ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအနေနဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ အဆုံးအမတွေကို
လိုက်နာကျင့်ကြံရင် အလွန်ကျေးဇူးများပါတယ်။ “ကျနစွာ သင်ပြမပေးတတ်သော ဆရာထံနေမိခြင်း
သည် ထိုဆရာထံ၌ ဓမ္မလမ်းကြောင်း လွှဲချော်နေသဖြင့် အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏။
စနစ်တကျ ဆိုဆုံးမ သင်ပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းကား ကောင်းကျိုးချမ်းသာ၊ နိဗ္ဗာန်ထိ

ရောက်နိုင်သဖြင့် အမျိုးကောင်း၊ မိဘကောင်းထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့်တူသည်။”(သံ၊ ဌ၊ ၂၊ ၇၇)
အားလုံးကြားဖူးတဲ့ အတိုင်းပဲ ရှင်ဘုရင်စီးတဲ့ စီးတော်မြင်းက လမ်းလျှောက်ရင် ခြေ “ခွင်” နေ
တယ်။ အဲဒါနဲ့ ရှင်ဘုရင်ကြီးက ဒီမြင်းကြောင့် ရာဇအိန္ဒြေထိခိုက်တာပေါ့၊ အိန္ဒြေမဲ့တယ်လို့ဆိုရမှာပေါ့
လေ။ အဲဒါနဲ့ ဒီစီးတော်မြင်းကိုမစီးဘဲနဲ့ တခြားမြင်းတွေကို စီးပြန်တော့လဲ အချိုးမကျ၊ အဆင်မပြေ။
ဒါကြောင့် စီးတော်မြင်း ခြေခွင်တာကို သမားတော်ကြီးတွေခေါ်ပြီး ဆေးကုခိုင်းတယ်။ ဆေးဆရာ
တွေက ဆေးတွေလိမ်းပေး၊ ဆေးကြပ်စည်းပေးနဲ့ အမျိုးမျိုး ကုသကြတယ်။ တစ်ပတ်လည်းမကောင်း၊
နှစ်ပတ်လည်း မကောင်း၊ သုံးပတ်လည်းမကောင်း၊ နောက်ဆုံး.... စီးတော်မြင်းအသစ် ရှာရတော့မယ်
ဆိုတော့လဲ မလွယ်ဘူး။ သတ်ပစ်ဖို့ကလဲ ရှင်ဘုရင်စီးတဲ့ စီးတော်မြင်း ဖြစ်နေတယ်။
အဲဒါနဲ့ ပကတိ ဆေးဆရာတွေ ကုလို့တော့ မရဘူးဟေ့ ဆိုပြီးတော့ တိုင်းပြည်မှာရှိတဲ့ ပညာရှိ
တွေနဲ့တိုင်ပင်တယ်။ ပညာရှိတွေထဲက ပညာရှိ တစ်ယောက်က မြင်းကိုကြည့်တယ်၊ မြင်းခြံကို သွား
ကြည့်တယ်၊ မြင်းနေတာထိုင်တာကို ကြည့်တယ်။ ပြီးတော့ အဲဒီမှာတင် ရှင်ဘုရင်ကြီးကို သတော်ဦး
တင်တယ်၊ “အရှင်ဘုရား တပည့်တော် ကုပေးပါရစေ”၊ “ဟာ..ကုလေ၊ ဘာဆေးဖေါ်ပေးရမလဲ၊ ဘာ
တွေ ပေးရမလဲ၊ ” “ဘာဆေးမှ မဖေါ်ရပါဘူး ဘုရား၊ တပည့်တော်ကို တစ်လလောက် ကုခွင့်ပေးပါ။”
အဲဒီ တစ်လလောက်ကြာတော့ မြင်းက ခြေမခွင်တော့ဘူး၊ ပြန်တည့်သွားတယ်။
အဲဒါနဲ့...ရှင်ဘုရင်ကြီးက အသင်ပညာရှိ ဘယ်လိုကုသလိုက်ရတာလဲ၊ ကုသနည်းကိုမေးတော့
“မြင်းထိန်းကို လဲလိုက်တာ”၊ စီးတော်မြင်းကို ထိန်းတဲ့သူဟာ ဘယ်သူက ဘယ်လို ပြောင်းပြီးတော့
စီးတော်မြင်းထိန်း နောက်တစ်ယောက် ခန့်ထားလိုက်သလဲ မသိဘူး၊ နောက်ရောက်တဲ့ စီးတော်မြင်း
ထိန်းက ခွင်နေတာ။ လမ်းလျှောက်သွားရင် လက်ကခွင်ခွင်၊ ခြေကခွင်ခွင်ဆိုတော့၊ စီးတော်မြင်းက
သူ့ရှေ့က ဆွဲသွားတဲ့ သူ့မြင်းထိန်းကို ကြည့်တာပေါ့၊ သူ့မြင်းထိန်းခွင်တော့ မြင်းကပါ လိုက်ခွင်တယ်၊
ရှေ့က ခွင်ခွင်လျှောက်ရင် နောက်ကပါ ခွင်ခွင်ပြီး လိုက်လျှောက်တယ်။ ရှေ့ကကွေးကွေး လျှောက်ရင်
နောက်ကပါ ကွေးကွေးပြီး အတုယူကာ လျှောက်တယ်။ ရှေ့က လမ်းညွှန်တဲ့အတိုင်း နောက်ကကြည့်
ပြီး လိုက်လုပ်ရမယ် အထင်နဲ့ လိုက်လုပ်တာပါ။
အဲဒါနဲ့ စီးတော်မြင်းရဲ့ မြင်းထိန်းကို ပြန်လဲလိုက်တာ။ ရှေ့ကမြင်းထိန်း ဖြောင့်ဖြောင့် စမတ်
ကျကျ သပ်သပ်ရပ်ရပ် မြင်တော့၊ စီးတော်မြင်းလည်း ဖြောင့်ဖြောင့်ပဲ သွားတော့တယ်။ သပ်သပ်ရပ်
ရပ်ပဲ သွားတော့တယ်၊ အို.. သူတော်ကောင်းတို့ ကိုယ့်ရှေ့မှာ ဘဝမြင်းထိန်းတွေ ရှိတယ်။ မြင်းထိန်း
တွေ အပြောကောင်းရုံနဲ့ မပြီးဘူး၊ အကောင်းပြောဖို့ အရေးကြီးတာ၊ ရှေ့ကကောက်ကောက် သွား
ရင် ကိုယ်လည်း ကောက်ကောက်သွားမှာ၊ ရှေ့က ဖြောင့်ဖြောင့်သွားရင် ကိုယ်ကလည်း ဖြောင့်ဖြောင့်
သွားမှာ၊ ရှေ့က မြင်းထိန်းကလည်း သူ့နောက်က လိုက်နေတဲ့သူက ကြည့်နေတယ်ဆိုတာ မသိဘူး။
နောက်ကလူတွေကလည်း ရှေ့ကလူကိုကြည့်ပြီး သွားရမယ်ပဲ သိတယ်။ ကိုယ့်ကိုယ်ကို ကောက်သွား
သလား ဖြောင့်သွားသလား လို့လဲ မသိဘူး။
သြော်... နောက်ကလိုက်ကြတဲ့ လူတွေကလည်း အပြောကောင်းဖို့ထက် အကောင်းပြောကို
သတိထားစေချင်ပါတယ်။ ရှေ့က လျှောက်သွားနေတဲ့ အထိန်းတော်တွေကလည်းပဲ အကောင်းထိန်း
စေချင်ပါတယ်။ မိဘကလည်း သားသမီးတွေရဲ့ အထိန်းတွေပါ၊ ဆရာကလည်း တပည့်နောက်လိုက်
တွေရဲ့ အထိန်းတွေပါ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ပုဂ္ဂိုလ်တွေကလည်း တိုင်းသူပြည်သားရဲ့
အထိန်း။ ရှေ့ကဖြောင့်ဖြောင့်သွားမှ နောက်ကဖြောင့်ဖြောင့် သွားမယ်၊ ပတ်ဝန်းကျင် အခြေအနေ
ဆိုတာ သူ့ကို ကိုယ်မသိ၊ ကိုယ့်ကို သူမသိနဲ့ ကောက်ကောက်သွား ကောက်ကောက်လိုက်နေရင်
ဘယ်တော့မှ ဖြောင့်ဖို့မလွယ်ဘူး။ ပညာရှိ ရှိလို့သာ မြင်းခြေထောက် ပြန်ဖြောင့်တာ။ ကုသမရဆိုပြီး
မြင်းကိုသတ်လိုက်ရင် နှမျောစရာကြီး၊ ဆုံးရှုံးသွားမှာပေါ့။
အရေးကြီးပါတယ်။ ပညာရှိ၊ မိဘတွေက သားသမီးတွေကို ဘယ်လိုဖြောင့်ရမလဲ၊ ဆရာက
တပည့်တွေကို ဘယ်လိုဖြောင့်ရမလဲ၊ လူကြီးတွေက လူငယ်တွေကို ဘယ်လိုဖြောင့်ရမလဲ၊ ခေါင်း
ဆောင်တွေက နောက်လိုက်တွေကို ဘယ်လိုဖြောင့်အောင် လုပ်ရမလဲ၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်
တဲ့ပုဂ္ဂိုလ်တွေက တိုင်းသူပြည်သားတွေကို ဘယ်လိုဖြောင့်အောင် လုပ်ရမလဲဆိုတာ ပညာရှိတွေမှ
သိကြပါလား ဆိုပြီးတော့ အားလုံး ဒီအသိတရားတွေ ရကြပါ။ ကိုယ်ကဖြောင့်ဖြောင့်သွား နောက်က
လူကိုလည်း ဖြောင့်ဖြောင့်လိုက်နိုင်သဖြင့် ဘဝဖြောင့်သထက်ဖြောင့်၊ လိုရာခရီးရောက်၊.. အောင်မြင်
နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ ရွှေ FM အစီအစဉ်ရဲ့ ဓမ္မဒူတအရှင်ဆေကိန္ဒ၏ ဘဝဖြောင့်ကြောင်း တစေ့တစောင်း
အပိုင်း(၅၃) မှ ကောက်နုတ် ရေးသားပူဇော်ပါသည်။}
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။