“ဥပုသ်သည် နဲ့ ပန်းနံ့သာ”
••••••••••••••••••••••••••••••••••••
အရှင်ဘုရား ဥပုသ်မယူသေးခင်
သနပ်ခါးလိမ်းခြင်း၊ ပန်းပန်ခြင်း၊ ရေမွှေးဆွတ်ဖျန်းခြင်း
ပြုလုပ်လို့ ရပါသလားဘုရား။ ဒီလိုပြုလုပ်ရင် ဥပုသ်ကျိုးနိုင်၊
မကျိုးနိုင်အထင်အရှား မိန့်ကြားတော်မူပါဘုရား။
-【ကိုအောင်ဆန်းဋ္ဌေး၊မိတ္ထီလာမြို့ 】

ဒကာအောင်ဆန်းဌေးရေ .....
ပိဋကတ်အဆိုအမိန့်တွေ၊ ရှေးထုံးသာဓကတွေကို
မကိုးကားဘဲ ရိုးရိုးရှင်းရှင်းလေး စဉ်းစားကြည့်လိုက်ရုံနဲ့
ဥပုသ်စောင့်ဖို့ ရည်ရွယ်ထားသူတစ်ယောက်ဟာ
ဥပုသ်မယူခင်မှာ ကြိုတင်ပြီး သနပ်ခါးလိမ်းခြင်း၊
မိတ်ကပ်လူးခြင်း၊ ရေမွှေးဆွတ်ခြင်း၊ ပန်းပန်ခြင်း
မပြုလုပ်သင့်ဘူး . . . . ဆိုတာ သိသာထင်ရှားပြီးသားပါ။

❖ဥပုသ်မယူခင် လိမ်းတာ၊ ပန်တာမို့
ဥပုသ်မကျိုးနိုင်ပါဘူး လို့ ဆင်ခြေပေးတာဟာ
ဝိနည်းရှောင်တဲ့သဘောနဲ့ ကလိမ်ကကျစ်
လုပ်လိုက်တာပါပဲ။ဝိနည်းဥပဒေကို
လက်တစ်လုံးခြား လှည့်ပတ်တတ်တဲ့
အဲဒီစိတ်ထားဟာ ရိုးသားမှု မရှိတဲ့ စိတ်ထားပါ။

❖ဥပုသ်မယူခင် ပန်းပန်ထားတယ် ဆိုပါစို့။
ဥပုသ် ယူပြီးတဲ့နောက် အဲဒီပန်းကို ဖြုတ်မပစ်ဘူးဆိုရင်
အဲဒီ ဥပုသ်သည်ကို ပန်းပန်ထားသူလို့ပြောမလား၊
ပန်းပန် မထားသူ လို့ ပြောမလား၊
“ပန်းပန်ထားသူ”လို့ပဲ ပြောရမှာပါ။

❖ဥပုသ်မယူခင်က ပန်ထားတာမို့
“ကျွန်မ ပန်း မပန်ပါဘူး၊ ပန်းက ကျွန်မခေါင်းပေါ်ကနေ
သူ့ဘာသာသူ မဆင်းတာပါ” လို့ ငြင်းပယ်ခွင့် မရှိပါဘူး။
ငြင်းပယ်ခဲ့ရင်လည်း သူ့လောက် ကလိမ်ကကျစ်လုပ်တဲ့
ဥပုသ်သည် ရှိမှာ မဟုတ်တော့ပါဘူး။

ဥပုသ်ကိစ္စမှာတောင် ကလိမ်ကကျစ် လုပ်ရဲမှတော့
တခြားကိစ္စတွေမှာလည်း ကလိမ်ကကျစ်လုပ်ဖို့
ဝန်လေးမှာ မဟုတ်တော့ပါဘူး။(ပန်းက ခေါင်းပေါ်ကနေ
ဘယ်ဆင်းပါ့မလဲ၊ကလစ်နဲ့ အသေအချာ
ညှပ်ထားတဲ့ ဥစ္စာ။)

ဥပုသ်မယူခင် ပန်ထားတဲ့ ပန်းကို ဥပုသ်ယူပြီးနောက်
ဖြုတ်မပစ်ဘဲ ဆက်ပန်ထားတာဟာ ပန်းပန်တာ မဟုတ်လို့
ဘာများပါလိမ့်။ ဥပုသ်မယူခင်ပန်တာ ဘာအပြစ်မှ
မရှိပေမယ့် ဥပုသ်ယူပြီးနောက် ဆက်ပန်ထားရင်တော့
အပြစ်ရှိပါတယ်။ ဥပုသ်ကျိုးကို ကျိုးပါတယ်။

❖ပန်ထားတဲ့ပန်းကို ဖြုတ်မပစ်သေးသရွေ့
ပန်းပန်ခြင်းကိစ္စ အထမြောက်နေပါတယ်။
စ, ပန်တဲ့ အချိန် အခိုက်အတန့်လေးကိုသာ
ပန်းပန်တယ်လို့ ခေါ်တာ မဟုတ်ပါဘူး။
ခေါင်းပေါ်မှာ ပန်းရှိနေသမျှ ကာလပတ်လုံး
ပန်းပန်တယ်လို့ ခေါ်ပါတယ်။

မနက်ပိုင်းကပန်ထားတဲ့ပန်းကို
ဆံကေသာမှာ ဆင်မြန်းထားဆဲ
ဖြစ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ ညနေပိုင်းမှာတွေ့လို့
“ဟယ် . . . နင်ပန်ထားတဲ့ ပန်းကလေးက လှလိုက်တာ”
လို့ ပြောတာကို “ကျွန်မ ပန်းမပန်ထားပါဘူး” လို့
ငြင်းရင် ငြင်းတဲ့မိန်းကလေးသာ ရယ်စရာဖြစ်သွားမှာပေါ့။

✤သနပ်ခါးလိမ်း၊
✤မိတ်ကပ်လူး၊
✤ ရေမွှေးဆွတ်တာတွေလည်း နည်းတူပါပဲ။
✤ဥပုသ်မယူခင် လိမ်းထားတဲ့ သနပ်ခါး၊
မိတ်ကပ်က ဥပုသ်ယူပြီးတာနဲ့ အလိုအလျောက်
ပျက်သွားရင်တော့ လိမ်းကောင်းလိမ်းသင့်ပါလိမ့်မယ်။
✤ဥပုသ်မယူခင် ဆွတ်ထားတဲ့ ရေမွှေးက ဥပုသ်ယူပြီးတာနဲ့
သူ့ဘာသာသူ ရနံ့ ပြယ်သွားရင်တော့
ဆွတ်ကောင်း ဆွတ်သင့်ပါလိမ့်မယ်။

အခုတော့ . . . . သနပ်ခါး၊ မိတ်ကပ်ကလည်း အသားမပျက်၊
ရေမွှေးကလည်း ရနံ့မပြယ်တဲ့အတွက် အဲဒီ ဥပုသ်သည်
အဲဒီသနပ်ခါး၊ မိတ်ကပ်၊ ရေမွှေးတွေအပေါ် သာယာမှု၊
နှစ်သက်သဘောကျမှု ဖြစ်သွားရရှာပါတယ်။

ဥပုသ်ရဲ့ အနှစ်သာရက “ကိလေသာငြိမ်းအေးခြင်း”
ဖြစ်တဲ့အတွက် ကိလေသာမငြိမ်းအေးတဲ့ အဲဒီဥပုသ်သည်
-ဥပုသ်မကျိုးတောင်မှ ဥပုသ်ညှိုးသွားပါပြီ။
-ဥပုသ် မပျက်တောင်မှ ဥပုသ်အက်သွားပါပြီ။
ဒါက အားနာလို့ လျှော့ပေါ့ပြောတာပါ။

ဥပုသ်မယူခင်က လိမ်းကျံဆွတ်ဖျန်းထားတဲ့
အမွှေးနံ့သာတွေကို ဥပုသ်ယူပြီးနောက်ပိုင်း
ဆက်လက် ထိန်းသိမ်းထားတာဟာ
ဥပုသ်ကြီးနဲ့ အမွှေးနံ့သာတွေကို လက်ခံ
အသုံးပြုနေရာရောက်လို့ ဥပုသ်ကျိုးကို ကျိုးပါတယ်။

❖ဒီနေရာမှာ တစ်ခုတော့ မေးစရာရှိပါတယ်။
ဘုရားလောင်း ပဋိသန္ဓေယူမယ့် ဝါဆိုလပြည့်နေ့မှာ
မယ်တော်မာယာ ဥပုသ်စောင့်တော့ ဥပုသ်မယူခင်
နံ့သာရေတွေနဲ့ ရေချိုးခဲ့တာပဲ မဟုတ်လား . . . လို့။

❖ဟုတ်ပါတယ်။နံ့သာရေတွေနဲ့ ရေချိုးခဲ့ပါတယ်။
ဒါပေမဲ့ နံ့သာရေနဲ့ ရေချိုးတယ်ဆိုတာ အခုခေတ်လို
ပြောရင်တော့ အမွှေးဆပ်ပြာတိုက်ပြီး ရေချိုးတာပါ။
သနပ်ခါးလိမ်းတာမျိုး၊ နံ့သာပျောင်း နံ့သာနှစ်
(မိတ်ကပ်လိုအရာ)လူးတာမျိုး လုံးဝ မဟုတ်ပါဘူး။

❖ဘုရားလောင်း မဟာသုဒဿနစကြာမင်း
စကြာရတနာ ဆိုက်ရောက်မယ့်နေ့မှာ
နံ့သာရေအိုး ၁၆လုံး နဲ့ရေချိုးပြီး၊
ဥပုသ်စောင့်တယ်ဆိုတာလည်း ဆပ်ပြာခဲ အမွှေးနဲ့
ရေချိုးတဲ့သဘောသက်သက်မျှသာ ဖြစ်ပါတယ်။
နံ့သာလိမ်းခြင်း၊နံ့သာပျောင်းလူးခြင်း လုံးဝ မဟုတ်ပါဘူး။

မယ်တော်မာယာတို့၊ မဟာသုဒဿနစကြာမင်းတို့
ဥပုသ်မယူခင် နံ့သာရေချိုးတာကို ကိုးကားပြီး
ဥပဒေ လက်တစ်လုံးခြား သနပ်ခါး ကြိုလိမ်းမယ်၊
မိတ်ကပ်ကြိုလူးမယ်၊ ရေမွှေးကြိုဆွတ်မယ်
ဆိုရင်တော့ ဥပုသ်ကျိုးပြီး၊
“ထော့နဲ့ထော့နဲ့ ဥပုသ်သည်” ပဲ ဖြစ်သွားပါလိမ့်မယ်။

တချို့က “ဆေးအဖြစ်နဲ့ လိမ်းတာပါ” လို့ အကြောင်း
ပြကြပါတယ်။အရင်နေ့တွေက . . . အလှအပအတွက်
လိမ်းလာခဲ့ပြီး၊ဥပုသ်နေ့ကျမှ “ဆေးအဖြစ်နဲ့” လို့
အကြောင်းပြတာကတော့ ကိုယ့်ကိုယ်ကိုယ်ကိုရော၊
သီလတရားကိုပါ လှည့်စားရာ ရောက်လွန်းမနေဘူးလား။
ဥပုသ်သည်ရဲ့ မျက်နှာ သနပ်ခါး အဖွေးသား
ဖြစ်နေတာကတော့ အမြင်လေးရယ်မှ အိုမတော်ပါပဲကွယ်။

တကယ်ဆို ဒီကိစ္စနဲ့ပတ်သက်ပြီး စာပေအထောက်
အထားတွေ၊ဘာတွေ အထွေအထူး ရှာဖွေနေစရာတောင်
မလိုပါဘူး။ ဥပုသ်ရဲ့ အဓိပ္ပာယ်၊ ဥပုသ်ရဲ့ အနှစ်သာရကို
နားလည်ရုံနဲ့ ကိစ္စပြီးပါတယ်။

❖“ဥပုသ်” ဆိုတဲ့ စကားလုံးက
“စိတ်ကောင်းစိတ်မြတ်၊ဓာတ်ကောင်းဓာတ်မြတ်တွေ
နဲ့ ပြည့်စုံစွာ နေထိုင်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။
❖ဥပုသ်ရဲ့ အနှစ်သာရကတော့
“ကိလေသာငြိမ်းအေးခြင်း”ပါ။

မွှေးရနံ့တွေ ထုံသင်းနေတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကောင်း
စိတ်မြတ်တွေ ပြည့်စုံမလား၊ စိတ်ဆိုးစိတ်ယုတ်တွေ
ပြည့်စုံမလားဆိုတာ ကိုယ့်ဘာသာကိုယ်
ဆင်ခြင်ကြည့်ရင် သိနိုင်ပါတယ်။

❖ဒီနေရာမှာ “စိတ်ဆိုးစိတ်ယုတ်” ဆိုတာ ဟိုလို
စိတ်ဆိုးစိတ်ယုတ်ကို ပြောတာ မဟုတ်ပါဘူး။
ခြယ်သထားတဲ့ အလှအပတွေ၊ဆွတ်ဖျန်းထားတဲ့
အမွှေးအထုံတွေအပေါ် ကျေနပ်နှစ်သက်တဲ့စိတ်ကို
ပြောတာပါ။ အသေးအမွှားသာယာမှုလေးသည်ပင်
ဥပုသ်သည်တစ်ယောက်ရဲ့ ဥပဒေမှာတော့
“စိတ်ဆိုးစိတ်ယုတ်”ပါပဲ။
(ကိလေသာ=စိတ်ဆိုး စိတ်ယုတ်။)

“စိတ်ကောင်းစိတ်မြတ်”ဆိုတာကတော့ သဒ္ဓါ၊ ဝီရိယ၊
သတိ၊ သမာဓိ၊ ပညာတွေနဲ့ ထုံမွမ်းထားတဲ့ စိတ်ကို
ပြောတာပါ။အလွယ်ပြောရရင်တော့ “ဘာဝနာစိတ်”ပေါ့။
“ဥပုသ်သီလ၊ ဥပုသ်သီလ” လို့ ပြောကြပေမယ့်၊
တကယ်တော့ ဥပုသ်ဟာ သီလသက်သက် မဟုတ်ပါဘူး။
“ဘာဝနာ” လည်း ပါပါတယ်။

“အင်္ဂါရှစ်တန်၊ သီလခံ၍၊ ခြိုးခြံအောင့်အည်း၊
တစ်ဖြောင့်တည်းဖြင့်၊ စောင့်စည်းကြိုးကုတ်၊
တရားလုပ်၊ ဥပုသ်စောင့်ဟုခေါ်” ဆိုတဲ့အတိုင်း
ကိုယ်နှုတ်လွန်ကျူးမှုနဲ့ ပတ်သက်တဲ့ သိက္ခာပုဒ်ရှစ်ခုကို
တစ်ဖက်က စောင့်ထိန်းရင်း၊ စိတ်အလုပ်ဖြစ်တဲ့
ဘာဝနာအလုပ်ကို တစ်ဖက်က လုပ်နေတာကိုပဲ
“ဥပုသ်စောင့်တယ်”လို့ ခေါ်ပါတယ်။

စိတ်ကောင်းစိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေ
တိုးပွားအောင် လုပ်တာကို “ဘာဝနာ” လို့ ခေါ်တာမို့
ဥပုသ်သည်တစ်ယောက်ဟာ ဥပုသ်ယူပြီးတာနဲ့
ကိုယ့်စိတ်မှာ ဘာကိလေသာမှ ဝင်မလာအောင်
တားမြစ်စောင့်ရှောက်ပြီး သတိ၊ သမာဓိ၊ ဉာဏ် စတဲ့
သူတော်ကောင်း တရားတွေ တိုးပွားနေအောင်
ပြုလုပ်အားထုတ်ရပါမယ်။ တရားနာ၊ တရားအားထုတ်၊
တရားစာအုပ်ဖတ် စသည် အားဖြင့်ပေါ့။

❖“မျက်နှာပြောင်ကြီးနဲ့ဆို ဘယ်ကောင်းပါ့မလဲ”လို့တချို့က
ပြောကြပါတယ်။ မျက်နှာပြောင်ကြီးဖြစ်နေတာကို
မကြိုက်တာက ဒေါသ၊ မျက်နှာပြောင်ကြီး မဖြစ်ဘဲ
ဖွေးဥနေတာကို ကြိုက်တာက လောဘ။
ကဲ . . . လောဘ၊ ဒေါသဖြစ်နေမှတော့ ဥပုသ်ကျိုးပြီပေါ့။

ကလိမ်ကကျစ် ဥပုသ်သည် ၊ ထော့နဲ့ထော့နဲ့ ဥပုသ်သည်
မဖြစ်စေရေးအတွက် ကရုဏာမံတဲ့ လူကြီးသံနဲ့
“နေ့တိုင်း လိမ်းနေ၊ ဆွတ်နေတာပဲကွယ်၊ ဥပုသ်စောင့်တဲ့
နေ့လေးတော့ မလိမ်း၊ မဆွတ်ဘဲ နေလိုက်ပါနော်။
ဒါမှ စင်ကြယ်တဲ့ဥပုသ် ဖြစ်မှာပေါ့ကွဲ့” လို့သာ
ဖျောင်းဖျောင်းဖျဖျ နားချလိုက်ချင်ပါတော့တယ်။

သီလနဲ့ ပတ်သက်ပြီး“ဂရုကလဟုကေသု ဂရုကောဌာတဗ္ဗံ
- အလေး၊ အပေါ့ အားပြိုင်လာရင် အလေးဘက်က
ရပ်တည်ရမယ်” ဆိုတဲ့ ပိဋကတ်အဆိုအမိန့် တစ်ခုရှိပါတယ်။

ဥပုသ်မယူခင် လိမ်းကျံခြယ်သတာတွေနဲ့ ပတ်သက်လို့
“ဥပုသ်ကျိုးတယ်” ဆိုတာက “အလေး” ဖြစ်ပြီး၊
“ဥပုသ်မကျိုးဘူး” ဆိုတာက “အပေါ့” ဖြစ်ပါတယ်။
ဘယ်ဘက်က ရပ်တည်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့
သီလမြတ်နိုးစိတ် အနုအရင့်ပေါ်မှာ မူတည်ပြီး၊
ဘာသာဆုံးဖြတ်ရုံပါပဲ။

အမှန်ကတော့ ဒီလိုကိစ္စမျိုးတွေမှာ ကျိုးတယ်၊မကျိုးဘူး
ငြင်းခုံနေမယ့်အစား သိက္ခာပုဒ်ကို အစွန်းအထင်းဖြစ်စေမယ့်
သံသယဖြစ်ဖွယ် လုပ်ရပ်မှန်သမျှကို အပြစ်လို့ သတ်မှတ်ပြီး
အကင်းရှင်းဆုံး၊ အသန့်စင်ဆုံးဖြစ်အောင် စောင့်ထိန်းတာက
သူတော်ကောင်း ပိုပီသပါတယ်။

ဒကာအောင်ဆန်းဋ္ဌေးရဲ့ ပေးစာထဲမှာ နီးစပ်ရာ
ညီမတွေ၊ အစ်မတွေ၊ ပတ်သက်ရာ ဆွေမျိုးတွေ၊
မိတ်ဆွေတွေကို ဥပုသ်မယူခင်
ကြိုလိမ်း၊ ကြိုဆွတ်တာမျိုး မလုပ်ဖို့
ဘယ်လိုမှပြောလို့မရဘူး လို့
ညည်းတွားထားတယ်နော်။
တစ်ကြိမ်တစ်ခါ၊ သို့မဟုတ် နှစ်ကြိမ်၊
သုံးကြိမ်ပြောလို့မှ မရရင်တော့
“သူတို့ထိုက်နဲ့ သူတို့ကံပဲ”လို့ နှလုံးသွင်းပြီး၊
ဥပေက္ခာပြု လျစ်လျူရှုထားလိုက်တာ
အကောင်းဆုံးပါပဲ။

သူတို့က ဂွတ်ဒ်တယ်ထင်လို့ ဒူးကြတာကို
အိုင်တို့က ဘာများတတ်နိုင်မှာတဲ့လဲ။
စာရေးဆရာကြီးတစ်ဦး(ဗန်းမော်တင်အောင်)
ရဲ့ လေသံနဲ့ ပြောရရင်တော့ “ကျွန်တော်ကရော
ဘာများတတ်နိုင်ပါဦးမည်နည်း”ပေါ့
ဒကာအောင်ဆန်းဌေးရေ……။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】