Article Index



မြတ်မင်္ဂလာစာစောင်ပါ မြန်မာပြည်တလွှားမှ ရဟန်း၊ရှင်၊လူများက ဆရာတော်ရဝေထွန်း (အရှင်တိလောကသာရ) ထံသို့ ဘာသာရေးနှင့် ပက်သက်၍ မေးမြန်းထားသည်များကို ပြန်ဖြေထားခြင်းဖြစ်သည်။ ဘာသာရေးနှင့်ပက်သက်၍ မိမိကိုယ်တိုင် မရှင်းလင်းသည် များကိုပါ သိရှိနိုင်သည့်အပြင် မိမိမတွေးမိသည့် မေးခွန်းများကိုပါ တွေ့ရနိုင်သည်။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသူများ၊ မေးမြန်းရမည့် ရဟန်းသံဃာတော်များ၏ အဝေးတွင် ရောက်ရှိ နေသူများ၊ ဗုဒ္ဓဘာသာနှင့် ပက်သက်၍ နိုင်ငံခြားသားများ မေးမြန်းလာမှုကို ဖြေကြားလိုသူများ အထူးဆောင်ထားသင့်သော စာအုပ်ဖြစ်သည်။ ဖြေကြားရာတွင် လိုရင်းတိုရှင်း၊ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ဖြေကြားထားသည်ကို တွေ့ရသည်။


( မေး ) ( ရေစက်ချ အမျှဝေ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။ အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၄င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )

( ဖြေ )
ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌
၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏။
ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။ အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးဝေ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ၀တ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။


( မေး ) ( သွေးလှူဒါန်းခြင်း )
အရှင်ဘုရား၊ တပည့်တော်သည် ဆင်းရဲချို့တဲ့သဖြင့် အလှူဒါန ကြီးကြီးကျယ်ကျယ် မပြုနိုင်ပါ။ သို့သော် သွေးလှူဒါန်းမှုကိုမူ မကြာမကြာ ပြုပါသည်။ သွေးလှူဒါန်းခြင်းသည် မည်ကဲ့သို့ ကုသိုလ်ရကြောင်း၊ ဒါနအများတွင် မည်သည့်ဒါနမျိုးဖြစ်ကြောင်း သိလိုပါသဖြင့် ဖြေကြားပေးတော်မူပါဘုရား။
( မသီတာ-ဘုရင့်နောင်စျေး၊ ရန်ကုန် )

( ဖြေ )
နိဗ္ဗာန် မဂ်ဖိုလ်ကို ဆုတောင်း၍ အပဗဟိဒ္ဓဖြစ်သော ပစ္စည်းဝတ္ထု (တိုင်းပြည်နှင့် သားမယားအထိ) လှူဒါန်းသော ဒါနမှာ ဒါနပါရမီဖြစ်၍
အင်္ဂါ, ခြေ, လက်, မျက်စိ, နား, နှာ စသည် လှူဒါန်းသောဒါနမှာ ရိုးရိုးဒါနပါရမီထက် မွန်မြတ်သော ဒါနဥပပါရမီ ဖြစ်ပါသည်။
သူတပါးအတွက် မိမိအသက်ကို စွန့်လှူသော ပါရမီမှာ အမြတ်ဆုံး ပရမတ္ထပါရမီ ဖြစ်ပါသည်။

သွေးလှူခြင်းမှာ ဗဟိဒ္ဓပစ္စည်းဝတ္ထုထက် အရင်းကျသော အဇ္ဈတ္တဝတ္ထုသွေးဖြင့် ကယ်ဆယ်သောသဘော ဖြစ်သဖြင့် ဒါနဥပပါရမီ၌ သွင်း၍ရပါသည်။ ထူးမြတ်သော အသက်ကယ်ဒါန (ဇီဝိတဒါန) ဖြစ်သဖြင့် သွေးလှူခြင်းမှာ အလွန်မွန်မြတ်လှပါသဖြင့် ကြိုးစား၍ လှူဒါန်းစေလိုပါသည်။


( မေး ) ( ရဟန်းခံနှင့် သိက္ခာချ )
အရှင်ဘုရား၊ ရဟန်းခံရာတွင် ကာရကသံဃာထဲ၌ ပါရာဇိက ရဟန်းတပါး ပါပါက ပဥ္စင်းလောင်း ရဟန်း ဖြစ်-မဖြစ် နှင့် သိက္ခာချလိုသော ရဟန်းသည် ဘုရားရုပ်ပွားတော်ရှေ့တွင် မိမိကိုယ်ကို သိက္ခာချ၍ ရနိုင်-မရနိုင် ဖြေကြားပေးတော်မူပါဘုရား။
( အဂ္ဂဉာဏ-က-တ၊ တောင်ငူ )

( ဖြေ )
ရဟန်းခံရာ၌ ပါရာဇိက ရဟန်းအပြင် ငါးပါးရှိက ပဥ္စင်းလောင်း ရဟန်းဖြစ်ပါသည်။
(ယခင်က ကျမ်းညွှန်းပါဠိနှင့်တကွ ဖြေဆိုခဲ့ပြီး ဖြစ်သည်)။

သိက္ခာချရာ၌ စိတ်၊ ခေတ်၊ ကာလ၊ ပယောဂ၊ ပုဂ္ဂလ၊ ၀ိဇာနန-အင်္ဂါ ၆-ပါးရှိရာ နားထောင်နေသော ပကတိ စိတ်မှန်ပုဂ္ဂိုလ်နှင့် သိက္ခာချသံကိုကြား၍ သိခြင်းအင်္ဂါနှင့်ပြည့်စုံရန် လိုအပ်လှသဖြင့် ဘုရားရှေ့၌ မိမိကိုယ်ကို သိက္ခာချ၍ မရပါ။
နားထောင်နေသော ပုဂ္ဂိုလ်တဦးဦး (သို့မဟုတ်) အများရှိရန် လိုအပ်လှပါသည်။

အထူးမှတ်သားရန်မှာ
ရှင်သာမဏေပြုရာ၌ ဆရာရော သာမဏေလောင်းပါ သရဏဂုံပီသခြင်း (ဥဘတောဝိသုဒ္ဓိ) အရေးကြီးသဖြင့် ရှင်ဖြစ်ရန်ခက်သော်လည်း လူထွက်ရာ၌ လူဝတ်လဲလှယ်ရုံမျှဖြင့် ပြီးသောကြောင့် အပြုခက်၍ အထွက်လွယ်ပါ
သည်။ ရဟန်းခံရာ၌ ရဟန်းလောင်း အင်္ဂါညီသူအဖို့ ကမ္မဝါဆရာများက ကမ္မဝါစာပီသစွာ ဖတ်ရွတ်နိုင်လျှင် ရဟန်းဖြစ်သည်။ လူထွက်ရာ၌မူ သိက္ခာချအင်္ဂါနှင့် ညီညွတ်ရန် ခက်လှသဖြင့် အဖြစ်လွယ်ကာ အထွက်ခက်လှသည်။ ထို့ကြောင့် လွယ်လွယ်သိက္ခာချရန် မသင့်ကြောင်း သတိပြုသင့်ပါသည်။