ဆွမ်းလှူကျိုး ငါးပါး
သက်ရှည် ၊ ဆင်းလှ ၊ သုခ ၊ ခွန်အား ၊ ပညာများ ၊ ငါးပါးဆွမ်းအကျိုး ။

ရေလှူကျိုး ဆယ်ပါး
လျင်မြန် ၊ သန့်ရှင်း ၊ စင်ကြယ်ခြင်းနှင့်၊ လွတ်ကင်းမွတ်သိပ် ၊ မဆိပ်ခြံရံ ၊
ဒီဃံသက်ရှည် ၊ ရုပ်ရည်ဆင်းလှ ၊ သုခ ၊ ခွန်အား ၊ ပညာများ ၊ ဆယ်ပါးရေအကျိုး ။

ဆရာတော်တစ်ပါးထံ ဆွမ်းလှူတဲ့ ဒကာမကြီး တစ်ယောက်က လျောက်ထားဖူးပါတယ်၊ ဘာကြောင့် ငွေကုန်ခက်ခဲတဲ့ ဆွမ်းက အကျိုးငါးပါးပဲရပြီး၊ ဘာမှမကုန်ဘဲ လွယ်လွယ်ကူကူ လှူနိုင်တဲ့ ရေက အကျိုးဆယ်ပါး ရပါသလဲဘုးရား လို့ လျောက်ဖူးတယ်။ ဆရာတော်က ဒကာမကြီး ဆွမ်းချက်တော့ ရေမသုံးရဘူးလားလို့ မေးတော့ , မှန်ပါ သုံးရပါတယ် ဘုရားလို့ဖြေတယ် ၊ ဒါဆို ဒကာမကြီးက ဆယ့်ငါးပါးတောင် ရပြီပေါ့ လို့
မိန့်လိုက်တော့ ဒကာမကြီးကျေနပ်ပြီး ပြုံးသွားတယ်တဲ့ ။ တကယ်တော့ ရေလှူကျိုးဆယ်ပါးမှာ ဆွမ်းလှူကျိုးငါးပါးက ပါဝင်ပြီးသားပါ။ ရေဟာ အာဟာရအပြင် နေရာတိုင်းမှာ ပိုအသုံးဝင်လို့ အကျိုးပိုရတာဖြစ်ပါတယ်။

ပန်းလှူကျိုး သုံးပါး
ပန်းလိုလှပ၊ ဘဝရုပ်ရည် ၊ ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည် ၊
နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည် ၊ ပန်းလှူကျိုး၊ သုံမျိုးရနိုင်သည်။

မီးလှူကျိုး နှစ်ပါး
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ ၊ ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊ ( * မံသစက္ခု = ပကတိ မျက်လုံး ကြည်လင်အားကောင်းခြင်း ။
စက္ခု မံသ၊ ဥာဏ နှစ်ဆူ၊ ကြည်လင်ဧ။်၊ ဖြစ်ဘိဥာဏ်ကြီးသူ ။ ဥာဏစက္ခု = အသိဥာဏ် မျက်လုံး အား ကောင်းခြင်း ။ )

တံမြက်လှည်း အကျိုးငါးပါး
ကိုယ့်စိတ် သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊ ( မိမိစိတ်ကြည်လင်ခြင်း။ သူတစ်ပါးစိတ်ကြည်လင်ခြင်း။ နတ်တို့လေးစားချစ်ခင်ခြင်း။
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊ နတ်ပြည်ရောက်၊ ထွန်းတောက်ကျိုးငါးအင် ။ ကြည်ညိုဖွယ် ဂုဏ်ကို ဆောင်စေခြင်း။ နတ်ပြည်ရောက်ခြင်း ။)

ယောဆရာတော် အရှင်သိရိန္ဒာ ဘိဝံသ ဆရာတော်မှ မည်သည့်အလှူဖြစ်ဖြစ် လှူတတ်မှ အကျိုးများတယ်လို့ မိန့်ပါတယ်။ ဆရာတော်ကြီးရဲ့ အလှူအကျိုးကြီးရန်တရားတော်ကို ဖေါ်ပြလိုက်ပါတယ် ။

* အ ပေး တတ် မှ အ နှစ် ရ *
# အလှူပေးသူ ၊ သီလယူ ၊ စင်ဖြူ အကျင့် ရှိပါစေ ။
( မလှူမီ အလှူရှင်ဟာ သီလဖြူစင်နေရမယ်။)
# အလှူခံလဲ ၊ သီလမြဲဘိ ၊ အကျင့်ရှိသူ ၊ သဘာဖြူ ၊ အပူကင်းရပေ ။
( အလှူခံ ပုဂ္ဂိုလ်လဲ အကျင့် ဖြူစင်ပြီး အပူကင်းရမယ်။)
# လှူဖွယ်ဝတ္တု ၊ စင်ကြယ်မှု ၊ ရှေးရှု ပြုရချေ ။
( လှူဖွယ်ဝတ္တု စင်ကြယ်ရမယ် ။)
# အလှူပေးစဉ် ၊ စိတ်ကြည်လင် ၊ ပျော်ရွှင်အားတက် ၊ ဝမ်းသာလေ ။
( စွန့်လွှတ်ဆဲ ပေးကမ်းလှူဒါန်းဆဲ အချိန်မှာ ကြည်လင်လန်းရွှင် အားတက်နေရမယ်။)
# စိုက်ပျိုးသမား ၊ ပုံစံထား ၊ စွမ်းအားရလဒ် ၊ မြင်ပါစေ ။
( အတိုးနဲ့ပေါ်လာမယ့် မျိုးစေ့ရဲ့ အကျိုးရလဒ်ကို မြင်တဲ့ စိုက်ပျိုးရေးသမားလို ဒါနမျိုးစေ့ရဲ့ တက်လာမယ့် အကျိုးအမြတ် အတိုးရလဒ်ကို မြင်အောင်ကြည့်ရမယ်။)
# ရှေ့နောက်အတွင်း ၊ အပူကင်း ၊ သန့်ရှင်းစင်ကြယ်စေ ။
( မလှူမီ၊ လှူစဉ်၊ လှူပြီး ရှေ့နောက်အားလုံး ကိလေသာ အပူဓာတ်ငွေ့တွေ ကင်းရှင်းရမယ် ။)
# အပေးတတ်မှ ၊ အနှစ်ရ ၊ မုချသေချာပေ ။
( အဒီလို မူ ' ၆ ' မျိုးနဲ့ အလှူပေးရင် ပစ္စည်းရဲ့ အနှစ်ဒါန ကို ဧကန်အပိုင် ရသွားပါတယ်။)

* အ ပေး တတ် မူ အ နှစ် ဖြူ *
# အသက် ဥစ္စာ ၊ ဤနှစ်ဖြာ ၊ မှန်စွာ မမြဲရှု ။
# ပစ္စည်း ဥစ္စာ ၊ ဘုံဆိုင်သာ ၊ စိတ်မှာ နှလုံးပြု ။
# ဤသို့လှူမှ ၊ ကျိုးကြီးလှ ၊ မုချမြတ်သာဓု ။
( ပစ္စည်းရဲ့ အနှစ်ကို ထုတ်ယူတဲ့အနေနဲ့ ဒါနလုပ်တဲ့အခါ ပိုပြီး အနှစ်ဖြူစင် မြင့်မြတ်အောင် လမ်းညွှန်ချက် လေးမျိုး ပေးထားပါတယ်။ )

၁ ။ မိမိရဲ့ အသက် မမြဲပုံကို သတိပါသောဥာဏ် ( ဝိပဿနာဥာဏ် ) နဲ့ မြင်အောင် ကြည့်ရမယ် ။
၂ ။ ပစ္စည်းဥစ္စာတို့ရဲ့ မခိုင်မြဲပုံကိုလဲ ဥာဏ်သတိနဲ့ ကပ်ကြည့်ရမယ် ။
၃ ။ ပစ္စည်းဥစ္စာများဟာ မိမိမပိုင် အများနဲ့ဆက်ဆံတဲ့ ဘုံဆိုင်သဘောကိုလဲ နှလုံးသွင်းဆင်ခြင်ရမယ်။ ဒါမှ မိမိတကယ်ပိုင်အဖြစ်နဲ့ ထုတ်ယူနိုင်မှာဖြစ်တယ် ။
၎ ။ ဒုက္ခိတ သတ္တဝါများကို ပေးတဲ့အခါ ဆင်းရဲလွတ်စေချင်တဲ့ သနားတတ်သောကရုဏာရှေ့ထားပြီး ပေးရမယ် ။
သုခိတပုဂ္ဂိုလ် များနှင့် အကျင့်မြင့်မြတ်တဲ့ အလှူခံများအတွက် ပေးတဲ့အခါ ချမ်းသာကြီးပွားစေချင်တဲ့ ချစ်ခင်မြတ်နိုးတတ်သော မေတ္တာရှေ့ထားပြီး ပေးရမယ် ။
ဒီလိုဆိုရင် အဲဒီဒါနမျိုးဟာ သီလသာမက သမထ ဝိပဿနာ သုံးဖြာသောအကျိုးတွေ တွဲပါလာတာ ဖြစ်လို့ အလွန်ဖြူစင်သွားပါတယ်။
ဆန့်ကျင်ဘက်စိတ်ရဲ့ အပူအခိုးအငွေ့တွေ ကင်းစင်သွားသလောက် အနှစ်တွေ ထွန်းတောက်လာရစမြဲပါ။
ဗုဒ္ဓဘာသာဝင် သူတော်စင် သူတော်ကောင်း အပေါင်း အကျိုးကြီးသော အလှူများကို လှူတတ်သဖြင့် အကျိုးထူးများ ရကြပါစေသော် ။ ။