======================
ဝိနည်းဥပဒေအရ ရဟန်းတော်များ မစားအပ်တဲ့ "အကပ္ပိယမံသ" အသားကြီး ၁ဝ မျိုးကို မြန်မာဘာသာ
အားဖြင့် ပြောကြရာမှာ ၁) လူသား၊ ၂)ဆင်သား၊ ၃)မြင်းသား၊ ၄)ခွေးသား ၊ ၅)မြွေသား၊ ၆)ခြင်္သေ့သား၊
၇)ကျားသား၊ ၈) ကျားသစ်သား ၊ ၉) ဝံသား ၊ ၁ဝ) အောင်းသား-- လို့ စာရင်းပြပါတယ်။ အမှတ်စဉ် ၉ ဖြစ်
တဲ့ ဝံသားကို တိတိကျကျပြောရာမှာတော့ "ဝက်ဝံသား" လို့ ကျမ်းစာများမှာ တွေ့ ရတယ်။

အမှတ် ၁ဝ "အောင်း" ကို စူးစမ်းတဲ့အခါ အယူအဆများစွာ ကွဲပြားနေတာ သတိပြုမိပါတယ်။
မြန်မာ-အင်္ဂလိပ်အဘိဓာန်နဲ့ ယုဒသန်မြန်မာ-အင်္ဂလိပ်အဘိဓာန် ၂ စောင်ကိုကြည့်ရာမှာ "အောင်း" ခေါ်တဲ့
သတ္တဝါဟာတိဘက်ဒေသမှာ အများဆုံးတွေ့ ရတတ်တဲ့ အမွှေးရှည် နွားကို ခေါ်ကြောင်း ပြဆိုကြတယ်။
အင်္ဂလိပ်ဘာသာ Yak, Tibet Bull လို့ ခေါ်ပါတယ်။ Yak က နွားအထီးကို ခေါ်ပြီး အမကို
တော့ Dri သို့ မဟုတ် Nak လို့  တိဘက်ဘာသာနဲ့ ခေါ်ပါတယ်။


ဝိနည်းပါဠိတော်အင်္ဂလိပ်ဘာသာပြန်၊ အသားကြီး ၁ဝ မျိုးအကြောင်းအင်္ဂလိပ်ဘာသာနဲ့ ရှင်းပြကြတဲ့ ရဟန်း
ပညာရှင်များ၊ ပါဠိ-အင်္ဂလိပ်အဘိဓာန်များအလိုအရကတော့ "တရစ္ဆ=အောင်း" ခေါ်တဲ့ သတ္တဝါဆိုတာ
အာရှ နဲ့  အာဖရိကတိုက်တွေမှာ တွေ့ ရတတ်တဲ့ ဟာယိန (Hyena) ကို ညွှန်ပြကြပါတယ်။ မြန်မာစာအဖွဲ့ 
ထုတ် အင်္ဂလိပ်-မြန်မာအဘိဓာန်က "Hyena (also Hyaena) အာဖရိကနှင့် အာရှတိုက်တို့ တွင် တွေ့ ရ
သည့် ခွေးနှင့်တူ၍ အုပ်ဖွဲ့ နေတတ်ကာ အသေကောင်ကိုစားလေ့ရှိသော၊ လှောင်ရယ်သံအလား အော်မြည်
တတ်သည့် တောရိုင်းတိရစ္ဆာန်" လို့ ရှင်းပြတယ်။

တိပိဋကပါဠိ-မြန်မာအဘိဓာန်-အတွဲ ၉၊ တ-ဝဂ်က "အာဖရိကတိုက်တွင် အရှိများ၍ မေးရိုးအထူးသန်မာပြီး
လျှင် အပုပ်ကောင်ကိုစားတတ်သည့် အသည်းကြောင်သော ခွေးအ။ အသားကိုစားသည့် ရိုင်းသောသတ္တဝါ၊
၎င်းသတ္တဝါသည် သန်မာ၏၊ သို့ သော် သူရဲဘောနည်း၏။ ခွေးကြီး သို့ မဟုတ် ဝံပုလွေနှင့်တူ၏- Hyena,
Hyaena ကိုကြည့်" လို့ ပြထားတယ်။

ဦးဟုတ်စိန်ရဲ့ အများသုံးမြန်မာ-အင်္ဂလိပ်အဘိဓာန်ကတော့ "ဟာယိန (hyena), တိဘက်နွား (Yak)" ၂ မျိုးလုံးကို "အောင်း" လို့  သိမ်းကျူံးပြဆိုထားတာတွေ့ ရပါတယ်။


ဆရာတော်အရှင်သြဘာသာဘိဝံသရဲ့ သုတေသနသရုပ်ပြအဘိဓာန်က "တရစ္ဆ" ကို " ဝံပုလွေ" လို့ ယူဆ
ကာ တရစ္ဆမံသ= ဝံပုလွေအသား လို့  အသားကြီး ၁ဝ မျိုးမှာ ပြဆိုပါတယ်။ ဝံပုလွေဟာ နေရာဒေသကို
လိုက်ပြီး အမွှေးအရောင်ကွာခြားမှုရှိနိုင်ပါတယ်။ ဝံပုလွေကတော့ အမေရိကန်
နိုင်ငံမှာ တွေ့ ရတဲ့ ဝံပုလွေဖြစ်ပါတယ်။

ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသရဲ့ ဗုဒ္ဓဝါဒနဲ့ သက်သတ်လွတ်အယူစာတမ်းမှာတော့"တရစ္ဆကို
ဟာယိန နဲ့ ဝံပုလွေ ဆိုတဲ့ သတ္တဝါ ၂ မျိုး" လို့  ပြပါတယ်။

တရစ္ဆ-ပါဠိကို ဝံပုလွေ လို့ ဘာသာပြန်မှုအပေါ် သဘောမတူတဲ့အယူအဆတွေ ရှိနေပါတယ်။ ပါဠိအဘိဓာန်နိဿယဂါထာအမှတ် ၆၁၅ မှာ "ကောက၊ ဝက= ဝံပုလွေ" လို့ ပရိယာယ် ၂ ပုဒ်ပြတယ်။
ရှေးအဘိဓာန်နိဿယများက ကောက၊ ဝက ပါဠိတို့ ကို သစ်ကျုတ် လို့ မြန်မာပြန်ခဲ့ကြတယ်။
အဲဒီ သစ်ကျုတ် ဘာသာပြန်ကို ပါဠိပညာရှင်များက ဆက်လက်လက်ခံအသုံးပြုတာ မတွေ့ ရပါဘူး။
သဒ္ဒနီတိဓာတုမာလာက "ကောကောတိ အရညသုနခေါ= ကောကဆိုတာ တောခွေး (ခွေးအ)" လို့ ပြော
တာကြောင့် တောခွေးဆိုတာ ခွေးနဲ့ အမျိုးအနွယ်ချင်းတူတယ်လို့ တောင်မဆိုသင့်ဘူး၊ တောခွေးဆိုတာ ခွေး
အစစ်ဖြစ်တယ်။ ဒီတော့ "အရညသုနခ=ဝံပုလွေ=Wolf" ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကောက ပါဠိက ဝံပုလွေ Wolf ကို ပြောတာပဲလို့ အယူအဆညီကြပြီးနောက် အသားကြီး ၁ဝ မျိုးကို ဖွင့်ပြ
တဲ့ ဝိနည်းဟာဝါအဋ္ဌကထာ (ဝိ၊ဋ္ဌ၊ ၃၊၃၇၆) က-------
"ဝံပုလွေ (အရညကောက) ဆိုတာ ခွေးနဲ့ အတူတူပဲ။ ဝံပုလွေအသားကို စားကောင်းတယ်။ စားနိုင်တယ်။
ဝံပုလွေ က ခွေးနဲ့ ပေါင်းစပ်လို့ မွေးဖွားလာတဲ့ ခွေးဝံပုလွေကပြားရဲ့ အသားကိုတော့ မစားရဘူး" လို့ ပြော
ထားပါတယ်။ ဒါကြောင့် တရစ္ဆ ပါဠိကို ဝံပုလွေ လို့ ယူဆတာ အဋ္ဌကထာနဲ့ မညီညွတ်ဘူး။

ပါဠိကို တိုက်ရိုက်မြန်မာပြန်၊ အဲဒီမြန်မာပြန်ဝေါဟာရကို မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ ကြည့်မိလို့ လိုရင်း
ပန်းတိုင်မရောက်နိုင်ဖြစ်တာလေးနဲ့ လည်း ကြုံရပါသေးတယ်။ "အရည+သုနခ= တော+ခွေး" ဆိုတဲ့
တိုက်ရိုက်ဘာသာပြန်ဟာ အင်္ဂလိပ်လို Jackal, ပါဠိလို ဇမ္ဗုက-သိဂါလ-သိင်္ဂါလ-ကောဋ္ဌု ဖြစ်သွားပြီး လမ်းကြောင်းလွဲသွားရော။ ဒီပါဠိတွေက မြေခွေး, Fox ကိုလည်းဆိုလိုပြန်တော့
တောက်လျှောက်လွဲတော့တာပါပဲ။

ရှေးအဘိဓာန်နိဿယ နဲ့  မြန်မာ-အင်္ဂလိပ်အဘိဓာန်တို့ အလို "ကောက=အရညသုနခ= သစ်ကျုတ်၊
တောခွေး၊ မြေခွေး" ဘာသာပြန်ဟာ မတည်ငြိမ်ဘူး။ "တရစ္ဆ=ဝံပုလွေ Wolf" ဘာသာပြန်ဟာလည်း
အငြင်းပွားစရာဖြစ်နေပါတယ်။

တိပိဋကပါဠိအဘိဓာန်က တရစ္ဆ ပါဠိကို (က) အောင်း (ခ) ကျားသစ် (ဂ) ခွေးကျား (ဃ) သစ်ကျုတ်
(င) ဝက်ဝံအထူး (စ)ခြင်္သေ့နက်၊ ဝက်ဝံနက် (ဆ) သစ် (ခွေးသဏ္ဍန်ရှိသော မည်းနက်သောအရေး
အကြောင်းတို့ ဖြင့် ပြောက်ကျားသော သားကောင်အထူး) လို့ ဆရာစုံတို့  အယူအဆစုံကို ပြည့်စုံအောင်
ပြပါတယ်။ သို့ သော် တိ-ပိအဘိဓာန်မှာ မပါသေးတာကတော့ "တရစ္ဆ-ဆိုတာ ကျားကျုတ်" ကိုဆိုလို
တယ်ဆိုတဲ့ အယူအဆပါပဲ။


ဆရာတော်အရှင်ကုမာရ-က ဝိနယသင်္ဂဟပန်းကုံး၊ မစ ၦမံသဝိနိစ ၦယကထာကုိ ရှင်းပြချက်မှာ တရစ္ဆ=ကျား
ကျုတ်ဖြစ်တယ် ဆိုတဲ့ အယူအဆကို တင်ပြထားပါတယ်။ ကျားကျုတ်ကို အင်္ဂလိပ်ဘာသာနဲ့ Leopard cat
ခေါ်ပါတယ်။

ဆရာတော်က ဘာသန္တရအဘိဓာန်များစွာရဲ့ အယူအဆများကို ရှင်းပြရာမှာ----
အချို့ အဘိဓာန်တွေက တရစ္ဆ= ခွေးအအကြီးမျိုး၊ ဝံပုလွေထက်အနည်းငယ်ကြီးသော သားစားတိရစ္ဆာန်၊
အချို့ အဘိဓာန်တွေက တရစ္ဆ=ခွေးအအကြီးမျိုး၊ ကျားကလေးမျိုး၊
အချို့ အဘိဓာန်တွေက တရစ္ဆ= ဝံပုလွေ၊ ကျား
အချို့ အဘိဓာန်က တရစ္ဆ= သစ် (Leopard) လို့ ဆိုကြကြောင်း....။
အဘိဓာန်အားလုံးက ကောက ကို ဝံပုလွေ လို့ ဆိုကြပြီး ဝံပုလွေသား စားအပ်ကြောင်းကိုလည်း မဟာဝါဋ္ဌ
ကထာမှာ ဆိုထားပြန်တဲ့အတွက် ဒီနေရာ တရစ္ဆသဒ္ဒါရဲ့အနက်ကို ကျားကလေးမျိုး (ကျားကျုတ်) ဟုယူက
သင့်မည်လို့ ထင်ကြောင်း တင်ပြထားတာတွေ့ ရပါတယ်။

တရစ္ဆ-အောင်း ဆိုရာမှာ တင်ပြခဲ့ပြီးသလို ပညာရှင်များရဲ့အယူအဆ မတူကြောင်းသိကြရပါပြီ။ ဘယ်သူက
မှန်တယ်လို့ အတိအကျပြောဖို့ ဆိုတာလည်း သိမ်မွေ့ နက်နဲသလို ခက်ခဲရှုပ်ထွေးမှုလည်း ရှိနေပါတယ်။ ဖြစ်
နိုင်ခြေအနည်း-အများကို ချိန်ထိုးစဉ်းစားမိတာကို ပြောရရင် အသားကြီး ၁ဝ မျိုးကို မစားအပ်တဲ့ အကြောင်း
ပြအပေါ် အခြေခံပြီး ပြောချင်ပါတယ်။
-လူသားကတော့ ဇာတ်တူသားဖြစ်လို့ (၁)
-ဆင်၊ မြင်းအသားတွေကိုတော့ ဘုရင်မင်းတို့ အသုံးအဆောင်ဖြစ်လို့ (၂-၃)
-ခွေး၊ မြွေ အသားတွေကိုတော့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လို့ (၄-၅)
-ခြင်္သေ့၊ ကျား၊ ကျားသစ်၊ ဝက်ဝံ၊ အောင်း အသားတွေကို ဘေးရန်ကင်းအောင်လို့ ရှောင်ကြဉ်ရတယ် (၆-၁ဝ)

အမှတ် ၆- ၁ဝ အသားကို ဘေးကင်းရန်ကွာအကျိုးငှါ ရှောင်ရတယ်ဆိုရင် သူတို့ အသားတွေကို စားသုံး
မိရင် ဘေးရန်ရှိလို့ ၊ ဘေးရန်ပြုနိုင်လို့ ဆိုတော့ တိဘက်အမွှေးရှည်နွား (Yak) ကတော့ တရစ္ဆ=အောင်း
စာရင်းထဲမှာ အန္တရာယ်အကင်းဆုံး၊ တရစ္ဆ-အရ ဖြစ်နိုင်ခြေ အနည်းဆုံးသတ္တဝါဖြစ်မယ်လို့ ထင်မြင်မိပါ
ကြောင်း......။

အမရဒီပ
ဇန်နဝါရီ ၂၉၊ ၂ဝ၁၄

မှီငြမ်းပြုကျမ်းစာများစာရင်း
-----------------------------
၁။ ဝိနယ မဟာဝါပါဠိတော်
၂။ ဝိနယမဟာဝါပါဠိတော်မြန်မာပြန်
၃။ ဝိနယ မဟာဝါဋ္ဌကထာ
၎။ ဝိနယ၊ မဟာဝါဘာသာဋီကာ၊ ဒုတိယအုပ်၊ အရှင်ဇနကာဘိဝံသ
၅။ ဝိနယသင်္ဂဟပန်းကုံး၊ ပထမအုပ်၊ အရှင်ကုမာရ
၆။ တိပိဋကပါဠိ-မြန်မာအဘိဓာန်၊တွဲ ၉၊ တဝဂ်
၇။ သုတေသနသရုပ်ပြအဘိဓာန်၊ အရှင်သြဘာသာဘိဝံသ
၈။ သပြေကန်ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသေဋ္ဌာဘိဝံသ
၉။ အများသုံး မြန်မာ-အင်္ဂလိပ်-ပါဠိအဘိဓာန်၊ ဦးဟုတ်စိန်
၁ဝ။ မြန်မာ-အင်္ဂလိပ်အဘိဓာန်၊ မြန်မာစာအဖွဲ့ 
11.The Book of the discipline (Vinaya Pitak) Volume IV, Translated by I.B.Horner
12.The Pali-English Dictionary
13. What Buddhists Believe by K.Sri Dhammananda
14. Eleven Holy Discourses of Protection, Maha Paritta Pali by Sao Htun Hmat Win
15. Buddhism and Vegetarianism by Ashin Nandamalabhivamsa
c/o ( MS )