“မေတ္တသုတ်-မြန်မာပြန် အဓိပ္ပါယ်
မေတ္တာပွားရကျိုး နှင့် မေတ္တာပွားသည့်အခါ
အစွမ်းထက်လိုပါက လိုက်နာစောင့်ထိန်းဖွယ်များ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“မေတ္တသုတ်-မြန်မာပြန် အဓိပ္ပါယ်”
••••••••••••••••••••••••••••••••••••••••••••••
(၁)။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒဿေန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိ၀ မတန္ဒိတော။

မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်
အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော
ဘီလူး သရဲစသော နာနာဘာဝတို့သည်
မခြောက်လှန့်နိုင်ကြကုန်။
ယင်းသုတ်ကို နေ့ညမပြတ်
ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်...

(၂)။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧဝမာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။

ချမ်းသာစွာ အိပ်ပျော်ခြင်း၊
အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော
အကျိုးဂုဏ်များရှိသောကြောင့်
- အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…

(၃)။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊

အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သော
အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည်
ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို
အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို
ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည်
တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊
အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊
ဆုံးမလွယ်သူ၊ သူတပါး၏စကားကို
နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ
ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

(၄)။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။

စားသောက်စရာ၊ နေစရာအရာရာတို့တွင်
ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊
ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေ့ါပါးစွာ
အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊
အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊
စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊
ထို့ပြင်သာမက မျက်စိ၊ နားစသော ဣန္ဒြေငါးပါးကို
ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဉာဏ်ပညာဖြင့်
ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော
သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

(၅)။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပ ဝဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော
မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ
ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်။
သတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ
ဘေးရန်ကွာ၍ ချမ်းသာကြပါစေသတည်း။
ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း။

(၆)။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာ၀ နဝသေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။

ထွက်သက်ဝင်သက် အသက်ရှုနေကြသော
သတ္တဝါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသော
ရဟန္တာမဖြစ်ကြသေးသော သတ္တဝါများ၊
မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော
ရဟန္တာမထေရ်မြတ်ကြီးများ၊
ခန္ဓာကိုယ်ရှည်လျားသော သတ္တဝါ၊
ခန္ဓာကိုယ်ကြီးမားသော သတ္တဝါ၊
မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော
သတ္တဝါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တဝါ၊
အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော
သတ္တဝါတွေအပါအဝင် အားလုံးတို့သည်
ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …။

(၇)။ ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာ၀ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တဝါ၊
မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တဝါ၊
ကျွနု်ပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊
မနီးမဝေးမှာ ရှိနေသောသတ္တဝါများ၊
နောင်ဘဝမဖြစ်ရတော့သည့် ရဟန္တာစသော
သူတော်ကောင်းတို့သည်၎င်း၊
နောင်ဘဝဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော
သတ္တဝါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ
ချမ်းသာကြပါစေကုန်သတည်း။

(၈)။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။

တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊
တိရစ္ဆာန်တကောင်က တစ်ကောင်ကို
ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊
စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊
မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊
ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါး
ဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

(၉)။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။

တစ်ဦးတည်းသော သားရှိသော မိခင်သည်
မိမိသားအပေါ် ဘေးရန်မကျရောက်အောင်
အသက်ပေးကာ စောင့်ရှောက်သကဲ့သို့
အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို
သတ္တဝါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..။

(၁၀)။မေတ္တဉ္စ သဗ္ဗလောကသ္မိ ံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။

အထက်ဘဝဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊
အောက်အဝီစိအပါယ်ဘုံတိုင်အောင်၊
အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊
ရူပဗြဟ္မာ့ဘုံ အပါအဝင် နေရာမလပ်
အကျိုးအနန္တ များပြားလှသော၊
အတိုင်းအဆပမာဏ မရေတွက်နိုင်သော
မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ။
အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊
ကိုယ်တွင်းဘေးရန်လဲ မရှိ၊
ပြင်ပရန်သူလဲ မရှိဘဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း။

(၁၁)။ တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝီတမိဒ္ဓေါ။
ဧတံ သတိံ အဓိဋ္ဌေယျ၊
ဗြဟ္မ မေတံ ဝိဟာရ မိဓ မာဟု၊

ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊
ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို
စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့်
မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ။
ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင်
မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း၊
ဗြဟ္မဝိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။

(၁၂)။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။

အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ရှိသူသည်၊
အယူလွဲမှား ဖောက်ပြန်သောဘဝသို့ မရောက်နိုင်တော့ဘဲ
လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဉာဏ်
ဖိုလ်ဉာဏ်များကိုပင် မျက်မှောက်ပြုရတတ်သည်။
သက်ရှိ၊ သက်မဲ့ ဝတ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌
မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန်
ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ။

“မေတ္တာအကျိုး(၁၁)မျိုး”
•••••••••••••••••••••••••••••••
(၁)။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
(၂)။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
(၃)။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
(၄)။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
(၅)။ လူမှတပါး အခြားသော ပရလောကမှ
ပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
(၆)။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ
စောင့်ရှောက်မှု ခံရခြင်း၊
(၇)။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက်
မှန်သမျှ မထိရောက်နိုင်၊
(၈)။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျှင်
စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
(၉)။ မေတ္တာစိတ်ကြောင့် အမြဲတမ်း
မျက်နှာကြည်လင်နေခြင်း၊
(၁၀)။ သေခါနီးဝယ် ကြည်ကြည်လင်လင်
ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
(၁၁)။ ယခုဘဝတွင် မဂ်ဖိုလ်မရလျင်တောင်
မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း။
(မေတ္တာအကျိုး ဆောင်ပုဒ်)
မေတ္တာဂုဏ်ရည်၊ဆယ့်တစ်လီကား၊အညီသတ္တဝါ၊
မလပ်ပါအောင်၊ခါခါနေ့စဉ်၊မေတ္တာယှဉ်မှု၊
ကြည်လင်အိပ်ပျော် ထချိန်တော်၍ ၊
နိုးသော် ရွှင်ရွှင်၊အိမ်မက်မြင်လည်း၊
အစဉ်ကောင်းစွာ၊မြင်မက်ရာ၏။
ပြည်ရွာလူသား ၊နတ်အများလည်း၊
မြင်ကြားသမျှ၊ချစ်ခင်ကြသဖြင့်၊
ဒေဝထွေထွေ စောင့်ရှောက်လေ၏။
မီး၊ရေ၊ခိုးသူ များရန်သူလည်း
မယူမဖျက်၊မနှောက်ယှက်တည်း။
စိတ်ဓာတ်လည်းတည်၊မျက်နှာကြည်၍၊
သေမည်ခါချဉ်း၊တွေဝေကင်း၏။
မှန်းရင်းဓမ္မ၊မဂ်မရလည်း၊
ဈာန်ရလေလစ်၊ဗြဟ္မာဖြစ်သည်...
ဆယ့်တစ်မေတ္တာအကျိုးတည်း။ ။

“မေတ္တသုတ်တော်လာ လိုက်နာသင့်ဖွယ် (၁၅)ချက်”
••••••••••••••••••••••••••••••••••••••••••••••••••••••••••
(၁)။သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
(၂)။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်။
(၃)။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ
ဖြောင့်မတ်သင့်၏။
(၄)။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
(၅)။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
(၆)။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊
သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
(၇)။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
(၈)။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
(၉)။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
(၁၀)။ သလ္လဟုကဝုတ္တိ စ= ပေါ့ပါးသော
အသက်မွေးခြင်းလည်းရှိသင့်၏၊
(၁၁)။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣန္ဒြေရှိသင့်၏၊
(၁၂)။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော
ပညာဉာဏ်လည်း ရှိသင့်၏၊
(၁၃)။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
(၁၄)။ ကုလေသု အနနု ဂိဒ္ဓေါ=
အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ။
(၁၅)။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို
အနည်းငယ်မျှလည်း မပြုကျင့်ရာ။
-【ရေးသားသူ-အရှင်သုနန္ဒာလင်္ကာရMA(ပန်းကမ္ဘာ)】
Posted by►
www.facebook.com/youngbuddhistassociation.mm