••••••••••••••••••••••••••••••••••••••••••••
မေး။ ။ ကုသိုလ်ကောင်းမှုပြုပြီးလျှင်
လောကီ၊လောကုတ္တရာ ချမ်းသာများ ရရှိရန်
ဆုတောင်းဖို့ လိုအပ်ပါသလားဘုရား။
ဆုမတောင်းဘဲနှင့်လည်း ရနိုင်ပါသလားဘုရား။
ဖြေကြားပေးတော်မူပါဘုရား။
-【မိမိနွယ်-မြို့သစ်၊အင်းစိန်】

ဖြေ။ ။ ဗုဒ္ဓဘာသာတို့ ဆုတောင်း ဆုယူကိစ္စနှင့် ပတ်သက်၍
အောက်ပါ ဆောင်ပုဒ်ကလေးကို ကျက်မှတ်ထားသင့်သည်။
●(၁)။ ကျွတ်ဆုမတောင်း၊ ကောင်းစွာမကျင့်၊
ကျွတ်ခွင့်မရ၊ “ခါဏုက”။
●(၂)။ ကျွတ်ဆုမတောင်း၊ ကောင်းစွာကားကျင့်၊
ကျွတ်ခွင့်မရ၊ “ဘိရတ”။
●(၃)။ ကျွတ်ဆုသာတောင်း၊ ကောင်းစွာမကျင့်၊
ကျွတ်ခွင့်မရ၊ “ဝဋနိဿိတ”။
●(၄)။ ကျွတ်ဆုလည်းတောင်း၊ ကောင်းစွာလည်းကျင့်၊
ကျွတ်ခွင့်ကိုရ၊ “၀ိဝဋ္ဋနိဿိတ”။

❦အဓိပ္ပါယ်မှာ ဆုလည်းမတောင်း၊လှူလည်းမလှူ၊
ကောင်းမှုလည်းမပြုသူမှာ “ဝဋခါဏုက”ပုဂ္ဂိုလ်မည်၏။
ဝဋ်အတွင်းမှာသာ သစ်ငုတ်တိုသဖွယ် မကျွတ်မလွတ်နိုင်ဘဲ၊
အမြဲလည်ပတ်နေရသူ ဖြစ်သည်။
“ငရဲသစ်ငုတ်” ဟု ဝေါဟာရပြုကြရ၏။
အပါယ်လေးဘုံ၌သာ အရောက်များနေရမည်ဖြစ်၏။

❦လှူကားလှူ၏၊ကုသိုလ်ကောင်းမှုပြု၏။
နိဗ္ဗာန်ကို ဆုမတောင်းလျှင်ကား ဝဋ်အတွင်းမှာသာ
ပျော်မွေ့သူ “ဝဋာဘိရတ”ပုဂ္ဂိုလ်မည်၏။
လူ့ပြည်နတ်ပြည်၌ကား ဖြစ်နိုင်ပါ၏။
အပါယ်လေးဘုံ နှင့် ဆွေမျိုးမကင်း၍ အများအားဖြင့်
အပါယ်တွင် နစ်နေတတ်၏။

❦ဆုကားတောင်းပါ၏။ ကုသိုလ်ကောင်းမှုမပြု။
ကောင်းစွာ ကျင့်ကြံအားထုတ်ခြင်း မရှိ။
ထိုသူသည်လည်း “ဝဋနိဿိတ”ပုဂ္ဂိုလ်ဖြစ်၍၊
ဝဋ်အတွင်း၌သာ မှီ၍ တလည်လည်ဖြစ်ကာ
ပါယ်လေးရွာ၌ လှည့်လည်ရတတ်လေ၏။

❦အလှူအတန်းလည်း ပြု၊
ကုသိုလ်ကောင်းမှု ပြုလုပ်လျှင်လည်း
“ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု”ဟု
“မိမိပြုသော ကုသိုလ်ကောင်းမှုသည် နိဗ္ဗာန်မဂ်ဖိုလ်၏
အကြောင်းတရား ဖြစ်ပါစေ” ဟု ဆုတောင်းသူသည်သာ
“ဝိဝဋနိဿိတ” ပုဂ္ဂိုလ်ဖြစ်သည်။
မိမိဆုတောင်းတိုင်း အိုခြင်းကင်းရာ၊နာခြင်းကင်းရာ၊
သေခြင်းကင်းရာ၊နိဗ္ဗာန်ချမ်းသာရရေးဖြစ်သဖြင့်
ကုသိုလ်ကောင်းမှု ပြုတိုင်း နိဗ္ဗာန်ဆုကို
တောင်းရမည်သာ ဖြစ်၏။

အမှန်မှာ နိဗ္ဗာန် ဆုတောင်း၍ ပြုလုပ်သော
ဒါန၊ သီလ စသည်သာ ပါရမီသီလ၊ပါရမီဒါန
ဖြစ်၍ မဂ်ဖိုလ်နိဗ္ဗာန်သို့ ပို့ဆောင်မည် ဖြစ်သည်။
ကုသိုလ်ပြုတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ဆု၊
မိမိလိုအပ်သော ဗောဓိဆုတို့ကို တောင်းကြရပါမည်။

ထို့ကြောင့်ပင် ရှေးဆရာတို့သည် ဩကာသ
ကန်တော့ခန်းမှစ၍ ဆုတောင်းကို ထည့်ပေးထားပေသည်။
အလွန်ကောင်းသော အစဉ်အလာဖြစ်ပါ၏။
အချို့က ဆုပေးမည့် ပုဂ္ဂိုလ်ရှိလျှင် ဆုတောင်းကို
ထည့်၍ ဆိုရန်မလို ဟုဆိုကြ၏။
ဆုပေးမည့် ပုဂ္ဂိုလ်က တောင်းသည့်အတိုင်း ဖြစ်စေရန်
ပံ့ပိုးပေးရုံသာဖြစ်၍၊မိမိကိုယ်တိုင် နှုတ်မြွက်ဆုတောင်းမိရန်
အရေးကြီးလှပါသည်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း)
ဆရာတော်ဖြေကြားသည်။】