လောက်ထားအပ်ပါသည်ဘုရား
(က) ဃောသကသူဋ္ဌေးသား ၀တ္ထုတွင် သူဋ္ဌေးကြီးက မွေးစားသားအား သတ်ရန် မိတ်ဆွေ သူကြွယ်ထံ စာရေးပေးသည်-ဟု ဖတ်ရပါသည်။ မြတ်စွာဘုရားလက်ထက်တွင် အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါသလား ဘုရား။
( ခ ) အက္ခရာစာပေ ပေါ်ပေါက်ပြီး ဖြစ်ပါလျှင် မြတ်စွာဘုရား၏ တရားတော်များကို အဘယ့်ကြောင့် ကျောက်ထက်အက္ခရာ၊ ပေထက်အက္ခရာ မတင်ထားခဲ့ဘဲ သံဃာတော်များက နှုတ်ငုံမှတ်သား လာခဲ့ရသည်ကို သိလိုပါသည်ဘုရား။
( ဒေါ်သင်းသင်း-ရန်ကုန် )


( ဖြေ )
( ၁ ) မြတ်စွာဘုရား လက်ထက်တော်၌ အက္ခရာစာပေ ရေးသားဖတ်ကြားမှုများ ရှိနေကြောင်း၊ ၄င်းဃောသက၀တ္ထုအပြင် ဥတ္တရာသူဋ္ဌေးသမီးဝတ္ထု၊ ပုက္ကုသာတိဝတ္ထု၊ စသည်တို့တွင်လည်း ထင်ရှားရှိပါသည်။
အထူးအားဖြင့် ပုက္ကုသာတိဝတ္ထုပြရာ ဓာတုဝိဘင်္ဂသုတ်အဖွင့် ( မ-ဋ္ဌ ၄၊ ၂၀၁ )၌ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းထံမှ တက္ကသိုလ်ပြည် ပုက္ကုသာတိမင်းထံသို့ ဘုရား တရား သံဃာ ရတနာသုံးပါး ပေါ်ပေါက်နေကြောင်း ရွှေပြားတွင် အက္ခရာစာပေ ရေးသား၍ ပေးပို့ကြောင်း ၄င်းအက္ခရာစာပေတို့မှာ သမသီသာနိ-အက္ခရာအပေါ်ထိပ် (ခေါင်း) ညီညာ၍၊
သမပန္တီနိ-လက်ဝဲမှ လက်ျာသို့ ညီညီညာညာ စီတန်းနေကြောင်း၊
စတုရဿာနိ-လေးထောင့်သဏ္ဍာန်ရှိကြောင်း၊ ဖော်ပြပါရှိပါသည်။
ဗြာဟ္မီအက္ခရာပုံ ဖြစ်ဟန်ရှိကြောင်း သိရပါသည်။

( ၂ ) ရဟန်းသံဃာတော်များသည် တရားတော်များကို လေးစားရိုသေသောအားဖြင့် အက္ခရာစာပေဖြင့် ရေးသားဖတ်ကြားခြင်းထက် အဆင့်ဆင့် နှုတ်တက်အာဂုံဆောင်၍ ရွတ်ဆိုလေ့ရှိကြောင်း၊ ထို့ပြင် သဒ္ဒါ ပညာ ထက်သန်သောခေတ်ဖြစ်၍ တပါးက နှုတ်ဖြင့် ရှေ့ကရွတ်ဆိုသွားလျှင် တပါးက နောက်မှလိုက်၍ ရွတ်ဆိုခြင်းဖြင့် နှုတ်တက်ရရှိသွားကာ ဤနည်းဖြင့် အဆင့်ဆင့် သင်ကြားဆောင်ရွက်ခဲ့ကြောင်း၊ ဤခေတ်ဂိုဏ်းဂဏများပမာ ဒီဃဘာဏကဂိုဏ်းမှ ဒီဃနိကာယ်ကို၎င်း၊ မဇ္ဈိမဘာဏကဂိုဏ်းမှ မဇ္ဈိမနိကာယ်ကို၎င်း၊ ထို့အတူ အင်္ဂုတ္တရနိကာယ် ၊ သံယုတ္တနိကာယ်စသည် ဂိုဏ်းအသီးသီးခွဲ၍ သူ့တာကိုယ့်တာ ခြားပြီး ဆောင်ခြင်း၊ ရွတ်ခြင်းတို့ဖြင့် ပိဋကတ်သုံးပုံကို ဆောင်ခဲ့ကြရာ သာသနာ ၄၅၀-အထိဖြစ်သည်။

ထိုသာသနာ ၄၅၀-သီရိလင်္ကာ သီဟိုဠ်ခေတ်တွင်မှ ဒုဗ္ဘိက္ခ ကပ်ဘေးကြီးများ တွေ့ရသဖြင့် ကြာလျှင် သဒ္ဓါ ပညာ ခေါင်းပါးပြီး ပိဋကတ်တော်များ ဆောင်ခြင်း၊ ရွတ်ခြင်း တတ်နိုင်တော့မည် မဟုတ်ဟုဆိုကာ ပေထက်အက္ခရာ တင်ခဲ့သည်ဟု ဆိုပါသည်။