ဘုရားလက်ထက်တော်ကာလက ဝိသာခါဆိုတဲ့ ဒါယိကာမဟာ သာဝတ္ထိမြို့၏ အရှေ့တောင်ဘက်အရပ်၌ ပုဗ္ဗာရုံဆိုတဲ့ ကျောင်းတော်ကို ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အား လှူဒါန်းပါတယ်။
ပြာသာဒ်ကျောင်းမကြီးက အောက်ထပ်အခန်း တစ်ရာ၊ အထက်ထပ်အခန်း တစ်ရာ ရှိတယ်။

အခြံအရံ ပြာသာဒ်တွေကလဲ တစ်ထောင် ရှိတယ်။

အဲဒါဟာ ကိုးကုဋေအကုန်အကျ ခံပြီး ဆောက်လုပ်တဲ့ ကျောင်းဖြစ်တဲ့အတွက် အလွန်ပင် အချိုးကျ လှပတင့်တယ်ပြီး ကောင်းမွန်တယ်လို့ ဆိုရပါတယ်။

ဟုတ်မှာပါ။ ကိုးကုဋေတန်တယ်ဆိုတော့ သိန်းပေါင်းကိုးရာတန်ပဲ။ ယခုနေအခါမှာ ဒါလောက် အဖိုးတန်တဲ့ကျောင်း ရှိပုံမရပါဘူး။

အဲဒီကျောင်းတော်ကြီးကို ဆောက်လုပ် လှူဒါန်းတဲ့အခါမှာ ဝိသာခါက သူ့မိတ်ဆွေငါးရာကို ခေါ်သွားပြီး အဲဒီကျောင်းမှာ ကြည်ညိုဖွယ်တွေကို လျှောက်ပြတယ်။

အဲဒီအခါမှာ သူ့မိတ်ဆွေ အမျိုးသမီးတွေက သိပ်သဘောကျပြီး ချီးမွမ်းကြတယ်။

အဲဒီတော့ ဝိသာခါက အဲဒီကျောင်း အလှူဒါနကုသိုလ်ကို သူ့မိတ်ဆွေများအား အမျှပေးဝေတယ်။

အားလုံးပဲ ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုအနုမောဒနာ ခေါ်ကြပါတယ်။

အဲဒီ သူ့မိတ်ဆွေတွေထဲမှာ ဒကာမတစ်ယောက်ကတော့ အထူးသဖြင့် ဝမ်းမြောက်ဝမ်းသာစွာနဲ့ သာဓုအနုမောဒနာပြုပါသတဲ့။

အဲဒီလို သာဓုခေါ်ပြီး အနုမောဒနာပြုတဲ့ ကုသိုလ်ကြောင့် သေသည်၏ အခြားမဲ့မှာ အဲဒီအမျိုးသမီးဟာ တာဝတိံသာနတ်ပြည်၌ အလျားအနံ ၁၆-ယူဇနာစီ ရှိတဲ့ နိတ်ဗိမာန်ကြီးမှာ နတ်သမီး ဖြစ်ရတယ်။ တစ်ယူဇနာ ၈-မိုင်ကျ ထားပြီး တွက်ရင် အဲဒီနတ်ဗိမာန်ကြီးဟာ အလျားအနံ ၁၂၈-မိုင်စီ ရှိတယ်လို့ ဆိုရမှာပဲ။

အဲဒီနတ်ဗိမာန်ကြီး၏ ပတ်ဝန်းကျင်မှာ ပြာသာဒ်အခြံအရံတွေရော၊ တံတိုင်းဥယျာဉ်တွေရော၊ ရေကန်စသည်တွေရော ပြည့်စုံလျက် ရှိနေပါသတဲ့။

အခြွေအရံ နတ်သမီးတွေကလဲ တစ်ထောင်ရှိပါသတဲ့။

အဲဒါဟာ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ သာဓုခေါ်ရုံမျှနဲ့ ရသွားတဲ့ နတ်စည်းစိမ်တွေပဲ။

အားရစရာ မကောင်းဘူးလား။

(ကောင်းပါတယ် ဘုရား)

အဲဒါဟာ နိဗ္ဗာန်ကို ရည်သန်ပြီး လှူတာကို အကြောင်းပြုပြီး သာဓုခေါ်တာ မဟုတ်ပါဘူး။ ခမ်းခမ်းနားနား ကျောင်းအလှူကို အာရုံပြုပြီး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓုခေါ်တာပဲ။ အဲဒီ သာဓုခေါ်တဲ့ ကောင်းမှုကြောင့် နတ်ပြည်ရောက်ပြီး ခမ်းခမ်းနားနား အဆောက်အအုံ အခြွေအရံ စသည်နှင့် ပြည့်စုံသွားရတာပါပဲ။ အဲဒါကို မြတ်စွာဘုရားနှင့်တကွ အရှင်အနုရုဒ္ဓါ စသော ရဟန္တာ အရှင်မြတ်တွေကလဲ ချီးကျူးပြီး ဟောကြား ဖော်ပြထားပါတယ်။

ဒါပေမယ့် တချို့ကတော့ နိဗ္ဗာန်ရည်သန်ပြုတဲ့ ကောင်းမှုကိုမှ သာဓုခေါ်ရမယ်တဲ့။ တခါက အဲဒီလို ဟောတဲ့တရားကို သဘောကျပြီးတော့ အခြားကုသိုလ်တွေ သာဓုတောင် မခေါ်နိုင်ဘူးဆိုတဲ့ လူတစ်ယောက်ကို သူ့မိတ်ဆွေတွေက ဘုန်းကြီးထံ ခေါ်လာပြီးတော့ သာမန်ကုသိုလ်တွေကို သာဓုခေါ်သင့် မခေါ်သင့် ဖြေရှင်း ဟောကြားပေးဖို့ လျှောက်ကြပါတယ်။

ဘုန်းကြီး ရှင်းပြလိုက်ပုံကတော့ ``မည်သည့် ကုသိုလ်မဆို သာဓုခေါ်သင့်တယ်။ သာဓုခေါ်ရင် ကိလေသာ မကင်းသေးလို့ သံသရာ ဘဝထဲ ဖြစ်ရပေမယ့် ချမ်းသာတဲ့ ဘဝကောင်း ဘဝမြတ်မှာ ဖြစ်ရတယ်။ သာဓုခေါ်တဲ့ ကုသိုလ်တောင် မရှိရင်တော့ ကိလေသာမကင်းသေးတဲ့သူမှာ ယုတ်ညံ့တဲ့ ဘဝတွေချည်း ဖြစ်သွားမှာပဲ။ သာမန် ကုသိုလ်တွေကို သာဓုမခေါ်ဘဲ နေရုံမျှနဲ့ အရိယမဂ်ဖိုလ်လဲ မရောက်နိုင်ဘူး။ ကိလေသာလဲ မကင်းနိုင်ဘူး။ မကင်းရင် ဘဝအသစ်ကတော့ ဖြစ်ရမှာပဲ။ အဲဒီလို ဘဝအသစ် ဖြစ်တဲ့အခါ ကိုယ်တိုင်ပြုထားတဲ့ ကုသိုလ်ကလဲ ခိုင်ခိုင်မာမာ မရှိ၊ သာဓုခေါ်တဲ့ ကုသိုလ်ကလဲ မရှိရင် ယုတ်ညံ့တဲ့ ဘဝတွေမှာချည်း ဖြစ်ပြီး ဆင်းရဲသွားဖို့သာ ရှိတာပဲ။ ဒါကြောင့် သာဓုမခေါ်ရုံနဲ့ ဆင်းရဲငြိမ်းလိမ့်မယ်လို့ မထင်မှတ်ပါနဲ့´´ လို့ ရှင်းပြလိုက်ရပါတယ်။

ဒီနေရာမှာ ``သူတပါးက ပြုထားတဲ့ ကုသိုလ်ကို အမျှပေးဝေရင် သာဓုခေါ်ပြီး အနုမောဒနာကုသိုလ်ကို ဖြစ်ပွားစေရမယ်။ အဲဒီလို ဖြစ်ပွားစေရင် အဲဒီကောင်းမှုကြောင့်လဲ မြင့်မြတ်တဲ့ ဘဝကို ရောက်နိုင်တယ်´´ဆိုတဲ့ ဘုရား ရဟန္တာတို့၏ ဟောပြောချက်နဲ့ ``နိဗ္ဗာန်ကို မရည်သန်တဲ့ကုသိုလ် သာဓုမခေါ်ရဘူး´´ဆိုတဲ့ ဝါဒဟာ ကွဲပြား မနေဘူးလား။

(ကွဲပြားနေပါတယ် ဘုရား)

အဲဒီလို ကွဲပြားနေတဲ့ အခြားဝါဒဘက်ကို လိုက်သင့်ပါ့မလား။

(မလိုက်သင့်ပါ ဘုရား)

ဘုရားဘက်ကသာ နေသင့်တယ် မဟုတ်ပါလား။

(ဟုတ်ပါတယ် ဘုရား)

အဲဒီလို အများက ဘုရားဘက်ကချည်း နေကြမယ်ဆိုရင် ဘုရားသာသနာတော်ဟာ မဆုတ်ယုတ်ဘဲ တည်တံ့နေမယ် မဟုတ်ပါလား။

(မှန်ပါ ဘုရား)

အဲဒီလို သာသနာတော် တည်တံ့အောင်လို့ ဒီကာကွယ်ရေးတရားကို ဟောရတာပဲ။ မကောင်းဘူးလား။

(ကောင်းပါတယ် ဘုရား)

+++++

(ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော `ဗုဒ္ဓသာသနာ့အန္တရာယ် ကာကွယ်ရေး တရားတော်´ မှ