြီးကျယ်ကျယ် မပြုနိုင်ပါ။ သို့သော် သွေးလှူဒါန်းမှုကိုမူ မကြာမကြာ ပြုပါသည်။ သွေးလှူဒါန်းခြင်းသည် မည်ကဲ့သို့ ကုသိုလ်ရကြောင်း၊ ဒါနအများတွင် မည်သည့်ဒါနမျိုးဖြစ်ကြောင်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( မသီတာ-ဘုရင့်နောင်စျေး၊ ရန်ကုန် )

( ဖြေ )
နိဗ္ဗာန် မဂ်ဖိုလ်ကို ဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်းဝတ္ထု (တိုင်းပြည်နှင့် သားမယားအထိ) လှူဒါန်းသော ဒါနမှာ ဒါနပါရမီဖြစ်၍
အင်္ဂါ, ခြေ, လက်, မျက်စိ, နား, နှာ စသည် လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီ ဖြစ်ပါသည်။
သူတပါးအတွက် မိမိအသက်ကို စွန့်လှူသော ပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်ပါသည်။

သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဈတ္တဝတ္ထုသွေးဖြင့် ကယ်ဆယ်သောသဘော ဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရပါသည်။ ထူးမြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူခြင်းမှာ အလွန်မွန်မြတ်လှပါသဖြင့် ကြိုးစား၍ လှူဒါန်းစေလိုပါသည်။


( မေး ) ( ရဟန်းခံနှင့် သိက္ခာချ )
အရှင်ဘုရား၊ ရဟန်းခံရာတွင် ကာရကသံဃာထဲ၌ ပါရာဇိက ရဟန်းတပါး ပါပါက ပဥ္စင်းလောင်း ရဟန်း ဖြစ်-မဖြစ် နှင့် သိက္ခာချလိုသော ရဟန်းသည် ဘုရားရုပ်ပွားတော်ရှေ့တွင် မိမိကိုယ်ကို သိက္ခာချ၍ ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။
( အဂ္ဂဉာဏ-က-တ၊ တောင်ငူ )

( ဖြေ )
ရဟန်းခံရာ၌ ပါရာဇိက ရဟန်းအပြင် ငါးပါးရှိက ပဥ္စင်းလောင်း ရဟန်းဖြစ်ပါသည်။
(ယခင်က ကျမ်းညွှန်းပါဠိနှင့်တကွ ဖြေဆိုခဲ့ပြီး ဖြစ်သည်)။

သိက္ခာချရာ၌ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ၀ိဇာနန-အင်္ဂါ ၆-ပါးရှိရာ နားထောင်နေသော ပကတိ စိတ်မှန်ပုဂ္ဂိုလ်နှင့် သိက္ခာချသံကိုကြား၍ သိခြင်းအင်္ဂါနှင့်ပြည့်စုံရန် လိုအပ်လှသဖြင့် ဘုရားရှေ့၌ မိမိကိုယ်ကို သိက္ခာချ၍ မရပါ။
နားထောင်နေသော ပုဂ္ဂိုလ်တဦးဦး (သို့မဟုတ်) အများရှိရန် လိုအပ်လှပါသည်။

အထူးမှတ်သားရန်မှာ
ရှင်သာမဏေပြုရာ၌ ဆရာရော သာမဏေလောင်းပါ သရဏဂုံပီသခြင်း (ဥဘတောဝိသုဒ္ဓိ) အရေးကြီးသဖြင့် ရှင်ဖြစ်ရန်ခက်သော်လည်း လူထွက်ရာ၌ လူဝတ်လဲလှယ်ရုံမျှဖြင့် ပြီးသောကြောင့် အပြုခက်၍ အထွက်လွယ်ပါ
သည်။ ရဟန်းခံရာ၌ ရဟန်းလောင်း အင်္ဂါညီသူအဖို့ ကမ္မဝါဆရာများက ကမ္မဝါစာပီသစွာ ဖတ်ရွတ်နိုင်လျှင် ရဟန်းဖြစ်သည်။ လူထွက်ရာ၌မူ သိက္ခာချအင်္ဂါနှင့် ညီညွတ်ရန် ခက်လှသဖြင့် အဖြစ်လွယ်ကာ အထွက်ခက်လှသည်။ ထို့ကြောင့် လွယ်လွယ်သိက္ခာချရန် မသင့်ကြောင်း သတိပြုသင့်ပါသည်။



( မေး ) ( ခန္တီ-သည်းခံခြင်း )
အရှင်ဘုရား၊ ခန္တီပါရမီ (သည်းခံခြင်း) ၏ ဆိုလိုရင်းတွင် သည်းခံခြင်းသည် မြတ်၏-ဟုဆိုရာ သည်းခံခြင်းဖြင့် မည်ကဲ့သို့ မြတ်သည်ကို ဖြေကြားတော်မူပါဘုရား။
( မောင်ကျော်ဆန်း-ထားဝယ် )

( ဖြေ )
ခန္တျာ ဘိယျော န ၀ိဇ္ဇတိ-ခန္တီပါရမီထက် လွန်ကဲသော ပါရမီ မရှိ။
ခန္တီ ပရမံ တပေါ တိတိက္ခာ-သည်းခံခြင်းသည် မြတ်သောအကျင့်တည်း-ဟူသော ဆိုရိုးစကားများ အရ ပါရမီဆယ်ပါးတွင် ခန္တီပါရမီမှာ အခက်ခဲဆုံးနှင့် အဖြစ်နိုင်ခဲဆုံးသော တရားဖြစ်သည်။

ဒါနစသော ပါရမီဆယ်ပါးလုံးတွင် ခန္တီပါရမီ ပါရသည်။ တနည်းအားဖြင့် ခန္တီပါရမီ သည်းခံနိုင်မှ ကျန်ပါရမီအားလုံးကို ဖြည့်ကျင့်နိုင်သည်။ ဒါန သီလစသော ပါရမီတို့တွင် ပါရမီမြောက်အောင် စိတ်ကို နှိပ်ကွပ်၊ ထိန်းသိမ်းနိုင်မှုမှာ ခန္တီဖြစ်သည်။ ကုသိုလ်အားလုံး၏ အခြေခံတရားမှာလည်း သည်းခံနိုင်မှုသာ ဖြစ်သည်။ ခန္တီပါရမီရှင်သည် မေတ္တာတရား အားကြီးသူသာ ဖြစ်သဖြင့် မေတ္တာရှင်လည်း ဖြစ်ပေရာ အမျက်ဒေါသ၊ အပြစ်ဟူသမျှကို ချေဖျက်နိုင်၍ အလွန်တရာ မြင့်မြတ်လှပေသည်။ ထို့ကြောင့် အောင်နိုင်ခက်ခဲ၊ စစ်မြေထဲဝယ်၊ အောင်ပွဲရသည်၊ သူဟုမည်ရှင့်-စသည်ဖြင့် ခန္တီပါရမီရှင်သည် စစ်ပွဲတကာတွင် အောင်မြင်နေကျ စစ်သူကြီး သဖွယ်ဖြစ်ကြောင်း ဆိုပေသည်။


( မေး ) ( နတ်ဗိမာန်များ )
အရှင်ဘုရား၊ ယခုခေတ် အာကာသယာဉ်များသည် လကမ္ဘာ၏ ဟိုမှာဘက် အလွန်အထိ ခရီးဆက်ကြသည်ဟု ကြားဖူး ဖတ်ဖူးပါသည်။ သို့သော် လမ်းခရီး၌ နတ်ပြည် နတ်ဗိမာန်များကို တွေ့ရကြောင်း မကြားဖူး မဖတ်ဖူးပါ။ ထို့ကြောင့် နတ်ပြည် နတ်ဗိမာန်များ တကယ်ရှိ-မရှိ မေးလျှောက်ရပါသည်၊ ဖြေကြားတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )

( ဖြေ )
လူတကိုယ်လုံး၌ ရုပ်တရားများသည် သြဠာရိကရုပ်၊ သုခုမရုပ်-ဟူ၍ ရှိသည်။
ဥတုဇရုပ်မှာ သြဠာရိကရုပ်မျိုးဖြစ်၍ မြင်ရ တွေ့ထိ၍ရသည်။
သုခုမရုပ်မှာ မမြင်ရ တွေ့ထိ၍ မရသောရုပ်ဖြစ်သည်။
ပုံစံမှာ မျက်စိတွင် မြင်ဓာတ်-စက္ခုပသာဒရုပ်၊
နားတွင် ကြားဓာတ်-သောတပသာဒရုပ် စသည် ငါးမျိုးဖြစ်သည်။

၄င်းသုခုမရုပ်များမှာ လူသေလျှင် မီးငြိမ်းသလို ကြိုတင်၍ ကွယ်ပျောက်ကုန်သည်။ ထိုလူတို့၏ သုခုမရုပ်များ သဖွယ် နတ်တို့၏ တကိုယ်လုံးရုပ်များသည် သုခုမရုပ်များပင်ဖြစ်၍ လူများက ၄င်းတို့အား မမြင်နိုင်။ ဆီများသည် ၀ါဂွမ်း၌ စိမ့်၍ဝင်နိုင်သလို သြဠာရိကရုပ်များက သုခုမရုပ်အတွင်းသို့ စိမ့်၍ဝင်နိုင်သည်။

မမြင်ရသော နတ်တို့ ကိုယ်တွင်းသို့ လူများ၊ လူ၏ ကိုယ်တွင်းသို့ နတ်များ ဆီနှင့်ဂွမ်းလို ပူးပေါင်းဝင်ရောက်နိုင်ကြသည်။ ထို့အတူ နတ်ဗိမာန်များသည် ကမ္မပစ္စယ ဥတုဇရုပ်များဖြစ်၍ သုခုမသဘောရှိလေသည်။ အာဠဝီပြည် အနီးတွင် အာဠာဝက နတ်ဘီလူး၏ ဗိမာန်ကြီး ရှိသည်။ လူများ တိရစ္ဆာန်များ မမြင်ရ။ တိုးဝင်၍ သွားနေသော်လည်း မသိကြ။ တန်ခိုးရှင် မြတ်စွာဘုရားသာ သိ၍ ၀င်ရောက်သီတင်းသုံးတော်မူသည်။ ဟေမဝတ သာတာဂိရိနတ်တို့လည်း မြင်၍ ရှောင်ကွင်း သွားနေကြရသည်။ ထို့အတူ ကောင်းကင်၌ နတ်ဗိမာန်ရှိရာ တန်ခိုးရှင်တို့နှင့် နတ်အချင်းချင်းတို့သာမြင်၍ ရှောင်ကွင်းသွားနေကြသည်။ ရုက္ခစိုး စသည်တို့မှာလည်း သစ်ပင်ပေါ်၌တက်၍ နေကြသည်မဟုတ်။ သစ်ပင်အနီး (သို့မဟုတ်) ထိပ်ဖျားစသည်၌ ဗိမာန် သီးခြားရှိပေသည်။ တန်ခိုးရှင်နှင့် သူတို့အချင်းချင်းသာ မြင်ရသည်။ လူများမမြင်ရပါ။ ထိုသဘောကို ဆင်ခြင်၍ ကောင်းကင်ရှိ နတ်ပြည်၊ နတ်ဗိမာန်တို့နှင့် အာကာသယာဉ်တို့ဆိုင်ရာ ပြဿနာကို ရှင်းလင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။


( မေး ) ( ခေတ်သုံးပါးနှင့် လောကဓာတ် )
အရှင်ဘုရား၊ ဇာတိခေတ်၊ အာဏာခေတ်၊ ၀ိသယခေတ်၊ သုံးပါးနှင့် လောကဓာတ်၊ စကြာဝဠာတိုက် ဟူသည် မည်သို့ထူးခြားသည်ကို ရှင်းလင်းဖြေကြားတော်မူပါဘုရား။
( မောင်မြင့်ကြည်-မိတ္ထီလာမြို့ )

( ဖြေ )
ဇာတိခေတ်-ဟူသည်မှာ မြတ်စွာဘုရား ဖွားမြင်တော်မူရာ ဤစကြဝဠာနှင့် ဖြစ်ဖော်ဖြစ်ဖက်၊ ပျက်ဖော်ပျက်ဖက် (ဖွားတော်မူရာ၊ ဘုရားအဖြစ်ရောက်ရာ၊ ဓမ္မစကြာတရား ဟောတော်မူရာတို့၌ အတူတုန်လှုပ်ရာ) စကြာဝဠာ တိုက်တသောင်းကို ဆိုပါသည်။

အာဏာခေတ်ဆိုသည်မှာ မြတ်စွာဘုရား၏ တန်ခိုးတော်၊ ပရိတ်တော်၊ အာဏာတော်ပျံ့နှံ့ရာ စကြဝဠာကုဋေတသိန်းကို ဆိုပါသည်။ ၀ိသယခေတ်ဟူသည်မှာ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ် ကျက်စားရာ စကြာဝဠာအနန္တကို ဆိုပါသည်။ ထို့ကြောင့် စကြာဝဠာ တခုမျှကိုသာ ဆိုသော လောကဓာတ်တခု၊ စကြာဝဠာတခု ဟူသည်မှာ ဇာတိခေတ်၏ အတွင်း၌ ပါ၀င်သော ဌာနတစိတ်မျှသာ ဖြစ်ပါသည်။


( မေး ) ( နတ်ဗြဟ္မာနှင့် ရဟန္တာ )
အရှင်ဘုရား၊ ဆောင်းပါးရှင်တဦး ရေးသားထားသည်မှာ ဗုဒ္ဓမြတ်စွာ မဟာသမယသုတ်တော်ကို ဟောကြားရာတွင် နာကြားရသော နတ်ဗြဟ္မာများ သုတ်တော်၏အဆုံး၌ ကုဋေတသိန်းခန့် ရဟန္တာဖြစ်သည်ဟု ပါရှိပါသည်။ နတ်ဗြဟ္မာများ ရဟန္တာ ဖြစ်နိုင်-မဖြစ်နိုင် ဖြေကြားပေးတော်မူပါဘုရား။
( ဦးသာဆင်-ရေကြည်မြို့၊ ဧရာဝတီတိုင်း )

( ဖြေ )
ဣတိ-ဤသို့၊ ဒေသနာပရိယောသာနေ-ဤမဟာသမယသုတ်ကို ဟောတော်မူပြီးသော အဆုံး၌၊ ကောဋိသတ သဟဿဒေဝတာ-ကုဋေတသိန်းသော နတ်ဗြဟ္မာတို့သည်။ အရတ္တံ-အရဟတ္တဖိုလ်သို့၊ ၀ါ-ရဟန္တာအဖြစ်သို့။ ပတ္တာ-ရောက်ကြကုန်၏။ သောတာပန္နာဒီနံ-သောတာပန်, သကဒါဂါမ်, အနာဂါမ်, ဖြစ်ကုန်သော နတ်ဗြဟ္မာတို့၏။ ဂဏနာ-အရေအတွက်သည်။ နတ္ထိ-မရှိ။ ဟု ၄င်းသုတ်အဋ္ဌကထာ၌ ဆိုထားပါသည်။

နတ်ဗြဟ္မာတို့သည် ရဟန္တာ ဖြစ်နိုင်ကြပါသည်။ စတုမဟာရာဇ်မှစ၍ ၀သဝတ္တီအထိ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့သည် သောတာပန်, သကဒါဂါမ်, အဖြစ်ဖြင့် နေနိုင်ကြ၍ အနာဂါမ်ဖြစ်လျှင် ထိုနတ်ဘုံတို့မှ စုတေပြီး အထက်ဗြဟ္မာ့ဘုံ ( သုဒ္ဓါ၀ါသဘုံ ) တို့သို့ ရောက်ကြရပါသည်။ ထို့ကြောင့် နတ်ပြည်၌ ရဟန္တာဖြစ်လျှင် ဗြဟ္မာ့ပြည်သို့ ပြောင်းကြရကြောင်း မှတ်သားသင့်ပါသည်။


( မေး ) ( အဇိတ ရဟန်း )
အရှင်ဘုရား၊ နောင်ပွင့်လတံ့သော အရိမေတ္တေယျ ဘုရားအလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်မှာ အဇိတ-အမည်ရှိ မထင်ရှားသော ရဟန်းဖြစ်ခဲ့ပြီး အဇာတသတ်မင်း၏ သားတော်လည်း ဖြစ်သည်ဟု ဆိုပါသည်။ မည်သည့်ကျမ်းဂန်မှာ လာပါသလဲဘုရား၊ အဇိတ-ရဟန်းသည် ဂေါတမဘုရားရှင် လက်ထက်တွင် မည်သည့်တရား မဂ်အဆင့်ကို ရရှိပါသလဲဘုရား။
( ဦးဖေသက်ညွန့်-အလုံ )

( ဖြေ )
အရိမေတ္တေယျဘုရား အလောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်တွင် အဇာတသတ်မင်း၏သား အဇိတမည်သော ရဟန်းတပါး ဖြစ်ကြောင်းမှာ အနာဂတဝင် စာအုပ်များတွင် ပါရှိပါသည်။ ခိုင်ခန်ပသောကျမ်းလာစကား မဟုတ်ပါ။ ( အဇာတသတ်မင်းသည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးအား သတ်၍ မင်းအဖြစ်သို့ ရောက်ပြီးနောက်မှ ပထမသားဦး ရပုံ၊ အဇာတသတ်မင်းဖြစ်ပြီး ၄-နှစ်ခန့်တွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပုံ စသည်တို့ကို တွက်ချက်ပြဆိုထားသော စာများအရ အဇိတရဟန်း၊ အဇာတသတ်သား ဖြစ်နိုင်-မဖြစ်နိုင် စိစစ်ချက်များလည်း ရှိပါသည်။ ) အဇိတရဟန်းသည် အရိမေတ္တေယျ ဘုရားလောင်းဖြစ်လျှင် ဤဂေါတမဘုရားရှင် လက်ထက်၌ မည်သည့်တရား မဂ်ဖိုလ်မျှ မရနိုင်ပါ။ ရလျှင်လည်း အရိမေတ္တေယျဘုရား ဖြစ်တော့မည်မဟုတ်၊ သောတာပတ္တိမဂ်ဖိုလ်ကို ရလျှင်ပင် ခုနစ်ဘဝမျှဖြင့် နိဗ္ဗာန်စံဝင်သွားတော့မည်ဖြစ်ကြောင်း သိထားသင့်ပါသည်။


( မေး ) ( ဆံပင် ဘုရားလှူ )
အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီးလှူမည်လုပ်ရာ အချို့က ဆွပင်အတိုင်း မလှူကောင်း ရောင်၍၊ သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
( အေးငြိမ်းမိုး-ပန်းတောင်းမြို့ )

( ဖြေ ) ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား-တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္ဆ-သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာဝတ္ထုပင်ဖြစ်ပါသည်။ အမျိုးသမီးတို့အဖို့ အမွန်အမြတ်ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိန်လှူဒါန်း၍လည်း တင့်တယ်မှုမရှိပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။ မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက်လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့် မိဖုရားဖြစ်သွားသော ၀တ္ထုတခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။


( မေး ) ( ရဟန္တာများနှင့် ဘီစီအေဒီ )
အရှင်ဘုရား၊ ၁၉၉၃-ခု ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်၌ ဆရာတော်ဘုရား ဖြေကြားသော ဘာသာရေးပြဿနာ အခန်း၌
၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာ
၂။ ဆဠဘိညရဟန္တာ
၃။ တေဝိဇ္ဇရဟန္တာ
၄။ သုက္ခဝိပဿကရဟန္တာ ဟူ၍ ၄-မျိုးရှိကြောင်း ပါရှိပါသည်။

၄င်းရဟန္တာ ၄-မျိုး၏ အဓိပ္ပါယ်ကို ထပ်ဆင့်ပြီးသိလိုပါ၍ ဖြေကြားပေးတော်မူပါရန်နှင့် အချို့ ဘာသာရေးဆောင်းပါးမျိုး၌ ပါရှိသော ဘီစီ-ဘယ်နှစ်က အေဒီ-ဘယ်နှစ်က-ဟု ရေးသားထားသည်ကို ဖတ်ရပါသည်။ ၄င်း ဘီစီ။အေဒီ ဆိုသည်များကို အဓိပ္ပါယ်ဖော်ပြ၍ ရှင်းလင်းပေးစေလိုပါသည်ဘုရား။
( သုမေတ္တာ-မန်ကျည်းသုံးပင်ရွာ )

( ဖြေ )
ရဟန္တာလေးမျိုးတို့တွင်
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာဆိုသည်မှာ-ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံကို အလုံးစုံ ကျွမ်းကျင်တတ်သိသွားသော ရဟန္တာမျိုး ဖြစ်ပါသည်။
၂။ ဆဠဘိည ရဟန္တာဆိုသည်မှာဆိုသည်မှာ-ရဟန္တာဖြစ်လျှင်ပင် အဘိညာဉ်ခြောက်ရပ် သမာပတ်ရှစ်ဖြာကို ရရှိနိုင်သော ရဟန္တာမျိုးဖြစ်သည်။
၃။ တေဝိဇ္ဇ ရဟန္တာဆိုသည်မှာ-ပုဗ္ဗေနိ၀ါသဉာဉ်, ဒိဗ္ဗစက္ခုဉာဏ်, အာသဝက္ခယဉာဏ်တို့ကို ရရှိသော ရဟန္တာမျိုးဖြစ်၍
၄။ သုက္ခဝိပဿက ရဟန္တာဟူသည်မှာ-ရဟန္တာဖြစ်သော်လည်း စျာန်မရသော ရဟန္တာမျိုးဖြစ်သည်။
အားလုံးရဟန္တာချည်းဖြစ်သော်လည်း
၁-မှာ အဆင့်အမြင့်ဆုံးဖြစ်၍ ၄-မှာ အဆင့်နိမ့်သည်ဟု ဆိုနိုင်ပါသည်။

ကမ္ဘာသက္ကရာဇ်ကို ပြောဆိုရာ၌ ခရာဇ်သက္ကရာဇ်ကို အသုံးပြုရသဖြင့် ခရစ်တော်မပေါ်မီက နှစ်ကို ဘီစီ-ဟုဆို၍ ခရစ်ပေါ်ပြီးမှ နောက်ဖြစ်သော သက္ကရာဇ်ကို အေဒီ-ဟု ဆိုပါသည်။ ဥပမာ-မြတ်စွာဘုရားသည် ဘီစီ-၅၄၄-တွင် ပရိနိဗ္ဗာန်ပြုသည်။ ယခုအချိန်အခါသည် အေဒီ ၂၀-ရာစု ရှိနေပြီဟူသည်တည်း။


( မေး ) ( အဘိုး၊ အဘ၊ အဖေကြီးနှင့် လက်ခြောက်ချောင်း )
အရှင်ဘုရား
၁။ အချို့လူပုဂ္ဂိုလ်များသည် ဆရာတော်ကြီးများအား အဘိုး၊ အဘ၊ အဖေကြီးဟု ခေါ်ဝေါ်သုံးစွဲနေကြပါသည်။ ထိုသို့ ခေါ်ဝေါ်သုံးစွဲသင့်-မသင့် ဖြေကြားပေးတော်မူပါဘုရား။
၂။ အချို့သော ဆင်းတုတော်များမှာ လက်ချောင်းတော်ကလေးများကို တဖက်က ၅-ချောင်း၊ တဖက်က ၆-ချောင်း ပြုလုပ်ထားခြင်းကို တွေ့ရပါသည်။ မေးကြည့်ရာတွင် ၁၁-မီးငြိမ်းရန် အဓိဋ္ဌာန်၍ လှူသည်ဟု သိရပါသည်။ ထိုသို့ လုပ်သင့်-မလုပ်သင့် ဖြေကြားပေးတော်မူပါဘုရား။
( မတင်ဇာဦး-အ-ထ-က(၁) လှိုင် )

( ဖြေ )
၁။ မြတ်စွာဘုရားသည် လာရောက်စွပ်စွဲသော သိဥ္စမာနအား ဘဂိနိ-နှမဟု ခေါ်ဝေါ်သုံးစွဲ၍ စကားဆိုတော်မူပါသည်။ ထို့အတူ အင်္ဂုလိမာလသုတ်၌ ယတောဟံ ဘဂိနိ-ဟု အမျိုးသမီးအား နှမ-ဟု ခေါ်ဆိုခဲ့သည်။ ရဋ္ဌပါလမထေရ်သည် အိမ်ဖော် မိန်းကလေးအား ထို့အတူပင် ခေါ်ဝေါ်၏။ ဘဂိနီတိ အရိယဝေါဟာရော-ဟု မဇ္ဈိမပဏ္ဏာသ အဋ္ဌကထာ၌ ဖွင့်ဆိုသည်။ ယင်းတို့မှာ အရိယာ ဝေါဟာရ၊ အရိယာပုဂ္ဂိုလ်များ၏ ခေါ်ဝေါ်သုံးစွဲခြင်း-ဟု အဓိပ္ပါယ်ရှိသည်။

ဤသို့ နှမအရွယ်ကို နှမ၊ အမိအရွယ်ကို အမိ-ဟု ခေါ်ဝေါ်ခြင်းမှာ တပ်မက်တွယ်တာမှုကို ကာကွယ်နိုင်သည်ဟု ဆိုသည်။ မဟာမိတ္တမထေရ်မြတ်၏ ဆွမ်းဒါယိကာမ သားအမိတို့က မထေရ်အား သားတော်၊ အကိုတော်-ဟု သုံးစွဲခေါ်ဝေါ်ကြသည်။ နကုလမာတာ နကုလပိတာ တို့က မြတ်စွာဘုရားအား သားတော်-ဟုခေါ်၍ ပြောဆိုသည်ကိုလည်း ဘုရားရှင် ခွင့်ပြုသည်။ ထို့ကြောင့် ဆရာတော်ကြီးများအား ရင်းနှီးကြည်ညိုစိတ်ဖြင့် အဘိုး၊ အဘ၊ စသည်ခေါ်ဝေါ်ခြင်းမှာ အပြစ်ရှိစရာ မမြင်ပါ။ ရှမ်းပြည် နယ်သူအများအပြားသည် ဆရာတော်ကြီးများ အား ဘဘုန်း-ဟု ခေါ်ဝေါ်ကြမြဲ ဖြစ်သည်ကို တွေ့ရသည်။

၂။ ဘုရားပုံတော်များ ရုပ်တုတော်များကို ဤသို့ လက်ခြောက်ချောင်းစသည် ထုလုပ်ခြင်းမှာ အလွန်မသင့်လျော်သော လုပ်ဆောင်မှုများ ဖြစ်ပါသည်။ ဤခေတ်တွင် လက်ခြောက်ချောင်း၊ ခြေခြောက်ချောင်း ရှိသူများအား ၀ဋ်မကင်းသူများဟု အသိအမှတ်ပြုကြပါသည်။ မြတ်စွာဘုရား ရုပ်တုတော်အား ဤသို့အဆန်းထွင် ထုလုပ်သူများအဖို့ လွန်စွာပင် အပြစ်ကြီးလှပါသည်။ လုံးဝမလုပ်သင့်သောကိစ္စပင် ဖြစ်ပါသည်။