သံယောဇဉ်ပယ်ဖြတ်ဖို့ဆိုတာ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ တကယ်တမ်း သံယောဇဉ်ပြတ်ဖို့ နေနေသာသာ သံယောဇဉ်တွေ ဖြတ်ချင်စိတ်ပေါ်ဖို့တောင် မလွယ်ပါဘူး။

တစ်သံသရာလုံးမှာ သံယောဇဉ်တွေနဲ့သာ နေလာခဲ့ကြတော့ သံယောဇဉ်နဲ့သာ ပျော်ပါတယ်။ သံယောဇဉ်ကိုသာ အဖော်လုပ်ချင်ပါတယ်။ သာမာန်လူသား ပုထုဇဉ်များအနေနဲ့ သံယောဇဉ်ရဲ့နှောင်ဖွဲ့မှုကို လွတ်အောင် အတော်ကြီးကို ကြိုးစားနိုင်မှ ဖြတ်တောက်နိုင်ပါမယ်။

အမှန်တကယ် သံယောဇဉ်ပြတ်သူများလို့ ပြောနိုင်တာက မြတ်စွာဘုရားနဲ့ ရဟန္တာအရှင်မြတ်တွေပါပဲ။ ဘုရားရဟန္တာ မဖြစ်သေးရင် သံယောဇဉ် အငွေ့အသက်တွေ ကြွင်းကျန်နေပါသေးတယ်။ ဆက်လက်ပြီး ကြိုးစားရှုမှတ် ပယ်သတ်ရမဲ့ သံယောဇဉ်ကြိုးမျှင်တွေ ကျန်နေပါသေးတယ်။

ပုထုဇဉ်အဆင့်ကနေ အရိယာအဆင့်ကို ကူးတတ်ဖို့အတွက်သံယောဇဉ်နှောင်ကြိုးတွေကို ဇွတ်တိုးပြီး တစ်ဆင့်တစ်ဆင့်စီ ဖြတ်တောက်ရမှာပါ။ ပုထုဇဉ်ကနေ ပထမဆုံး အရိယာအဆင့်ဖြစ်တဲ့ သောတာပန်ဖြစ်အောင် တရားရှုမှတ်ပြီး သံယောဇဉ်ဖြတ်ရမှာမို့ ရှုမှတ်ရမယ့် တရားအစဉ်နဲ့ ပယ်ဖြတ်ရမယ့် သံယောဇဉ် တွေကို ဆက်စပ် ပြောပြသွားပါမယ်။

(၁) ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ဣဿာ၊ မစ္ဆရိယ- ဆိုတဲ့ သံယောဇဉ် (၅) ပါးတို့ကို သောတာပတ္တိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သောတပန်ဟာ သံယောဇဉ်(၅) ပါး ဖြတ်နိုင်ပါတယ်။

(၂) ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို သကဒါဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ သကဒါဂါမ်ဟာ ရုန့်ရင်းကြမ်းတမ်းသော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို ဖြတ်နိုင်ပါတယ်။

(၃) သိမ့်မွေ့သော ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ကို အနာဂါမိမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ အနာဂါမ်ဟာ ကာမရာဂ သံယောဇဉ်နှင့် ပဋိဃသံယောဇဉ်တို့ လုံးဝမရှိတော့ပါဘူး။

(၄) မာနသံယောဇဉ်၊ ဘဝရာဂသံယောဇဉ်၊ အဝိဇ္ဇာ သံယောဇဉ် တို့ကို အရဟတ္တမဂ်နဲ့ အကြွင်းမဲ့ ပယ်နိုင်ပါတယ်။ ရဟန္တာအရှင်မြတ်တွေဟာ သံယောဇဉ်မှန်သမျှ ဘာတစ်ခုမျှ မကျန်အောင် အားလုံးကို ပယ်သတ်ပြီး ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ္တန်မှာ `` ပယ်ပြီးသော သံယောဇဉ်၏ နောင်အခါမဖြစ်ကြောင်းကိုလည်း သိ၏။´´ လို့ ဟောတော်မူခဲ့တာဟာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာအရှင်မြတ်တွေ ပယ်ထားပြီး ဖြတ်ထားပြီးတဲ့ သံယောဇဉ်တွေကို ပြောတာပါ။

မဂ်နဲ့ပယ်ထားပြီးတဲ့ သံယောဇဉ်တွေဟာ နောင်ကို ဘယ်တော့မှ ပြန်မဖြစ်လာတော့ပါဘူး။ အပြီးတိုင် ပြတ်သွားပါပြီ။

ဓမ္မဒူတ
ဒေါက်တာ အရှင်ပညိဿရ