လူငယ်များနှင့် ဘဝရှေ့ရေး "

. .လူတစ်ယောက်ဟာ စွယ်စုံပါရဂူဆိုတာ မဖြစ်နိုင်ပါဘူး ၊ လောကကြီးမှာ လူဆိုတာ ဟိုစပ်စပ် သည်စပ်စပ်နဲ့ ရပ်တည်လို့လဲမရဘူး ။
တစ်ခုခုမှာပါရဂူမြောက်မှ လူရာဝင်မယ် ၊ တန်ဖိုးထားခံရမယ် ၊ အောင်မြင်မယ် ။ ဒါပေမယ့် တစ်ခုခုမှာ ပါရဂူမြောက်နေတယ် ၊ ကျန်တာတွေ
ဘာမှမသိဘူးဆိုရင်လဲ ခပ်ကြောင်ကြောင်လူတစ်ယောက် ဖြစ်လာနိုင်တယ် ။ ဒါကြောင့် အကောင်းဆုံးက " လူဟာ အခြေခံအားဖြင့်တော့
ဘာသာရပ်တော်တော်များများ ကိစ္စတော်တော်များများကို အစဦးမှာ နည်းနည်းစီ သိထား နားလည်ထားသင့်တယ် ။ ဒီအခြေခံပေါ်မှာထပ်ဆင့်ပြီး
ဘယ်ကိစ္စ ဘယ်ဘာသာရပ်မှာတော့ တကယ်ကျွမ်းကျင်သူ ပါရဂူဖြစ်တယ်ဆိုတဲ့ အဆင့်ထိ ရောက်အောင် ကြိုးစားသင့်တယ်လို့ မှန်ကန်စွာ
ဆုံးဖြတ်ပြီး ကြိုးစားအားထုတ်ခဲ့လျှင် အောင်မြင်သူတစ်ယောက် ဖြစ်လာပါလိမ့်မယ် "

ဒါလဲစာများများဖတ်နိုင်တဲ့ အရည်အချင်းလိုပါတယ် ၊ ဒါမှလည်း မိမိဝါသနာနဲ့ စိတ်ပါဝင်စားတဲ့ ဘာသာရပ်ကို နားလည်သဘောပေါက်လာမှာပါ ။
မိမိဘဝမှာ ဘယ်နယ်ပယ် ဘယ်ကိစ္စမှာထူးထူးချွန်ချွန်ဖြစ်ရမယ်လို့ ရည်မှန်းထားသလဲဆိုတာ တိတိကျကျ သေသေချာချာသိပြီး မှန်းချက်အတိုင်း
ဖြစ်အောင် ၊ တစ်ဖက်ကမ်းခတ်အောင် ကြိုးစားအားထုတ်ရမှာဖြစ်တယ် ။

ဒါပေမယ့် ဒါနဲ့ပြီးသလားဆိုတော့ မပြီးသေးဘူး ၊ တံတားဆောက်မယ့် အင်ဂျင်နီယာဟာ သံအကြောင်း ၊ သစ်အကြောင်း ၊ တံတားနည်းပညာအကြောင်း
သိနေရုံနဲ့ မပြီးသေးဘူး ၊ အလုပ်သမားအကြောင်းသိရဦးမယ် ၊ စီမံအုပ်ချုပ်တတ်ရဦးမယ် ၊ အလုပ်သမားတွေရဲ့ စိတ်ဓာတ်ကိုသိပြီး သူတို့အသီးသီးရဲ့
ရင်ထဲမှာ ဒီတံတားကြီးကို အကောင်းဆုံးဖြစ်အောင် တည်ဆောက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ကိန်းအောင်းလာအောင် အားပေးတာ ၊ စည်းရုံးတာ ၊
လှုံ့ဆော်တာ ၊ သူတို့အခက်အခဲ သူတို့ပြဿနာကိုတွေလဲ နားလည်သိတတ်စွာနဲ့ ဖြေရှင်းပေးတာ ၊ ဒီလိုအရည်အချင်းမျိုးတွေပါ ရှိမှ ခက်ခဲတဲ့ လုပ်ငန်းကြီး
တစ်ရပ် ပြီးမြောက်အောင် ဦးစီးဆောင်ရွက်နိုင်တဲ့ ထူးချွန်အောင်မြင်သော အင်ဂျင်နီယာ ဖြစ်လာမှာပါ ။ ဆရာဝန်အလုပ် ၊ ရှေ့နေအလုပ်လဲ ဒီအတိုင်းပဲ ၊
လူ့အသိုင်းအဝိုင်း တစ်ခုလုံးနဲ့ စပ်လျဉ်းတဲ့ ဥာဏ်အမြော်အမြင် (Wisdom) ရှိရမယ် ၊ သက်ဆိုင်ရာဘာသာရပ်မှာ ကျွမ်းကျင်မှု (Expert) ဖြစ်ရမယ် ။
ဒါဆိုရင် အောင်မြင်တဲ့လူတစ်ယောက်ဖြစ်မယ် ၊ အောင်မြင်တဲ့ ဘဝတစ်ခု တည်ဆောက်နိုင်မယ် ။

အဲဒီအတွက် အခြေခံအလုပ်ကတော့ " စာများများ ဖတ်ခြင်း " ပါပဲ ။ စာဖတ်တဲ့နေရာမှာ ကိုယ့်ဘဝလမ်းကြောင်းနဲ့ ဆက်စပ်ပြီးဖတ် ၊ အဓိကအားဖြင့်တော့
ကျယ်ပြန့်တဲ့ ဗဟုသုတ ဥာဏ်အမြော်အမြင်ရှိအောင် ဖြည့်ဆည်း ၊ ပြီးရင်တော့ ကိုယ့်ဘဝနဲ့ သက်ဆိုင်တဲ့အပိုင်းမှာ တကယ်ကျွမ်းကျင်တတ်သိအောင်ဖတ် ၊
တစိုက်မတ်မတ် ဇောက်ချပြီးဖတ် ၊ ဆန္ဒပြင်းပြစွာ ရယူလိုစိတ်နဲ့ ကြိုးစားပြီးလေ့လာသင်ယူ ဖတ်မှတ်ရပါမယ် ။

အဲဒီလို စာဖတ်သည့်အလုပ်ကို ထက်သန်တက်ကြွစွာ ကြိုးစားဆောင်ရွက်နေသော လူငယ်တစ်ယောက်မှာ အကန့်အသတ်မရှိသော အနာဂတ် အလားအလာတွေ
ပြည့်ဝစုံလင်နေပါတော့တယ် ။ သူသည် လိမ္မာယဉ်ကျေးသူ ၊ စိတ်ကောင်းနှလုံးကောင်းရှိသူ တစ်ဦး ဖြစ်လာနိုင်သကဲ့သို့ ပညာဥာဏ် ပြည့်ဝကာ ထူးချွန်ထက်မြက်သူ
တစ်ဦး လည်း ဖြစ်လာနိုင်ပါသည် ။ ပညာဥာဏ် အမြော်အမြင်ဟူသည် လူတစ်ယောက်ဧ။် ဘဝ၌ အဖိုးအတန်ဆုံး အရင်းအနှီးဖြစ်သကဲ့သို့ တိုင်းပြည်တစ်ပြည်ဧ။်
ဂုဏ်သရေနှင့် ဖွံ့ဖြိုးစည်ပင်မှုကို ဖြစ်ပေါ်နိုင်သည့် တန်ဖိုးအရှိဆုံး အရင်းအနှီးများပင် ဖြစ်သည် ။

ပညာဥာဏ် ကြီးမားသော ပုဂ္ဂိုလ်တွေ များလေ တိုင်းပြည်တစ်ပြည် ထွန်းကားစည်ပင်လေပင် ဖြစ်သည် ။

မိမိရဲ့ ရင်ထဲမှာ စာအုပ်စင်နှင့် လူငယ်လေးတွေ နိုင်ငံတလွှားမှာ ပေါ်ပေါက်လာကြပါစေ ၊ သူတို့တစ်တွေ လွတ်လပ်စွာ ဖွံ့ဖြိုးရှင်သန်ခွင့်ရအောင် အားပေးထောက်ကူမည့်
မိဘ ဆရာသမား ဦးကြီး ဦးလေးများ ၊ တာဝန်ရှိ လူကြီးလူကောင်းများ တိုးပွားလာပါစေ ၊ သူတို့အတွက် စာအုပ်စာတမ်းကောင်း ပေါပေါများများ ပေါ်ထွက်လာပါစေ ၊
စာပေချစ်မြတ်နိုးသူ လူငယ် လူရွယ်များ ပေါများပေါ်ပေါက် လာပါစေ ဟူ၍သာ လှိုက်လှဲစွာ ဆုတောင်းနေမိပါသည် ။ ။

# ဆရာဖေမြင့် ဧ။် ' ဦးနှောက်တွင် ရင်းနှိးမြှပ်နှံပါ ' မှ ထုတ်နှုတ်ဖေါ်ပြအပ်ပါသည် #