နေက တဖြည်းဖြည်းမြင့်လာပြီဖြစ်တဲ့အတွက် ကျွနု်ပ်ကိုယ်မှာ ချွေးသံတွေတရွှဲရွှဲဖြစ်လို့လာသည်။ နောက်ထပ် နှစ်မိုင်လောက်လျှောက်လိုက်လျှင်တော့ ရှေ့တည့်တည့်မှ မြင်နေရသော တောအုပ်ကို ရောက်ပေလိမ့်မည်။ ထိုတောအုပ်ရောက်မှပဲ အမောအပန်းဖြေကာ ပါလာသောရိက္ခာထုပ်ကိုစားတော့မည်ဟူသော အတွေးဖြင့်အသွားနှုန်းကို အနည်းငယ်မြှင့်တင်လိုက်မိသည် ။

ကျွနု်ပ်၏ အမည်က ဆတ္တ ၊ ဘာသာက ဗြာဟ္မဏ (ဟိန္ဒူ) ဘာသာ ၊ ဇာတိက သေတဗျမြို့ ၊ ယခုသွားနေသည်က တက္ကသိုလ်ပြည်က ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ခ အသပြာတစ်ထောင်ပူဇော်ရန် တောအုပ်လေးထဲရောက်ခါနီး မိုင်ဝက်လောက်အလိုတွင် လွင်တီးခေါင်၌ စင်္ကြလျှောက်နေသော အသက်ကြီးကြီး ရဟန်းတစ်ပါးကို တွေ့လိုက်ရသည် ။

ဘာသာချင်းမတူသည်မို့ မသိချင်ယောင်ဆောင်ကာ ဆက်လျှောက်သွားမည် အပြုတွင် -
"ချစ်သား ဆတ္တ ၊ အဘယ်အရပ်သို့ ခရီးဆက်မလို့ပါလဲ" ဟူေသော အကျွန်ုပ်ရဲ့အမည်ကို ခေါ်ပြီး နှုတ်ဆက်မေးမြန်းလိုက်တဲ့ အသံကြောင့် ခေတ္တရပ်ပြီး ပြန်လည်ဖြေကြားရပါတော့တယ်။ တောအုပ်ထဲ မြန်မြန်ရောက်ချင်နေတာဆိုတော့ စိတ်ကတော့ တိုချင်ချင်ပဲ။

"တက္ကသိုလ်က ဒိသာပါမောက္ခဆရာကြီးကို ဉာဏ်ပူဇော်ခ ကန်တော့ရအောင် သွားမလို့ပါ ရဟန်းကြီး"

"သင် - ချစ်သားအတွက် အပန်းမကြီးဘူးဆိုရင် ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်သွားပါလား"

သြော် - လက်စသတ်တော့ ဂေါတမဗုဒ္ဓကိုယ်တော် ဖြစ်နေပါလား ၊ ဘုရားဆိုရင် ကုဋေများစွာတန်တဲ့ ကျောင်းတိုက်ကြီးမှာ သူဌေးတွေ ဘုရင်တွေရဲ့ အကိုးအကွယ်ခံပြီး အေးအေးဆေးဆေးနေမယ်ထင်နေတာ အခုတော့ ဒီလိုမဟုတ်ပါလား။

လူသူမရှိတဲ့ တောကြီးမျက်မည်းထဲထိလာပြီး သာသနာပြုရှာပါလား ၊ ပြီးတော့ ကျွနု်ပ်ထင်ထားတာက သူ့အယူဝါဒကိုလက်ခံတဲ့ ဗုဒ္ဓဘာသာတွေလောက်သာ မေတ္တာကရုဏာ ထားမယ်ထင်တာ ၊ အခုတော့ ဒီလိုမဟုတ်ဘဲ ဘာသာခြားဖြစ်တဲ့ ကျွနု်ပ်လိုသာမာန်ပုဂ္ဂိုလ်တစ်ယောက် အပေါ်မှာတောင် မေတ္တာကရုဏာထားပြီး လာရောက်နှုတ်ဆက်မေးမြန်းတရားဟောရှာပါလားဆိုတဲ့ အတွေးကြောင့် လေးစားရိုသေတဲ့စိတ်တွေ အလိုလိုပေါ်လာပြီး ကျွနု်ပ်ခြေထောက်တွေ အလိုလိုဒူးထောက်ပြီးသား ဖြစ်သွားတယ်။

ဘာသာခြားဖြစ်တော့ သရဏဂုံကို ချက်ချင်းမဆောက်တည်သေးဘဲ နည်းနည်းတော့ စောဒက တက်လိုက်မိသေးတယ်။

"အရှင်ဂေါတမ - အဲသလို သရဏဂုံ တည်ဆောက်တဲ့အတွက် ကျွနု်ပ်မှာ ဘယ်လိုကောင်းကျိုးတွေ ခံစားလာနိုင်ပါသလဲ"
"ချစ်သား ဆတ္တ - ချစ်သားကို ငါဘုရား ပြန်မေးပါ့မယ် ၊ သင်ချစ်သား သဘောပေါက်သလို ဖြေနိုင်ပါတယ် ၊ သင်ချစ်သား ဘယ်အသက်အရွယ်မှာ သေမယ်လို့ ကြိုတင်သိပါသလား"
"မသိနိုင်ပါ အရှင်ဘုရား"
"ဘယ်အနာရောဂါနဲ့ သေရမယ်ဆိုတာရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"နံနက် ၊ နေ့လယ် ၊ ည ဘယ်ကာလမှာ သေမယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်သချႋုူင်းမှာ သ င်္ဂြိုဟ်မယ်ဆိုတာရော ကြိုသိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"သေပြီးနောက် ဘယ်ဘုံရောက်မယ်လို့ရော ကြိုတင်သိနိုင်ပါသလား"
"မသိနိုင်ပါ အရှင်ဂေါတမ"
"ချစ်သားဆတ္တ - ပုထုဇဉ်မှန်သမျှ အဲဒီအခြင်းအရာ ငါးမျိုးကို ဘယ်သူမှ ကြိုတင်ပြီးမသိနိုင်ပါဘူး ၊ အကယ်၍ အသင်ချစ်သားအနေနဲ့ ငါဘုရားထံမှာ သရဏဂုံသုံးပါး ဆောက်တည်ပြီးလို့ အဲဒီသရဏဂုံမြဲသွားပြီဆိုရင်တော့ ဘယ်ချိန်ချိန်သေသေ ပုထုဇဉ်တိုင်းကြောက်ရွံတဲ့ အပါယ်လေးဘုံ မရောက်တော့ဘူး"

"အို - သရဏဂုံဆိုတာ သံသရာအတွက်ပါ အားကိုးရတဲ့ တရားကြီးပါလား ၊ ကျွနု်ပ်သိပ်ပြီးတော့ အားရဝမ်းသာဖြစ်သွားပါတယ်။ ပြီးတော့ မြတ်စွာဘုရားက ဒီတောနက်ကြီးထဲထိရောက်အောင်ကြွပြီး ကျွနု်ပ်လို သာမန်
ဘာသာခြားတစ်ယောက်ကို တရားဟောတယ်ဆိုတာ ထူးခြားတဲ့အကြောင်းတစ်ခုရှိရမယ်ဆိုတာတော့ ကျွနု်ပ် သေသေချာချာ သတိထားလိုက်မိပါတယ်။
ဒါ့ကြောင့်လည်း ကျွနု်ပ်ဘုရားရှင်ထံမှာ သရဏဂုံသုံးပါးကို လေးလေးစားစား ဆောက်တည်ပြီး ဗုဒ္ဓဘာသာအဖြစ်ကိုခံယူလိုက်ပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ လူမျိုးတွေရဲ့ အဆုံးအမစကားလေး တစ်ခုရှိတယ် ၊ အဲဒီစကားလေးက -
"အလုပ်တစ်ခုကို အတ္တဟိတလား ၊ ပရဟိတလားဆိုတာ ခွဲခြားသိချင်ရင် အဲဒီအလုပ်အပေါ်မှာ မေတ္တာစေတနာ ဘယ်လောက်ပါသလဲ ဆိုတဲ့ ပေတံနဲ့ပဲတိုင်းတာရမယ်" တဲ့။

အခု ရှင်တော်မြတ်ဘုရားကိုယ်တိုင် ဒီတောနက်ကြီးထဲထိ ကြွလာပြီး တရားဟောတယ်ဆိုကတည်းက ကျွနု်ပ်အပေါ်မှာထားတဲ့ မေတ္တာစေတနာထုထည် ဘယ်လောက်ထိ ကြီးမားတယ်ဆိုတာ ထင်ရှားနေပါပြီ။ ကိုယ့်ဘာသာဝင်ဦးရေ တိုးပွားရုံသက်သက် ကတော့ မြို့ပေါ်မှာ အသားကျနေပြီး ဆွဲဆောင်လဲဖြစ်တာပဲ မဟုတ်ပါလား။

နောက်တစ်ချက်က ဗုဒ္ဓရဲ့မျက်နှာတော်မှာထင်နေတဲ့ မေတ္တာကရုဏာ စေတနာဟာ ဘာသာလူမျိုး မခွဲခြားဘူးဆိုတာ ကျွန်ုပ်ရင်ထဲက အလိုလိုသိနေတယ်လေ။ ကြည်ညိုသပ္ပာယ်စရာကောင်းလှတဲ့ ဗုဒ္ဓရဲ့မျက်နှာတော်ကို အားရပါးရ ဖူးမျှော်ကန်တော့ပြီး ကျွနု်ပ်ရဲ့ရှေ့ခရီးကို ဆက်ခဲ့ရပါပြီ။ ဗုဒ္ဓရှင်တော်လဲ မိုင်ပေါင်းများစွာဝေးတဲ့ ဇေတဝန်ရွှေကျောင်းကို ပြန်ကြွတော်မူခဲ့ပြီပေါ့။

ကျွနု်ပ်နားဖို့ရည်ရွယ်ထားတဲ့ တောအုပ်အစပ်ကို ဝင်လိုက်တယ်ဆိုရင်ပဲ ဗုဒ္ဓရှင်တော်မြတ် ကျွနု်ပ်ဆီကို ဘာကြောင့် ကြွလာရတယ်ဆိုတဲ့အဖြေကို ကျွန်ုပ်သိလိုက်ရပါပြီ။ တခြားဟုတ်ပါရိုးလား ၊ ကျွန်ုပ်လာမယ့်သတင်းကို ကြိုရထားတဲ့ ခိုးသားဓားပြငါးရားတို့ ကျွနု်ပ်ကိုမြင်တာနဲ့ တပြိုင်နက် အဆိပ်လူးမြှားတွေနဲ့ ဝိုင်းပြစ်လိုက်ကြတာ ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။

လို့ သရဏဂုံဆောက်တည်ရင်းပဲ ကျွန်ုပ်ဆတ္တတစ်ယောက် ဝိညာဉ်စဲလို့ သေပွဲဝင်ခဲ့ရပါပြီကော။ ဒါပေမယ့် ကျွနု်ပ်ဝမ်းမနည်းမိဘူး ၊ ဘာကြောင့်လဲဆိုတော့ ငွေတစ်ကျပ်ဆုံးရှုံးရပေမယ့် ကုဋေပေါင်းများစွာ ပြန်ရတဲ့လူတစ်ယောက်လို လူ့ဘဝကဆုံးရှုံးသွားရပေမယ့် သေခါနီးမှာကပ်ပြီး ဆောက်တည်ခဲ့တဲ့ သရဏဂုံကုသိုလ်ကြောင့် လူ့သက်နဲ့ဆိုရင် နှစ်ပေါင်း သုံးကုဋေနဲ့ အနှစ်ခြောက်သန်းအသက်ရှည်တဲ့ တာဝတိံသာနတ်ပြည်ကို ရောက်ခဲ့ရလို့ပဲ။ ကျွနု်ပ်လို ဘာသာခြားတစ်ယောက်ကိုတောင် သေခါနီးလေးမှာကပ်ပြီး ဆောက်တည်တဲ့ သရဏဂုံကုသိုလ်က တာဝတိံသာနတ်ပြည်ထိ ပို့ပေးနိုင်ရင် နေ့တိုင်းသရဏဂုံဆောက်တည်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကတော့ ကျွနု်ပ်ထက်သာလွန်တဲ့ နတ်ဘုံတွေကို ရောက်မှာပဲလို့ ခဏခဏတွေးကြည့်နေမိတာပါပဲ။

မှတ်ချက်။ ။ ဝိမာနဝတ္ထုအဋ္ဌကထာ ၊ ဆတ္တမာဏဝ ဝတ္ထုကို မှီငြမ်းပြု ရေးဖွဲ့ပါသည်။

BTNR မှ ဆရာတော်အရှင်ဇဝန ( မေတ္တာရှင် - ရွှေပြည်သာ ) ၏ သရဏဂုံအစွမ်းအံ့မခန်းဖြစ်ရပ်ဆန်းများ စာအုပ်မှ ကူးယူဖော်ပြပူဇော်ခြင်း ဖြစ်ပါသည် ။