အဲဒီတော့ ဦးပဉ္ဇင်းဟာ ဒကာကြီးရဲ့ စာတတ်လို့ဟောနေတဲ့ တရားမျိုးတော့ မဟုတ်ဘူးနော်။ ခန္ဓာက တွေ့လာတဲ့ တရားဟာ ( ၂၁) လလုံးလုံး အရိုးကျေကျေ အရေခန်းခန်း၊ လူသေရင်သေ မသေရင် တရားရဆိုပြီး ကျင့်ကြံ အားထုတ်လာခဲ့တဲ့ တရား။ လက်ဦးတုန်းကတော့ သူများတွေကို မဟောခဲ့ပါဘူး။ သူများကို ပေးဖို့လည်း မလုပ်ခဲ့ပါဘူး။ ကိုယ်ဘာသာကိုယ် သံဝေဂတွေ ဖြစ်ပြီးတော့ ကျင့်ကြံ အားထုတ်လာတဲ့တရား။ လက်ဦးတုန်းကတော့ ဒကာကြီးရေ ဦးပဉ္ဇင်းဟာ ဦးပဉ္ဇင်းတို့ နှောကုန်းကျောင်းကို သွားပြီးတော့ ဝတ်လိုက်တာကိုး။ ကံဆင်းလိုက်တယ်။ ကျောင်းကြီးကို ကျောင်းကြီးကံဆင်းလိုက်တော့ အဲဒီတော့ ဦးပဉ္ဇင်းက ထင်တယ်ဆိုတော့ ဘုရား၏ ဝိနည်းသိက္ခာပုဒ်ဆိုတဲ့ ဥစ္စာ၊ ဝိနည်းသိက္ခာ ပုဒ်ဆိုတာ ထင်တယ်ဆိုတာ သေနာသနဝတ် ဆိုတာလုပ်ရတယ်။

မီးတွေထွန်းရတယ်။ ရေချမ်းတွေ လောင်းရတယ်။ တံမြက်စည်းတွေ လှည်းရတယ်။
ဦးပဉ္ဇင်းကလှည်းချင်တဲ့ စိတ်မှ မရှိပဲ။ ကုသိုလ် လိုချင်တဲ့ စိတ်မရှိဘူး။ ဘာကြောင့်လဲတဲ့။
ကုသိုလ်လိုချင်လို့ တံမြက်စည်းလှဲလိုက်တော့အောက်က သတ္တဝါလေးတွေ ပြိတ္တာလေးတွေက အားကြီးပဲ။ ကုသိုလ်လိုချင်တဲ့ စိတ်က ကုသိုလ်ရပါရဲ့။ တံမြက်စည်း လှဲလိုက်တော့ အောက်က ပြိတ္တာလေးတွေ၊ အင်မတန် နူးညံ့သိမ်မွေ့တဲ့ ပြိတ္တာလေးတွေက
ရှိတော့ အဲဒါလေးတွေကို တံမြက်စည်းမလှဲချင်ဘူး။ အဲဒီစိတ်တွေကို သိတော့ ဒကာကြီးသေနာသန ဝဋ်လည်း မလုပ်ချင်ဘူး။

ဆီမီးလည်း မထွန်းချင်ဘူး။ ရေချမ်း၊ ပန်းလည်း မလှူချင်တော့ဘူး။
ကုသိုလ်လိုချင်တဲ့ စိတ်မဖြစ်ဘူး။ ကိုယ်စိတ်လေးက ဘုရား၊ တရား၊
သံဃာဆိုတဲ့ ဥစ္စာ ဒကာကြီးရေ၊ ဘုရားကိုတွေ့နေပြီ ဒကာကြီး။
ဘယ်မှာတွေ့လဲဆိုတော့ ဒကာကြီး။ ပညတ်ဘုရား ပယ်ပြီး ဒကာကြီး။
ပညတ်ဘုရား၊ ပရမတ်ဘုရား၊ နှစ်ဆူရှိတယ်။ ခန္ဓာမှာ ပရမတ်ဘုရား၊ ပရမတ်တရားနဲ့
ပရမတ်သံဃာတွေ့ထားတော့ တရားယုံကြည်ခြင်း၊ သံဃာယုံကြည်ခြင်းဆိုတော့ ခန္ဓာထဲမှာ ဘုရား၊ တရား၊ သံဃာတွေ့နေပြီ။

ဗဟိဒ္ဓက ဘုရား၊ ဗဟိဒ္ဓက တရား၊ ဗဟိဒ္ဓက သံဃာ၊ ပညတ်ဘုရား၊ ပညတ်တရား၊
ပညတ်သံဃာကို ပယ်ပြီ ဒကာကြီး။ ပရမတ်ဘုရားကိုတွေ့ပြီဟဲ့။ ပရမတ်တရားကို တွေ့ပြီဟဲ့။ ပရမတ်သံဃာကို တွေ့ပြီဆိုတော့ လုပ်ချင်တဲ့ စိတ်မရှိဘူး၊

အဲဒီတော့ ဦးပဉ္စင်း ကံဆင်းတဲ့ ကျောင်းနေရတာ ဆင်းရဲလာတယ်။ တံမြက်စည်း လှည်းရမယ်။ မျက်တွေ ခုတ်ရမယ်။ ဦးပဉ္စင်းက ကုသိုလ်မှ မလိုချင်ပဲနဲ့။ ဒီစိတ်တွေ သိတော့ မနေနိုင်တော့ အရှင်ဘုရား တပည့်တော် လွတ်လွတ်လပ်လပ်လေး ကျင့်ပါရစေဦးဘုရား။ ကံဆင်းပေးတဲ့ ဆရာကို ပြောရတယ်။ အဲဒီတော့ အေးဟဲ့ ကျင့်ကျင့်တဲ့။ ခွင့်လွတ်လိုက်တော့ ဝမ်းသာသွားတာပဲ။ လက်ဦးတုန်းကတော့ စိတ်ဇောလေး တင်နေတော့ေ တာ်တော်နဲ့ စိတ်မကျဘူး အဲဒီမှာ နေရင်မဖြစ်ပါဘူး။ ငါတော့ ခက်မယ်။ ဒီဟာလုပ်နေရရင် ငါတော့ မဖြစ်ပါဘူး။ ဒီစိတ်ကလေး ဖြစ်နေရင် အနုဿယ ကိလေသာလေး။ စိတ်ကြီးက တင်းနေတယ်။ လွတ်လွတ်လပ်လပ်လေး ကျင့်ပါရစေဦး ဘုရား။ ခွင့်ပေးတယ်။

ဘုန်းကြီးဆီ ခွင့်ပန်ပြီးတော့ တစ်ခါတည်း သွားတာပဲ။ သပိတ် တစ်လုံးနဲ့ သင်္ကန်း ဒုကုဋ် သင်္ကန်းနှစ်ထည်နဲ့ တစ်ခါတည်း သွားတာပဲ။ စိတ်က အင်း၊ ငါတွံတေးတော
ကြီးထဲသွားပြီးတော့ ငါသွားကျင့်လို့ ရှိရင်တော့ ငါစိတ်ချမ်းသာမှာ ပဲဆိုပြီး မှော်ဘီ တက်သွားပြီး ရဟန်းတကာ အိမ်ဝင်ပြီး ဒကာကြီးရေ။ ဦးပဉ္စင်း သွားချင်တာကတော့ တွံတေးတောကြီးထဲ။ လိုက်ပို့ပါ ဒကာကြီးရယ်ဆိုတော့။ ဟာ အရှင်ဘုရားတဲ့ မနက်မှ သွားပါဘုရားတဲ့။ မနက် တပည့်တော် ဆွမ်းတွေ ဘာတွေ ကပ်ပါရစေဦး ဘုရားတဲ့
ဒကာကြီးက တားထားတယ်။

တစ်ညအိပ်ပြီးတော့ ဦးပဉ္စင်းက (၈)နာရီနဲ့ (၉)နာရီကြားမှာ တစ်ခါတည်းကို နှလုံးသွင်းမှန် သွားတယ်။ စိတ်ဇောကလည်း ကျသွားတယ်။ စိတ်ကလည်း ချမ်းသာသွားပြီး တွေးတောခြင်း ကြံဆခြင်းလည်း မရှိတော့ဘူး။ ငါဒီမှာ နေလို့ရှိရင်ဖြင့် ငါရမှာ မဟုတ်သေးဘူးဆိုတဲ့ ဒီစိတ်မဖြစ်ဘူး။ ချမ်းသာသွားတယ်။ စိတ်မဖြစ်တော့ မဇ္စိုမ ပဋိပဒါ
အလယ်အလက်ကလေး ကျသွားတဲ့ အချိန်အခါမှာ မဇ္စိုမ ပဋိပဒါ အဲဒီမှာ ဒင်းဆို ပြုတ်ကျသွားတယ်။ အင်း ငါ လုပ်စရာ မရှိတော့ပါလား။ အဲဒီလို သိသွားတယ်။

လက်ဦးတော့ စိတ်ကလေးက တင်းနေတာ။ ငါ ဒီသမုတိ သစ္စာထဲကို ဒီသံဃာတွေနဲ့ နေရလို့ရှိရင်ဖြင့် ငါရမှာ မဟုတ်တော့ပါဘူး။ မဟုတ်တာတွေ လုပ်နေရမှာပဲ။ သေနာသန ဝတ်တွေ လုပ်ရ။ သစ်ပင်တွေ စိုက်နေရ။ အဲဒီ သစ်ပင်တွေ စိုက်၊ တံမြက်စည်းတွေလှည်း၊
ဒီအလုပ်တွေ လုပ်နေရတာပဲ။ ဒီအလုပ်တွေ လုပ်တော့ သူတို့ကလည်း ကုသိုလ်တွေ လိုချင်လို့ လုပ်တယ်။ ငါက သိနေတော့ ဒီကုသိုလ် အလုပ်တွေ ဒါမလိုချင်တော့ဘူး။ ကံတရားတွေကို ငါမလိုချင်တော့ဘူးဆိုပြီး ဒီစိတ်တွေဖြစ်နေတော့ မနေချင်ဘူး။ အကြောင်းတရား၊ အကျိုးတရားတွေ မြင်ပြီး ခံရမယ့် ဒုက္ခသစ္စာကြီးကို
မြင်နေတော့ ဒီသမုတိသစ္စာထဲက သမုနယ်မြေကို မနေချင်တော့ဘူး။

အဲဒီလို လျောက်တော့မှ ခွင့်ရတဲ့ အချိန်အခါကြမှ ဒကာကြီး ဦးစုရ အိမ်မှာ မနက် (၈)နာရီကျော်ကျော်လာ (၉)နာရီလာ စိတ်ကလည်း ချမ်းသာသွားပြီ။ ခွင့်တွေကလည်း ရပြီ။ ရတော့ ငါကတော့ သွားရတော့မယ်။ ဒါအလုပ် ငါလုပ်ရတော့မယ်။ ဒီလို စိတ်က ထင်နေတဲ့အချိန်မှာ အဲ ဘယ်သူမှလည်း မရှိဘူး။

ဒကာကြီး ဦးစုရက မှော်ဘီဈေးထဲသွား ဒကာမကြီးကတော့ အိမ်နောက်ဖေးမှာ ဆွမ်းချက်နေတာပေါ့လေ။ ဦးပဉ္စင်းက အိမ်ရှေ့ခန်းလေးက နေပြီးတော့ ခေါင်းဦးနှစ်လုံးနဲ့ အသာလေး ပက်လက်လှန်ပြီးတော့ နှလုံးသွင်းလိုက်တယ်။ စိတ်ကလည်း ကျသွားပြီ။ လက်ဦးတုန်းကတော့ စိတ်ဇောက လွန်နေတယ်။ ငါ ဒီမှာရှိလို့ရှိရင်ရမှာ မဟုတ်ဘူးဆိုတဲ့ စိတ်ကလေး ဖြစ်တယ်။ ဒေါသစိတ်ကလေး ဖြစ်တယ်။ အနုဿယ ကိလေသာကြီး ဖြစ်နေတယ်။ အနုဿယ ကိလေသာ မြင်ရမှာ မဟုတ်ပါဘူး ဆိုတဲ့ စိတ်ဖြစ်နေတယ်။ ဒီ သမုတိသစ္စာနယ်မှာ မရဘူး။

အဲဒီ စိတ်ဖြစ်နေတော့ အနုဿယကိလေသာ ဖြစ်ပြီး ကျန်နေတော့မှ ခေါင်းဦးကို ပက်လက်လှန်တဲ့ ပြီးတော့ အသာလေး မဇ္စိုမ ပဋိပဒါ နှလုံးသွင်းလိုက်တယ်။
ရုပ်ဃန၊ နာမ်ဃန တည်နေတာကိုး။ တည်နေတော့ အဲဒီမှာ အာရုံက ဖြစ်နေတဲ့ ရုပ်တရား လေးတွေကို နှလုံးသွင်းပြီးတော့ ဆင်ခြင် သုံးသပ်လိုက်တယ်။ လက္ခဏာသုံးပါးကို နှလုံးသွင်းလိုက်တယ်။ အော် ဖြစ်လိုက် ပျက်လိုက် မြင်နေရတာ။

ဘုရားဟောထားတဲ့ တရားကတော့ မျက်စိတစ်မှိတ်၊ လျှက်တစ်ပြက်၊ လက်တစ်ဖျစ်၊ ရုပ်ကုဋေငါးထောင်၊ နာမ်ကုဋေတစ်သိန်း ဖြစ်ပျက်တဲ့ ရုပ်နာမ် နှစ်ပါးလို့ ဘုရားက ဟောတယ်။ ဘုရားကတော့ ရုပ်ကုဋေ ငါးထောင်၊ နာမ်ကုဋေ တစ်သိန်းရှိတယ်တဲ့ ငါကတော့ များတာပဲ သိတယ်။ ဘုရားလို ငါမရေတွက်နိုင်ပါလား။ မျက်စိ တစ်မှိတ်၊ လျှက်တစ်ပြတ် ပျက်လိုက်တဲ့ အပျက်ကြီးက ဖွားကနဲ၊ ဖွားကနဲ ဖြစ်နေတဲ့ အပျက်ကြီးဟာဖြင့်
ငါကတော့ မရေနိုင်၊ ဘုရားရှင် ကိုယ်တော် မြတ်ကြီးကတော့ အတုလံ အတုမရှိ သဗ္ဗညုတ ရွှေဉာဏ်တော်ရတဲ့ ဘုရားဆိုတော့ တစ်ချက် ပျက်လိုက်လို့ရှိရင် ရုပ်ကုဋေ ငါးထောင်လို့ သိတယ်။ နာမ်ကုဋေ တစ်သိန်းလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးေ ဟာတဲ့တရားတွေ တယ်မှန်ပါလား။

မျက်စိတစ်မှိတ် လျှက်တစ်ပျက် လက်တစ်ဖျစ်အတွင်းနဲ့ သိရင် ခဏလေးပျက်လိုက်တဲ့ ရုပ်နာမ်တွေ ဟာဖြင့် တစ်ဖွားဖွား ပျိုပျက်နေတဲ့ဥစ္စာ မရေနိုင်အောင် ပျက်နေပါလား။ အဲဒီ အပေါ်မှာ အာရုံက ပျက်တဲ့ ရုပ်တရားလေးတွေကို နှလုံးသွင်းပြီးတော့ သြော် ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်၊ ပျက်လိုက်၊ ဖြစ်ပျက်နေရတဲ့ ဥစ္စာဖြစ်ပြီး ပျက်နေရတာ (အနိစ္စ သဘောတရားပဲ)၊ သိနေရတာ၊ ခံစားနေရတာက (ဒုက္ခသဘောပဲ) မခံစားချင်လို့လည်း မနေရဘူး။ အစိုးမရ (အနတ္တ သဘောပဲ)၊ေ သြာ် ဒါက သူ့သဘော သူဆောင်နေတဲ့ ဒီရုပ်ကလပ် မျက်စိတစ်မှိတ်၊ လျှက်တစ်ပျက်၊ လက်တစ်ဖျစ်ကလေး အပေါ်မှာ ရုပ်ကုဋေ ငါးထောင်၊ နာမ်ကုဋေ တစ်သိန်း၊ ချုပ်ပျောက် ဖြစ်ပျက်တဲ့ ရုပ်တရားလေးတွေဟာဖြင့် တစ်ဖွားဖွားပျိုပျက်နေတဲ့ ရုပ်တရားလေးတွေပဲ။

ဒီအပေါ်မှာ နှလုံးသွင်းပြီးတော့ (“အနိစ္စ”၊ “ဒုက္ခ”၊ “အနတ္တ” လက္ခဏာကြီး သုံးပါး သုံးသပ်ပြီးတော့နေလိုက်တဲ့ အချိန်အခါမှာ အဲဒီအပေါ်မှာ နားထဲပြောလိုက်ဘိ သကဲ့သို့ မင်းဟာကွာ မရှိတဲ့တရားကြီးကို ရှိတယ်ထင်ပြီးတော့၊ မရှိတဲ့တရားကြီးကို အာရုံပြုပြီးတော့
မင်း အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာကြီး သုံးပါး သုံးသပ်နေတဲ့ ဥစ္စာ ပညတ်တွေပါပဲတဲ့။ နားထဲပြောလိုက်ပြီး သကဲ့သို့ တစ်ခါတည်းကို စိတ်ထဲက ဖြစ်လာတယ်။

သြော်မင်းဟာ ရှိသလားတဲ့။ မရှိတာကို မင်းရှိတယ်လို့ ထင်နေတာ။ မင်း မရှိတဲ့တရားရှိလို့ ထင်နေတဲ့ဥစ္စာ၊ နာမ်၏ အာရုံက ဖြစ်တဲ့ ပျက်နေတဲ့သဘောတရား။ ပျက်နေတယ် ထင်မှတ်လို့ ဖြစ်တာ၊ ရှိနေတယ် ထင်မှတ်လို့ ရှိနေတာ၊ မင်းက အဝိဇ္ဇာကြီး ဖြစ်နေပါလား။ အဲလိုသိတယ်။

အဲဒီလို သိလာတဲ့ အချိန်အခါကျတော့ နာမ်၏ အာရုံကဖြစ်တဲ့ ရုပ်တရားလေးတွေကို စိတ်အာရုံ ဖြစ်တဲ့ ရုပ်တရားလေးတွေကို တစ်ဖွားဖွား ပျိုပျက်နေတဲ့ ဥစ္စာ ပျက်တယ်လို့ ထင်မှတ်နေတာက အဝိဇ္ဇာပါလား။ ရှိသေးတယ်လို့ ထင်မှတ်နေတာ အဝိဇ္ဇာပါလား။ မရှိတရားကို အရှိလို့ ထင်နေတာ စိတ်ကြောင့် ဖြစ်တဲ့ ဥပါဒါန် ပါလား။ မရှိတဲ့တရားကို အမှောင်လေးရယ်လို့ သိတယ်လို့ ထင်မှတ်လို့ စိတ္တဇဖန်ဆင်းထားတဲ့ ရုပ်၊ မရှိတရားကို ရှိတယ်လို့ ထင်နေတာ၊ အနိစ္စလည်း မရှိ၊ ဒုက္ခလည်း မရှိ၊ အနတ္တလည်း မရှိ၊။ မြင်မြင်တဲ့ သဘောဟာ သူ့သဘော သူဆောင်နေတဲ့ မြင်တဲ့ သဘောရယ်၊ အဆင်း သဘောရယ်၊ အသိသဘောရယ်၊ သူ့သဘောသူ အသီးသီးဆောင်နေတဲ့ ရုပ်ဓမ္မ နာမ်ဓမ္မကို မသိပဲနဲ့ ရှိတယ်လို့ ထင်မှတ်နေတဲ့ စိတ်ကလေးဟာ အဝိဇ္ဇာဖြစ်နေပါလားလို့ အဲဒီလို သိလိုက်တော့ အဲဒီလေးပေါ်မှာ မြင်တဲ့သဘောလေးကို မြင်တာကို မရှိတော့ဘူး။ အနိစ္စလည်း မရှု၊ ဒုက္ခလည်း မရှု၊ အနတ္တလည်း မရှုဘူး။ နာမ်မဲ့ရင် အရှင်လမ်းဆုံးပြီ။ နောက်ထပ် ငါဘဝ ချုပ်ငြိမ်းပြီ။
မျက်စိကလည်း ငါရှုစရာ မရှိတော့ဘူး။ အကျင့်တွေ ငါကုန်နေပါလား။

အဲဒီလိုသိလိုက်တော့ မျက်စိတံခါး၊ နားတံခါး၊နှာခေါင်းတံခါး၊ ပါးစပ်တံခါး၊ ကိုယ်တံခါး၊ မနောတံခါး တံခါးခြောက်ပေါက် အာရုံခြောက်နဲ့ တိုက်ခိုက်တိုင်း တိုက်ခိုက်တိုင်းဟာ ကိလေသာ အသဝေါ ယိုစီးခြင်း ကင်းနေတော့ အသဝေါ မရှိတော့ဘူး။ ကိလေသာခန်းခြောက်သွားပြီ။
နားနဲ့အသံနဲ့ ကြားလိုက်တဲ့အချိန်အခါကျရင် အသံပေါ်မှာလည်း ယိုစီးခြင်း ကိလေသာ၊
အသဝေါ ခန်းခြောက်၊ အနံ့ပေါ်မှာလည်း ယိုစီးခြင်း ကိလေသာ အသဝေါ ခန်းခြောက်၊ လျှာနဲ့ အရသာနဲ့ စားလိုက်တာ ယိုစီးခြင်း ကိလေသာ အသဝေါ ခန်းခြောက်၊ ကိုယ်နဲ့ အတွေ့နဲ့ ထိမှန်လိုက်တဲ့ အချိန်အခါလည်း ယိုစီးခြင်း ကိလေသာ အသဝေါ ခန်းခြောက်၊
မနောနဲ့ ဓမ္မနဲ့ ပေါင်းစုံလိုက်တဲ့ အခါလည်း ယိုစီးခြင်းကိလေသာ အသဝေါ ခန်းခြောက်၊

သြော် ငါသည် မျက်စိကလည်း ငါယိုစီးခြင်း ကိလေသာ ခန်းခြောက်ပြီ။ အသဝေါ ကုန်ခန်းပြီ။ မျက်စိပေါက်ကလည်း နောက်ထပ် အသစ်တစ်ဖန် ခန္ဓာ ငါမဖြစ်။ ဘုံသုံးပါး ငါမရှိ။ နားပေါက်ကလည်း ခန္ဓာ အသစ်တစ်ခါ မဖြစ်တော့ဘူး။ ဘုံသုံးပါး ငါကုန်ဆုံးပြီ။ နောက်ထပ် ဘဝချုပ်ငြိမ်းပြီ။ ငါအကုသိုလ်ကံ ကုသိုလ်ကံ။ မျက်စိကလည်း အကုသိုလ်၊ ကုသိုလ် ချုပ်ပြီ။ နားပေါက်ကလည်း အကုသိုလ်စိတ် ကုသိုလ်စိတ် ချုပ်ပြီ။ နှာခေါင်းပေါက်ကလည်း အကုသိုလ်စိတ် ကုသိုလ်စိတ် ချုပ်ပြီ။ ပါးစပ်ပေါက်ကလည်း အကုသိုလ်စိတ် ကုသိုလ်စိတ်ချုပ်ပြီ။
ကိုယ်ပေါက်ကလည်း အကုသိုလ်ကံ၊ ကုသိုလ်ကံ ငါဒီကံနှစ်ပါးလွတ်နေပြီ။ မနေကလည်း
အကုသိုလ်ကံ ကုသိုလ်ကံ ငါလွတ်ပြီ။

သြော် မျက်စိတံခါး၊ နားတံခါး၊ နှာခေါင်းတံခါး၊ ပါးစပ်တံခါး၊ ကိုယ်တံခါး၊ မနောတံခါး အာရုံ ငါး အာရုံ ခြောက်နဲ့ တိုက်ခိုက်တိုင်း တိုက်ခိုက်တိုင်း၊ အကုသိုလ်ကံ ကုသိုလ်ကံက လွတ်ပေး ပါလား။ နောက်ထပ် ငါ အကုသိုလ်လည်း မရှိ။ ကုသိုလ်လည်း မရှိ အဗျာကတ ငါဖြစ်နေပါလား။ စိတ်ကလည်း ဝိမုတ္တိစိတ် ဖြစ်နေပါလား။ နောက်ထပ်ငါ အသစ်တစ်ဖန် မဖြစ်၊
ညွတ်စရာလည်း မရှိတော့ဘူး။ သိစရာလည်း မရှိတော့ဘူး။ အားလုံးဟာ ဘဝချုပ်ငြိမ်းပါလား။ မဖြစ်မပျက်တဲ့ သဘောတစ်ခုတည်း ဖြည်နေပါလား။ အဲဒီတော့မှ သြော် ငါလုပ်စရာမရှိ၊ ကျင့်စရာ မရှိတော့ပါလားလို့ အဲဒီတော့မှ သိတော့တယ်။

ဦးပဉ္စင်းဟာ မှော်ဘီက ဒကာကြီးဆီ ရောက်တော့ အဲဒီတော့မှ (၉)နာရီလား (၈)နာရီလား
အဲဒါတော့ မမှတ်မိပါဘူး။ အဲဒီမှာ အလုပ်လုပ်စရာ မရှိတော့ အဲဒီတော့မှ ပုံကျသွားတယ်။ စိတ်။ အဲဒီတော့မှ ဒကာကြီးလာတော့ အရှင်ဘုရားဘယ်လိုဖြစ်သလဲ။ အဲဒီတော့ သူကမေးထားတဲ့ တရားက တရားမေးထားတဲ့ သဘောက ရှိထားတာကိုး။

ဘယ်သွားရမလဲ။ ဦးပဉ္စင်း ပထမ၊ ဒုတိယ၊ တတိယမဂ် ရတုန်းက နှောကုန်းရွာ တရားစင်ပေါ် ကနေပြီးတော့ လောကသုံးပါးကို ဆင်ခြင်လိုက်ပါတယ်။ ဘယ်လိုဆင်ခြင်လိုက်လည်း သြော် ငါသေတဲ့ အချိန်ရယ်၊ ငါ ဘယ်ကိုသွားရမလဲ ခန္ဓာကို ဆင်ခြင်လိုက်ပါတယ်။ ဆင်ခြင်လိုက်တဲ့ အချိန်အခါမှာ ဘယ်လိုဖြစ်သလဲ။

ဦးပဉ္စင်းက နှောကုန်းမှာ ကျင့်နေတဲ့အချိန်မှာ နှလုံးသွင်းပြီးတော့ သြော် လောကကြီးမှာ
ငါ ဘယ်နေရာ ခန္ဓာငါးပါး ပျက်ရမလဲဆိုပြီးတော့ တစ်လောကလုံးဟာ စင်္ကြာဝဠာ တံတိုင်းကနေပြီး ဖြန့်ပြီးတော့ ကြည့်တော့ ငါဘယ်နေရာ ခန္ဓာရှာပြီး တစ်ဖြည်းဖြည်း စိတ်နဲ့ ချုံ့ပြီး ရှာပြီးကြည့်တယ်။ တိုးတိုးပြီး ချုံ့ကြည့်တယ်။ ချုံ့ကြည့်လိုက်တော့ ဘယ်နေရာမှ မမြင်ဘူး။

ဘယ်နေရာက ပေါ်လာသလဲဆိုတော့ အခု ဦးပဉ္စင်း သဲအင်းဂူရယ်လို့ အမည်ပညတ်မယ့်
နေရာကြတော့ ကြည့်လိုက်တဲ့ အချိန်အခါမှာ သဲအင်းဂူ ကုန်းပေါ်မှာ ဘယ်လိုတွေ့လဲ ဆိုလို့ရှိရင် ဘုရားကြီးကလည်း သုံးဆူတွေ့တယ်။ ဘုရားသုံးဆူပေါ်နေတယ်။ အဲ ကျောင်းကြီးတွေလည်း ပေါ်နေတယ်။

ပေါ်နေတော့ သြော် ဒီနေရာ ဘယ်သူ့ဇာတိလဲ၊ ဘယ်သူ့ ကျောင်းတွေလဲ၊ ဘယ်သူ့ ဟာတွေလဲလို့ ပြန်ပြီး ဆင်ခြင်လိုက်တယ်။ အဲဒီအခါကျတော့ အတိတ်ပြန်မြင်တော့ ဦးပဉ္စင်းဇာတိ ဖြစ်တယ်။ ဦးပဉ္စင်းသိတယ်။ သိလိုက်တဲ့ အချိန်အခါကျတော့
သြော် ဒီနေရာမှာ ငါ့ခန္ဓာများ ပျက်ဦးမလားလို့ ပြန်ပြီး ဆင်ခြင်ကြည့်လိုက်တဲ့
အချိန်အခါကျတော့ ပြဿဒ်ဆောင်ကြီး၊ သြော် ပြဿဒ်ဆောင်ကြီးတော့ ပေါ်လာပြန်ပြီ။
ပြန်ကြည့်တယ်။ စိတ်နဲ့ ပြန်ကြည့်တယ်။ စိတ်နဲ့ ပြန်ကြည့်လိုက်တဲ့အခါ ရုပ်ကလပ်ကြီးပေါ်လာတယ်။

ဦးပဉ္စင်း ရုပ်ကလပ်ကြီး ပေါ်လာတယ်။ ပြဿဒ်ဆောင်ပေါ်မှာ ဘယ်သူ့ရုပ်ကလပ်ကြီးလဲလို့ ကြည့်လိုက်တော့ ဦးပဉ္စင်း ရုပ်ကလပ်ကြီး ဖြစ်နေတယ်။ သြော် ငါဒီနေရာ ပရိနိဗ္ဗာန် ပြုရတော့မှာ ပါလား။ အဲဒီအချိန်အခါ ကျတော့မှ ညီလုပ်တဲ့ ပုဂ္ဂိုလ်ရယ်၊ မယ်တော်လုပ်တဲ့ ပုဂ္ဂိုလ်ရယ်၊ အဲ ဒကာမကြီး ဦးပဉ္စင်း ပရိနိဗ္ဗာန်ပြုလို့ရှိရင် ဒီမှာ ပြုရလိမ့်မယ်။

ဒီမှာ မြို့ကြီးဖြစ်လိမ့်မယ်။ ဒီမှာ သာသနာကြီး ကြက်ပျံမကျအောင် ပွင့်လင်းလိမ့်မယ်။
ဒီမှာ ဘုရားကြီးတွေလဲ ဖြစ်လိမ့်မယ်။ ဒီမှာ မီးတွေ ထွန်းပြီးတော့ မြို့ကြီး အကြီးအကျယ်
ဖြစ်လိမ့်မယ်။ ဒီနေရာမှာ သာသနာ၏ မဏ္ဍိုင်ဖြစ်လိမ့်မယ်။ အဲဒီဦးပဉ္စင်း ညီရယ်၊ မယ်တော်ကြီးရယ်၊ အဲ ဒကာမကြီးကတော့ အတိတ်က ဒကာမကြီးကတော့ သူကြားတယ်။ ဒီနေရာမှာ လမ်းကြီးတွေလည်း ဖြစ်လိမ့်မယ်ဆိုတာ နှောကုန်းရွာမှာ ပထမမဂ်၊ ဒုတိယမဂ်၊ တတိယမဂ် ရတုန်းကနေပြီးတော့ အဲဒီမှာ ပြောဖူးပါတယ်။

အချိန်အခါကျတော့ အဲဒီနေရာမှ ယခုသဲအင်းဂူ ဒကာဦးစုရကို ဒကာကြီး
ဟောဒီနေရာမှာ ပန္နက်ရိုက်။ ညီလုပ်တဲ့ ပုဂ္ဂိုလ်ကတစ်ခါ တပည့်တော် ဘယ်နေရာ
ကျောင်းဆောက်ရမလဲ ဘုရားလို့ အဲဒီကုန်းပေါ်သာ ဆောက်လိုက်ပေါ့ကွာ။
နောက်ကျတော့မှ ညီလုပ်တဲ့သူ ဓမ္မာရုံထိပ်မှာ ညီလုပ်တဲ့သူ ဆောက်ပေးတဲ့ ကျောင်းရှိပါတယ်။

အဲဒီ ကျောင်းထိပ်ကနေပြီး လေးတိုင်စင်ကလေးနဲ့ မှော်ဘီက ဦးစုရနဲ့ ရွှေဝက ဆောက်ပေးလို့ ဦးပဉ္စင်းသီတင်းသုံးတာ ရှိပါတယ်။ သီတင်းသုံးတဲ့ အချိန်အခါကြတော့ ဒီတစ်ဝါမှာ
ချမ်းသာလိုက်တာ အားကြီးပဲ။ ညီလုပ်တဲ့ ပုဂ္ဂိုလ်က ဆောက်ပေးထားတဲ့ အပေါ်မှာ ဒကာမကြီးကနေတယ်။ ဦးပဉ္စင်းက သပိတ်တစ်လုံးနဲ့ ဆွမ်းခံသွားပြီးတော့ ဒကာမကြီးကို ပေးပြီးတော့ ဒကာမကြီးက ဆွမ်းကပ်။ အဲဒီ ဂူထဲကနေပြီး တံခါးပိတ်ပြီး ဒီလိုပဲနေတော့တာပဲ။
သြော် သပိတ်တစ်လုံး သင်္ကန်းသုံးထည်နဲ့ ငါချမ်းသာပြီ …..

(သဲအင်းဂူ ဆရာတော်ဘုရားကြီး ဟင်္သာတတွင် ဟောသော တရားတော်- ဓမ္မရံသီ စာမျက်နှာ)
credit: Dhamma Wizaya