အဘိသေက မင်္ဂလာ (၃) ပါး

အနေကဇာတိသံသာရံဂါထာ

အကျွန်ုပ်တို့ ဆရာ မြတ်စွာဘုရားသည် လူ သုံးပါး၌ ဘုရားဖြစ်တော်မူလျှင်ပင် လွန်စွာ နှစ်သက် အားရ ရှိတော်မူလှသဖြင့် ပီတိအဟုန်ကို မြုံ၍ မထားနိုင်ပဲ စိတ်တော်ဖြင့် “အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ” အစရှိသောနှစ်ဂါ ထာခွဲကို ကျူးရင့်တော်မူလေသည်။

ဤနိဒါန်းကို စိတ်ဖြင့် ကျူးရင့်တော်မူဖြင်း ဖြစ်၍ “မနသာဥဒါန်း။“ ဟူ၍ လည်းကောင်း၊ ဘုရားဖြစ်ပြီးလျှင် ပြီးချင်း အစဆုံး (စိတ်တော်ဖြင့်) မြွက်ဆိုသော စကားဖြစ်၍ “ပထမ ဗုဒ္ဓဝစန” ဟူ၍လည်းကောင်း ခေါ်ဆိုရလေသည်။

အဘိသေက မင်္ဂလာ (၃) မျိုး

“အနေကဇာတိသံသာရံ” ဂါထာ နှင့် စပ်လျဉ်း၍ အဘိသေက မင်္ဂလာ ၃ မျိုးတို့ကို ဗဟုသုတပွား မှတ်သားကုန်ရာသည်။

အဘိသေက မင်္ဂလာသုံးပါးဟူသည်ကား--

(၁) မုဒ္ဓါဘိသေက မင်္ဂလာ
(၂) ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ
(၃) ဗုဒ္ဓါဘိသေက မင်္ဂလာ

ဤသုံးပါးဖြစ်သည်။

(၁) မုဒ္ဓါဘိသေက မင်္ဂလာ။ ပြည့်ရှင်မင်းများ ထိုထိုရန်ကို အောင်မြင်၍ နန်းသိမ်းပွဲသဘင် ကျင်းပ သောအခါ ဝေဒကျမ်း (ဗေဒင်ကျမ်း) တို့၌ လာရှိသော အစီရင်အတိုင်း ဆိုင်ရာဆိုင်ရာ မန္တန်တို့ကို ရွတ်ဆိုကြ၍ ပုဏ္ဏားတော်များ၊ သမီးကညာရတနာများ၊ သူဌေးသူကြွယ် ကုန်သည်များ စည်တို့က မင်းဖြစ်သူ၏ ဦးထိပ်၌ အဘိသိက်ရေချမ်း သွန်းဖျန်းကြသည်ကို မုဒ္ဓါဘိသေက မင်္ဂလာ ဆင်ယင် သည်ဟု ခေါ်ဆိုလေသည်။

(၂) ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။ ရှင်လောင်း ရဟန်းလောင်း အမျိုုးသားကောင်းတို့ ရှင်ပြုတော့မည်၊ ရဟန်းပြုတော့မည် ဟု ဆုံးဖြတ်လိုက်လျှင်ပင် ဃရာဝါသ ပလိဗောဓ ရန်သူများကို အောင်မြင်ကြ လေသည်။

ထိုသို့ ဃရာဝါသ ပလိဗောဓ ရန်သူများကို အောင်မြင်ပြီးနောက် ရှင် ၊ ရဟန်းပြုသောအခါ ရှင်ပြုသောအစီအရင်၊ ရဟန်းပြုသော အစီအရင်အတိုင်း

(ရှင်ပြုသောခါ) သင်္ကန်းတောင်းခြင်း၊ ရှင်အဖြစ်တောင်းဆိုခြင်း၊ သရဏဂုံသုံးပါးကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုကြခြင်း၊

(ရဟန်းပြုသောအခါ) ဥပဇ္စျာယ်ယူခြင်း၊ သပိတ်သင်္ကန်းကို ပြောကြားခြင်း၊ ဉ တ် ထား၍ သင်ကြားပေးခြင်း၊ ရဟန်းအဖြစ်ကိုတောင်းခံခြင်း၊ ဉ တ် ထား၍ အန္တရာယိကဓမ္မကတို့ကို မေးမြန်း စိစစ်ခြင်း၊ အလုံးစုံ အင်္ဂါရပ်များ ပြည့်စုံလျှင် ဉ တ္တိစတုတ္ထကမ္မဝါစာကို ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုကြခြင်းများသည်

အဘိသေကမန္တန်ကို ရွတ်ဆိုသည်နှင့် တူ၏။ ထို့ကြောင့် ရှင်ပြုသော အစီအစဉ် ၊ ရဟန်းပြုသော အစီအစဉ်အတိုင်း စီစဉ်ဆောင်ရွက်ခြင်းတို့ကို ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာသဘင် ဆင်ယင်သည်ဟု ခေါ်ဆိုရသည်။

(၃) ဗုဒ္ဓါဘိသေက မင်္ဂလာ။ မြတ်စွာဘုရား၏ ကိုယ်တော်စားဖြင့် ဥဒ္ဒိဿရုပ်ပွား ဆင်းတုတော်များမှ ဓာတု၊ ဓမ္မ၊ ပရိဘောဂ ၊ ဥဒ္ဒိသအားဖြင့် စေတီလေးပါးတို့ တည်ရှိရာ ဘုရားပုထိုးစေတီတော်များ တည်ထားပြီးသောအခါ

သံဃာတော်အရှင်မြတ်တို့ တညီတညွတ်တည်း အနေကဇာတင် အစီအစဉ် အတိုင်း အနေကဇာတိသံသာရံ အစရှိသော မနသာဥဒါန်း (နှင့်) ပဋိစ္စသမုပ္ပါဒ် အနုလုံဒေသနာ “ယဒါဟဝေ” ပထမဂါထာ၊ ပဋိစ္စသမုပ္ပါဒ် ပဋိလုံဒေသနာ “ယဒါဟဝေ” ဒုတိယဂါထာ၊ ပဋိစ္စသမုပ္ပါဒ် အနုလုံ ပဋိလုံဒေသနာ “ယဒါဟဝေ” တတိယဂါထာ စသည်တို့ကို အစဉ်အတိုင်း ရွတ်ဆိုတော်မူကြ၍
ဆန်ပန်း ပေါက်ပေါက် စသည်အတိုင်း ပူဇော်ဖွယ်တို့ဖြင့် ဆင်းတုတော် စေတီတော်အား ပူဇော်ကြခြင်းကို ဗုဒ္ဓါဘိသေက မင်္ဂလာသဘင် ဆင်ယင်သည်ဟု ခေါ်ဆိုရလေသည်။

(ဤ ဗုဒ္ဓါဘိသေက မင်္ဂလာ ဆင်ယင်ခြင်းကိုပင် သံဃာတော်များ “အနေကဇာတိသံသာရံ” ဂါထာမှ စတင်ရွတ်ဆို ပူဇော်ကြသောကြောင့် ဝေါဟာရသုခ ခေါ်ဝေါ်လွယ်စိမ့်သောငှာ “အနေကဇာတင်သည်” ဟု လူ့ဝေါဟာရ ခေါ်ဆိုကြလေသည်။)

( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်တောင်၊ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၏ သီလပေးအကျယ်၊ ဗုဒ္ဓနေ့အကြောင်း နှင့် ဟောပြောချက်ဒေသနာများ ၊ စတု္ထအကြိမ်၊ စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။)