“သစ်ခွ ပန်းသခင်”
•••••••••••••••••••••••••••
(က)။ဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားစစ်စစ်
ဧကန်ဖြစ်သည့်နေ့မှစ၍ နေ့မအား၊ညမနား
တရားတော်များကို ဟောကြားတော်မူခဲ့၏။
(၄၅)ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ
ဝေနေယျတို့ကို ဓမ္မအမြိုက်ဆေး တိုက်ကျွေးတော်မူကာ
ချေချွတ်တော်မူခဲ့သည်။ဤသို့ဖြင့် (၄၅)နှစ်တာကာလ
ကြာသောအချိန်တွင် ကုသိနာရုံပြည်၊ မလ္လာမင်းတို့၏
အင်ကြင်းဥယျာဉ်၌ မြောက်သို့ ဦးခေါင်းပြု လျောင်းစက်ကာ
ပရိနိဗ္ဗာန် ပြုတော်မူခဲ့လေပြီ။

ကုသိနာရုံ ပြည်သူပြည်သားများ နှင့် လူ၊ နတ်၊ ဗြဟ္မာ
အပေါင်းတို့သည် သံဝေဂ ရဖွယ် ဂီတများကို
သီဆိုခြင်း၊ ကခုန်ခြင်း၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊
ဆီမီး၊ ပန်းနံ့သာတို့ဖြင့်လည်းကောင်း ဗုဒ္ဓဘုရားရှင်၏
ရုပ်ကလာပ်တော်ကို သောင်းသောင်းဖြဖြ ပူဇော်ကြလေသည်။
ကုသိနာရုံမြို့အလယ် မကုဋဗန္ဓန အမည်ရှိသော
မလ္လာမင်းတို့၏ စေတီတည်ရှိရာ ဒေသမှာဖြစ်သည်။

ဗုဒ္ဓဘုရား၏ ရုပ်ကလာပ်တော်ကို နံ့သာ
ထင်းပုံကြီးပေါ်မှာ ရိုသေစွာ တင်ထားကြသည်။

အရှင်မဟာ ကဿပ မထေရ်မြတ်ကြီး ရောက်ရှိလာပြီး
မြတ်စွာဘုရား၏ ခြေတော်အစုံ ကြာပဒုံတို့ကို
လက်စုံယှက်မိုး ရိုသေစွာ ရှိခိုးလေသည်။
နံ့သာထင်းပုံသည် တေဇောဓာတ် လောင်မြိုက်သွားကာ
“မြတ်လေးပန်း” အဆင်းရှိသော ဓာတ်တော်များ
ကြွင်းကျန်ခဲ့လေသည်။

❖ထိုအချိန်မှာပင် ကောသလတိုင်းအတွင်းရှိ
ရွာကလေးတစ်ရွာမှ ဆင်းရဲသူမကလေး
တစ်ယောက်သည် ဗုဒ္ဓဘုရား
ပရိနိဗ္ဗာန်ပြုတော်မူ၍ ထားရှိသော
တေဇောဓာတ် လောင်ရာဌာနသို့ ရောက်လာ၏။
အမျိုးသမီးလေးသည် ဗုဒ္ဓဘုရား၏ သရီရဓာတ်တော်တို့ကို
“သစ်ခွပန်းသုံးပွင့်” ဖြင့် ပူဇော်လိုက်လေသည်။

❖ထိုအမျိုးသမီးလေးသည် ထိုည သန်းခေါင်ယံမှာပင်
ရောဂါဖိစီးနှိပ်စက်ခံရကာ ကွယ်လွန်သွားရှာလေသည်။
ကွယ်လွန်ပြီးနောက် သူမသည် တာဝတိံသာ
နတ်ပြည်သို့ ရောက်သွားကာ ယူဇနာ သုံးဆယ်
မိုင်(၃၆၀)ခန့် ကျယ်ဝန်းသော ရွှေဗိမာန်ကြီးပိုင်ရှင်
နတ်သမီးဖြစ်သွားလေ၏။

(ခ)။
ဗုဒ္ဓဘုရားရှင်၏ သရီရဓာတ်တော်များကို သစ်ခွပန်းသုံးပွင့်
ပူဇော်ခွင့်ရခဲ့သော ကုသိုလ်ကံ၏အစွမ်းကြောင့်
ရထားလှည်းဘီးခန့်ရှိသော သစ်ခွပန်းပွင့်ကြီးတို့သည်
နတ်သမီး၏ ဗိမာန်အတွင်းမှာ တွဲလဲဆွဲလျက်
တည်ရှိကြ၏။ ထိုသစ်ခွ ပန်းပွင့်ကြီးများမှ
ထွက်ပေါ်လာသော အလင်းရောင်ဖြင့်ပင်
ဗိမာန်ကြီး တစ်ခုလုံးတွင်
လင်းလက်တောက်ပလျက် ရှိလေသည်။

❖ဗိမာန်ရှင် နတ်သမီးသည် သစ်ခွပန်း သုံးပွင့်
အလှူဒါနကြောင့် နတ်စည်းစိမ် ခံစားရကြောင်း
ကောင်းစွာ သိသဖြင့် လှည်းဘီးခန့်ရှိသော
နတ်သစ်ခွပန်းများကိုယူဆောင်ပြီး လူ့ပြည်သို့
ဆင်းသက်ခဲ့လေသည်။ လူ့ပြည်ရှိ ဗုဒ္ဓဂေါတမ၏
သရီရ ဓာတ်တော်များ ပူဇော်ရာဌာနမှာပင်
သစ်ခွပန်းများကို ပူဇော်လေ၏။
ကြီးမားသော သစ်ခွပန်းများကို လှူဒါန်းပူဇော်နေသည့်
သူမအား ရောက်ရှိလာကြသော လူများက
အထူးအဆန်းဖြစ်ကာ စူးစမ်း မေးမြန်းကြပါသည်။

✤“မိန်းကလေး... ဘယ်အရပ်က လာတာလဲ၊
သစ်ခွပန်းပွင့်ကြီးတွေကလည်း ကြီးမားလိုက်တာ၊
ဘယ်က ရခဲ့တာလဲ”

✤“ကျွန်မဟာ ဟိုဘဝက အလွန်ဆင်းရဲပါတယ်၊
ဆင်းရဲပေမယ့် ဟောဒီ ဂေါတမ မြတ်စွာဘုရားရဲ့
သရီရ ဓာတ်တော်တွေကို သစ်ခွပန်းလေး သုံးပွင့်နဲ့
ပူဇော်နိုင်ခဲ့ပါတယ်။ အဲဒီသစ်ခွပန်း ဒါနကြောင့်
နတ်ပြည်ရောက်ကာ နတ်သမီးဖြစ်ပြီး ဟောဒီ
သစ်ခွပန်းကြီးတွေကို လှူနိုင်တာပါ”

လူအပေါင်းတို့သည် နတ်သမီးဆို၍ ပို၍
အံ့သြသွားကြကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
နတ်သမီးသည် လူတို့၏ အခြေအနေကို သိရှိသွားကာ
သူတို့အား တရားဓမ္မ ဟောပြရမူ ကောင်းမည်
ဟု နှလုံးသွင်းကာ တရားဟောလေတော့သည်။

✤“အို... သူတော်ကောင်းတို့၊ ကျွနု်ပ်၏ ကိုယ်ကိုကြည့်ပါ။
သတ္တဝါတွေဟာ မြွေများ အရေခွံဟောင်းမှ အရေခွံကို
လဲကြသလို ဘဝတွေ ပြောင်းလဲဖြစ်ပေါ်နေကြပါတယ်။
သတ္တဝါတွေဟာ မောဟဆိုတဲ့ ကွန်ရက်ရဲ့ ဖုံးအုပ်မှုကို
ခံရတာကြောင့် မနေ့က သေဆုံးပြီး ယခု
နတ်ပြည် ရောက်နေတာကို မသိနိုင်ကြပါဘူး။

✤ပိုးလောက်တွေ၊ ယင်ကောင်တွေ၊ ကျီးကန်းတွေ၊
လင်းတတွေ၊ ခွေး၊ မြေခွေး စတဲ့ တိရစ္ဆာန်တွေရဲ့
အစာဖြစ်တဲ့ ပိုးမျိုး(၈၀)တို့ရဲ့ နေထိုင်ရာ၊
ကျက်စားရာဖြစ်တဲ့ ဤခန္ဓာကိုယ်ရုပ် အကောင်ပုပ်ကို
မသိမမြင်ကြလေတော့ ဟိုစဉ်အခါတုန်းကတော့
ယောက်ျားတွေဟာ မက်မက်မောမော ရှိခဲ့ကြတယ်။
သေလွန်သွားတဲ့အခါမှာတော့ ....
ကြည့်ရှုမယ့်လူ မရှိတော့ဘူး။
တဏှာရဲ့လှည့်ကွက်က ဆန်းကြယ်လေစွတကား။
ကျွနု်ပ်ရဲ့ ကိုယ်ခန္ဓာ အကောင်ပုပ်ကို မနေ့က စွန့်ပစ်ခဲ့ပြီ။
ယနေ့ နတ်၏အတ္တသဘောကို ရရှိခဲ့ပြီး တင့်တယ်ပြေပြစ်
ချောမောနုပျိုတဲ့ ကျွနု်ပ်ရဲ့ ခန္ဓာကိုယ်ကို သင်တို့
ကြည့်ရှုမဝ ဖြစ်နေကြပြီ မဟုတ်လား။

✤ကျွန်ုပ်၏စကား(တရား)ကို သေသေချာချာ
နာယူမှတ်သားကြပါ။ ကျင့်သုံး လိုက်နာကြပါ။

✤ကုသိုလ်ကောင်းမှု မပြုသူအား ကောင်းကျိုးချမ်းသာ
မြူမျှ မရနိုင်ပါ။ အကြင်သူသည် ဗုဒ္ဓသာသနာတော်၌
ရေစက်ရေပေါက် ကလေးမျှသာ ကောင်းမှု ကုသိုလ်
မျိုးစေ့ကို ကြဲချစိုက်ပျိုးပါက နိဗ္ဗာန်ရောက်သည့်
တိုင်အောင် မဆုံးနိုင် အကျိုးတရား
မြောက်မြားစွာကို ရရှိကြမည် ဖြစ်ပေသည်။”

ဤသို့လျှင် သစ်ခွပန်း အလှူရှင် နတ်သမီးသည်
သူလက်ငင်း ချက်ချင်း ရရှိထားသော နတ်စည်းစိမ်
ချမ်းသာကို သက်သေပြု၍ လူအပေါင်းတို့အား
တရားဟောလေသည်။
(ဤ၌ နတ်သက်ရှည်ပုံကို သတိပြုပါ။
လူတို့သက်တမ်း အနှစ်(၁၀၀)သည်
တာဝတိံသာနတ်ပြည်တွင် တစ်နေ့နှင့်တစ်ညဉ့်မျှသာ
ဖြစ်ပေရာ မနေ့က သေဆုံးသွားသော
လူမိန်းကလေးသည် ယခု လူ့ပြည်သို့ လာရောက်ခြင်းမှာ
တာဝတိံသာ နတ်ပြည်၌ စက္ကန့်ပိုင်းမျှသာ ဖြစ်ပေလိမ့်မည်။)

ထို့နောက် နတ်သမီးသည် နတ်သစ်ခွပန်းကြီးများကို
ဗုဒ္ဓဘုရား၏ ဓာတ်တော်များအား ပူဇော်ပြီး
တာဝတိံသာနတ်ပြည်သို့ ပြန်သွားလေတော့သည်။

“သစ်ခွနတ်သမီး (သို့မဟုတ်) သစ်ခွပန်းသခင်”ဟု
ခေါ်တွင်ခဲ့ပါလေသတည်း။
-【မဓုရသဝါဟိနီကျမ်း-၃၅၊ သာဓမာလပူဇိကာဝတ္ထု】

(ဂ)။
အလှူဒါနဟူသည် အလှူဝတ္တုပစ္စည်း
နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊
တန်ဖိုးသေးသည်ဖြစ်စေ၊ တန်ဖိုးကြီးသည်ဖြစ်စေ
လှူလိုသော စေတနာဆန္ဒ ပြင်းပြဖို့လိုသည်။
စေတနာသဒ္ဓါအားကောင်းဖို့လိုသည်။
အများကြီးလှူပြီး နည်းနည်း ရသည်လည်းရှိ၏။
ဝတ္ထုပစ္စည်း နည်းနည်းလှူသော်လည်း အကျိုးတရား
အမြောက်အမြား ခံစားရသည်လည်း ရှိ၏။
ဤအကြောင်းအရာများကို ရည်ရွယ်၍
“ညောင်ပင်ကြီးလောက် လှူသော်လည်း
ညောင်စေ့လောက်သာရသည်။ ညောင်စေ့လောက်ပင်
လှူသော်လည်း ညောင်ပင်ကြီးလောက် ရရှိသည်”
ဟု ဆိုကြခြင်း ဖြစ်လေသည်။

မဓုရသဝါဟိနီကျမ်းလာ ဤသစ်ခွပန်း အလှူရှင်
အမျိုးသမီးလေးကို ကြည့်ပါ။
ပစ္စည်းဝတ္ထုက တန်ဖိုး မများပါ။
သစ်ခွပန်းလေး သုံးပွင့်သာ ဖြစ်ပါသည်။
အလှူဝတ္ထုပစ္စည်းလည်း မများပါ။
သို့ရာတွင် သူမ၏ ရင်၌ဖြစ်သော စေတနာနှင့်
သဒ္ဓါတရားက အားကောင်းလွန်းသဖြင့် ချက်ချင်း
အကျိုးပေးခြင်းဖြစ်သည်။ တာဝတိံသာနတ်ပြည်သို့
ရောက်ကာ သစ်ခွဗိမာန်ကြီးနှင့် ကြီးမားသော
သစ်ခွပန်းကြီးများကို ပိုင်ဆိုင်သော
“သစ်ခွနတ်သမီး” ဖြစ်ရပါသည်။

ထို့ကြောင့် ဝတ္ထုပစ္စည်း နည်းများမဟူ
လှူခြင်းသည် အကျိုးများပါကြောင်း...။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇနိန္ဒသာရ-မုံရွာနေဇာ】