ကိုယ်က စေတနာနဲ့ ကူညီပြုလုပ်၊ ပြောဆို၊
အကြံပေးတာကို လက်မခံဘဲ ကိုယ့်စေတနာကို
စော်ကားခံရတဲ့ အခါမျိုးမှာ
“စေတနာဟာ လူတိုင်းနဲ့မတန်ဘူး” လို့
စိတ်မကောင်းစွာနဲ့ ပြောဆိုတတ် ကြပါတယ်။
ဒါဟာ ကိုယ့်ရဲ့ ဖြူစင်နေတဲ့စေတနာကို အရောင်ဆိုး
လိုက်တာနဲ့ အတူတူပါပဲ။ အမှန်တော့ စေတနာဟာ
ထားတဲ့သူတိုင်းအတွက် တန်တယ်လို့ ပြောရမယ်။

ဘာကြောင့်လဲဆိုရင် စေတနာက ဘဝအဆင့်အတန်း၊
အနိမ့်အမြင့်ကို ဖန်တီးပေးနိုင်လို့ပါပဲ။
ဒါကြောင့် အခြားသူ ဘာဖြစ်နေနေ ကိုယ်က
စေတနာ မပျက်မိဖို့ အရေးကြီးပါတယ်။

လောကမှာ အချို့သူများဟာ ကောင်းမှုပြုတဲ့
နေရာမှာ စေတနာကို အရောင်တွေဆိုးတတ်ကြတယ်။
နားလည်အောင်ပြောရရင် ကောင်းမှုပြုတဲ့နေရာမှာ-
❦ကိုယ့်အလှူကသူများ ထက်သာအောင်
ဂုဏ်ပြိုင်ချင်တဲ့အတွက် ပြုကြတာရှိသလို၊
❦ရောဂါ ကင်းဖို့အတွက် ပြုကြတယ်။
❦အိမ်ထောင်ရေး အဆင်ပြေဖို့အတွက် ပြုကြတယ်။
❦စီးပွားရေး ကောင်းဖို့အတွက်လည်း ပြုကြတယ်။
❦ပတ်ဝန်းကျင်ရဲ့ အပြစ်တင်မှု လွတ်ကင်းဖို့အတွက်
မတတ်သာလို့ ပြုကြတာလည်း ရှိတယ်။
❦ရာထူး တက်ချင်လို့လည်း ပြုလုပ်ကြတယ်။
❦သားသမီးချင်း ပြိုင်ချင်လို့လည်း ပြုကြတာရှိတတ်ပါတယ်။
ဒီလို ရည်ရွယ်ချက်များနဲ့ ကောင်းမှုပြုတာဟာ
ကိုယ့်ရဲ့ အဖိုးတန်လှတဲ့ စေတနာကို
အရောင်ဆိုးလိုက်တာနဲ့ အတူတူပါပဲ။

ပရဟိတလူမှုရေးလုပ်ငန်းများ ဖြစ်တဲ့ ကျန်းမာရေး၊
ပညာရေး လုပ်ငန်းများပြုလုပ်တဲ့အခါမှာလည်း အဲဒီလိုပါပဲ။
ပတ်ဝန်းကျင်က လူတွေရဲ့အခြေအနေ ဘယ်လိုပဲ
ဖြစ်နေပါစေ။လိုချင်မှုဆိုတဲ့ လောဘ၊ သည်းမခံနိုင်မှု
ဆိုတဲ့ ဒေါသအရောင်တွေ မဆိုးမိစေဖို့ပါပဲ။
တကယ်လို့များ အရောင်ဆိုးမိသွားမယ်ဆိုရင်
ကိုယ့် စေတနာ တန်ဖိုးမရှိ ဖြစ်သွားမှာပါ။
ဒါကြောင့် ဘာပဲလုပ်လုပ် လုပ်တဲ့အခါ
ဖြူစင်သန့်ရှင်းတဲ့စိတ်ထားနဲ့ လုပ်နိုင်ဖို့
အထူးသတိထားရပါမယ်။

လောကမှာ တန်ဖိုး မဖြတ်နိုင်တဲ့ အရာဟာ
ထက်သန်လှတဲ့ အဖြူ ရောင်စေတနာပါပဲလို့
ပြောလို့ရပါတယ်။ ဘာကြောင့်ဆိုရင် အဲဒီ စေတနာက
ကိုယ့်ရဲ့ ဘဝ အဆင့်အတန်း၊အနိမ့်အမြင့်ကို
ခွဲခြားပေးနိုင်လို့ပါပဲ။

●ဒါနဲ့ စပ်လို့ ....
တစ်ချိန်က သီဟိုဠ်နိုင်ငံ(သီရိ လင်္ကာ)အနုရာဓမြို့မှာ
ထူပါရုံစေတီ ဆိုတာရှိပါ တယ်။ထူပါရုံစေတီတော်နေရာမှာ
ယခင်က ရှေးဘုရားရှင် သုံးဆူတို့ရဲ့ဓမ္မကရိုဏ်၊ခါးပန်းကြိုး၊
ရေသနုပ်တော်တို့ကို ဋ္ဌာပနာပြီး တည်ထားခဲ့ပါတယ်။
ခေတ်ကာလ ကြာညောင်းတဲ့အခါ စေတီတော်ကြီး
ပျက်စီးခဲ့တဲ့နေရာကို ဘယ်သူမှ မဝင်ရောက်နိုင်အောင်
နတ်များက ကာကွယ်စောင့်ရှောက်ထားပါတယ်။
အဲဒီ နေရာမှာ ဒေဝါနံပိယတိဿ မင်းကြီးက
စေတီ တည်ခဲ့ပါတယ်။ စေတီတော်ရဲ့ ဘွဲ့တော်ကို
“ထူပါရုံစေတီ” လို့ ဘွဲ့တော်ပေးပါတယ်။

●သုမနသာမဏေရဲ့ ကြိုးပမ်းချက်အရ
သိကြားမင်းထံမှ လက်ယာ ညှပ်ရိုးတော်ကို
ပင့်ဆောင်ကာ ထူပါရုံစေတီမှာ ဋ္ဌာပနာခဲ့ပါတယ်။
ရှေး “ဘုရားရှင်သုံးဆူ” ရဲ့ အသုံးအဆောင်ဖြစ်တဲ့
“ဓမ္မကရိုဏ်၊ခါးပန်းကြိုး၊ရေသနုပ်တော်” နှင့်
ဂေါတမဘုရား ရှင်ရဲ့ လက်ယာညှပ်ရိုးတော်တို့ကို
ဋ္ဌာပနာထားတဲ့အတွက်ကြောင့် ထိုစေတီကို
ဖူးမြော်လိုက်တာနဲ့ဘုရား လေးဆူကို တစ်ပြိုင်နက်တည်း
ဖူးမြော်လိုက်ရသလို ကြည်နူးစရာ အလွန်ကောင်းလှပါတယ်။

ဘုရား လေးဆူတို့ရဲ့ဓာတ်တော်မွေတော်တို့
ဋ္ဌာပနာထားတဲ့ ရွှေတိဂုံဘုရားကို
“လေးဆူဓာတ်ပုံ ရွှေတိဂုံ”လို့ ခေါ်ဆိုကြသလို
ထူပါရုံစေတီကိုလည်း “လေးဆူဓာတ်ပုံ ထူပါရုံ” လို့
ပြောရမှာပါ။

ထိုစေတီကြီးရဲ့အနီးမှာ ရဟန်း သံဃာတော်များ
မြောက်မြားစွာ သီတင်းသုံးနေထိုင်တော်မူခဲ့တဲ့
ထူပါရုံကျောင်းတိုက်ကြီးဆိုတာလည်း ရှိပါတယ်။
ထိုကျောင်းတိုက်အတွင်းမှာ ဘုရင့်သံလျက်စွဲတော်
“အမတ်ကြီး အသိဂ္ဂါဟက” ဆောက်လုပ်
လှူဒါန်းထားတဲ့ ကျောင်းတစ်ဆောင် လည်းရှိပါတယ်။
ထိုကျောင်းမှာ စူဠ နာဂမထေရ် သီတင်းသုံးနေတော်မူပါတယ်။
မထေရ်ဟာ အနုရာဓမြို့ အတွင်း လခြမ်းသဖွယ်
ကွေးညွှတ် နေတဲ့ စန္ဒဝင်္ကလမ်းမတော်တစ်လျှောက်
ဆွမ်းခံကြွတော်မူလေ့ ရှိပါတယ်။

ဆွမ်းခံလို့ရလာတဲ့ဆွမ်းကို တစ်နေရာမှာဘုဉ်းပေးပြီး
ကျောင်းကို ပြန်ကြွလာပါတယ်။ ရောက်တဲ့အခါ
သပိတ်ကိုရေဆေးပြီးတော့ နေရောင်ပြကာ
သပိတ်ကိုခြောက်သွေ့အောင် သုတ်သင်နေစဉ်
ကြုံလှီနေတဲ့ ခွေးမကလေးတစ်ကောင်ဟာ အမြီး
တလှုပ်လှုပ်နဲ့ မထေရ်အနီး ရောက်လာပါတယ်။
မထေရ်ဟာ အစာငတ် နေတဲ့အတွက် တုန်တုန်ယင်ယင်
ဖြစ်နေတဲ့ ခွေးမလေးကို ကြည့်ပြီး သနားသွားပါတယ်။
ဆွမ်းကိစ္စက ပြီးသွားပြီဆိုတော့ ကျွေးစရာ ဘာမှ
မကျန်အောင်ဖြစ်ရတယ်။ ဒါနဲ့ မထေရ်လည်း
မကြည့်ရက်တာနဲ့ မိမိရဲ့ပါးစပ်အတွင်းကို လက်ထိုးထည့်ကာ
ဘုဉ်းပေးထားတဲ့ အစာတွေကို အန်ချလိုက်ပါတယ်။

ခွေးကလေးဟာ ထိုအစာများ ကို အငမ်းမရ စားသောက်
နေပါ တော့တယ်။ အစာ ကုန်သွားသော်လည်း
ထပ်ပြီးစားချင်နေတာကို ရိပ်မိတဲ့အတွက် မထေရ်ဟာ
ဒုတိယ အကြိမ် ပါးစပ်အတွင်း လက်ထိုးပြီး
အန်ချပေးပြန်ပါတယ်။ အန်ချထားတဲ့အစာများကို
စားလိုက်တာ တစ်ခဏချင်း ကုန်သွားတယ်။
မထေရ်လည်း အနီးရှိ အိုးခြမ်းပဲ့ ကလေးတစ်ခုထဲ
ရေထည့်ကာ သောက်ရေချပေးပါတယ်။
ခွေးကလေးလည်း စားလို့ အာသာပြေသွားပြီ
ဖြစ်တဲ့အတွက် ဝမ်းလျားမှောက်ကာ အမြီးတနှံ့နှံ့နဲ့
မထေရ်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်နေပါတယ်။

ခွေးမလေးဟာ အနီးမှာရှိတဲ့ သူ့ရဲ့သားလေးတွေကို
အေးဆေးစွာ နို့တိုက်နေပါတော့ တယ်။ အဲဒါကို
မြင်ရတဲ့ မထေရ်ဟာ သူပြုလိုက်တဲ့ ကုသိုလ်အပေါ်
အတိုင်းမသိ အားရ ကျေနပ်မှုတွေဖြစ်ပြီး ကြည်နူးမှု
သောမနဿတွေ တဖွားဖွားဖြစ်ပေါ်လို့နေပါတော့တယ်။
“ငါသည် မိမိကိုယ်ကို မငဲ့ကွက်ဘဲ စွန့်လှူရသော
ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝ လာဘ်ရသူတို့တွင်
အမြတ်ဆုံးဖြစ်ရပါလို၏၊ နိဗ္ဗာန် ချမ်းသာမြတ်ကြီးကိုလည်း
လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”လို့လည်း
ဆုတောင်းလိုက်မိပါတော့တယ်။

စူဠနာဂမထေရ် ပြုလိုက်တဲ့ ကုသိုလ်ကောင်းမှုဟာ
ဖြူစင်ပြီး စေတနာထက်သန်လှတဲ့အတွက်
ဘဝသံသရာမခြားဘဲ လက်ရှိဘဝမှာပဲ
အကျိုးပေးပါတော့တယ်။ အဲဒီ ကံမျိုးကို
“ဒိဋ္ဌဓမ္မဝေဒနိယကံ”လို့ စာပေက ဆိုပါတယ်။
အနုရာဓ နေပြည်တော်မှာ ရှိတဲ့ လူအများဟာ
ထိုနေ့ညနေမှာပဲ ထောပတ်၊တင်လဲ၊ ပျားသကာ စတဲ့
လှူဒါန်းဖွယ် ပစ္စည်းများကို ထူပါရုံ ကျောင်းဝင်းအတွင်း
ယူဆောင်လာ ကြကာ -
“အရှင်စူဠနာဂမထေရ် ဘယ်ကျောင်းမှာ သီတင်း
သုံးတော်မူပါသလဲ” လို့ မေးကာ သူ့ထက်ငါ
လှူဒါန်းကြပါတယ်။ ဒါတင်မက ထူပါရုံစေတီအတွင်း
သီတင်းသုံး နေထိုင်တော်မူကြတဲ့ သံဃာ
သုံးသောင်းခန့်ကိုလည်း လောင်းလှူလိုက်ရပါတယ်။
နံနက်အရုဏ်တက်ချိန်မှာလည်း ယာဂု၊ ဆွမ်း၊
ဟင်း စတာတွေကို စူဠနာဂမထေရ် ကျောင်းကို
သွားလှူကြဖို့ ဒကာ၊ ဒကာမများကို နတ်တွေက
တိုက်တွန်းနှိုးဆော်ကြတဲ့အတွက် ကျောင်းကိုရောက်လာပြီး၊
အရုဏ် ဆွမ်းလှူဒါန်းကြတာဟာ ပွဲတော်တမျှ
စည်ကားလှတယ်လို့ ဆိုပါတယ်။

မထေရ်လည်း ကျောင်းအနီး ဝန်းကျင်ရှိ ကျောင်းများမှ
သံဃာတော်များ လာရောက်အလှူခံဖို့ အတွက်
ကျောက်စည်ကြီးကိုထိုးပြီး ပင့်လိုက်ပါတယ်။
အဲဒီမှာလည်း သုံးသောင်းဝန်းကျင်ရှိတဲ့သံဃာတော်များ
ဆွမ်းများ အလုံအလောက် ရရှိတော်မူကြပါတယ်။
တစ်နေ့ မထေရ်ဟာ နေပြည်တော်အတွင်း
ဆွမ်းခံကြွတဲ့အခါ ထူပါရုံကျောင်း တိုက်ကြီးရဲ့
အပြင်ဘက် ရောက်တာနဲ့ တံခါးမုခ်စောင့်နတ်များက
လှည်းတပ်ကြီးချပြီး ဆွမ်းလှူဖို့ရာ စောင့်ဆိုင်းနေကြတာကို
တွေ့ရပါတယ်။ အဲဒီမှာလည်း မထေရ်နဲ့အတူ
သံဃာသုံးသောင်းခန့် လုံလုံလောက်လောက်
ဆွမ်း အလှူခံ ရရှိတော်မူပါတယ်။

လောင်းလှူတဲ့သူများ အံ့ဩလောက်အောင် ပေါများတဲ့အတွက်
မထေရ်ဆွမ်းခံနေကျ စန္ဒဝင်္ကလမ်းတစ်လျှောက်က
ဒကာ၊ ဒကာမများကလည်း ဆွမ်းလောင်းလှူခွင့်ရဖို့
အတွက် စီစဉ်ကြပါတယ်။ အဲဒီဆွမ်းခံ လမ်းတစ်လျှောက်မှာလည်း
အစကနေ အလှူခံလာလိုက်တာ “(၃၂)နှစ်”ကြာမှ
အစွန်ဆုံးအိမ်ကို ဆွမ်းလှူဖို့အလှည့် ရောက်ပါတော့တယ်။
ဘုရားရှင်လက်ထက်တော်က “ရှင်သီဝလိမထေရ်”လိုပါပဲ။

ထိုစဉ်က သီဟိုဠ်တစ်ကျွန်းလုံးမှာ လာဘ်လာဘအရာ
အလွန် ထင်ရှားတဲ့ မထေရ်တစ်ပါး ဖြစ်ခဲ့ပါတယ်။
ဒီလို လာဘ်လာဘ ပေါပေါ များများ အလှူခံရတာဟာ
အစာငတ်နေတဲ့ ခွေးမကလေးကို အဖြူရောင်
စေတနာထက်သန်စွာနဲ့ အန်ချကျွေးလိုက်ရတဲ့
ကုသိုလ်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ပစ္စုပ္ပန်ဘဝမှာ ချမ်းသာကြီးပွား
ချင်တယ်ဆိုရင် အလှူဒါန ပြုလုပ်တဲ့ အခါ
စိတ်စေတနာ ထက်သန်ဖို့လိုတဲ့အပြင်
အဲဒီ စေတနာကလည်း “လောဘ” စတဲ့ ကိလေသာအရောင်
မပါတဲ့စေတနာ ဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီလိုနဲ့ မထေရ်ဟာ ပေါများလှတဲ့ လာဘ်သပ္ပကာကို
အလှူခံရင်း ဝိပဿနာတရား ကိုလည်း ကြိုးစားရှုမှတ်ခဲ့ပါတယ်။
အစာငတ်နေတဲ့ ခွေးမကလေးကို အန်ချပြီးကျွေးမွေးခဲ့တဲ့
အကြောင်းကို ဆင်ခြင်တိုင်း၊ဆင်ခြင်တိုင်း သူ့ရဲ့
လုပ်ရပ်အပေါ် အားရကျေနပ်တဲ့ ပီတိသောမနဿတွေ
ဖြစ်လာတယ်။ ဒီ ပီတိသောမနဿကို အခြေပြုပြီး
တရား အားထုတ်လိုက်တာ သမာဓိပညာများ
အဆင့်ဆင့်ရင့်ကျက်ပြီး မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာကို
ရရှိခံစားတော်မူခဲ့ ရပါတယ်။

တစ်နေ့ ထူပါရုံကျောင်းတိုက် မှာ သီတင်းသုံးနေတဲ့
ရဟန်းတော်များအနက် ရဟန်းတော်ငါးရာဟာ
မဇ္ဈိမဒေသရှိ ဘုရားရှင် ပွင့်တော်မူရာ မဟာဗောဓိမဏ္ဍိုင်ကို
ဘုရားဖူး ကြွဖို့ တိုင်ပင်ကြပါတယ်။
တစ်ခု ခက်နေတာက ရဟန်းတော် ငါးရာအတွက်
လမ်းခရီးအကြားမှာ ဆွမ်းအတွက်အခက်အခဲကို
ဖြေရှင်းပေး မယ့်သူမရှိဖြစ်နေပါတယ်။
ဒါနဲ့ ထူပါရုံ ကျောင်းဝင်းအတွင်း စူဠနာဂမထေရ်
သီတင်းသုံးတဲ့ကျောင်းကို သွားပြီးဆွမ်းအတွက်
အခက်အခဲ မရှိရလေအောင် သူတို့နဲ့အတူ
လိုက်ပါကြွပေးဖို့ လျှောက်ထားကြရာ
မထေရ်က လိုက်ပါမည့်အကြောင်းလက်ခံလိုက်ပါတယ်။
မထေရ်ဟာ ရဟန်းတော် ငါးရာနဲ့အတူ မဟာဗောဓိမဏ္ဍိုင်ကို
ကြွတော်မူလာခဲ့ကြပါတယ်။

ရဟန်းတော် ငါးရာနဲ့အတူ ထူပါရုံကျောင်းကနေ
မဟာကောဋ ပဋနဆိပ်၊ အဲဒီကနေ တစ်ဆင့်
မဟာဂေါဓဆိပ်ကို ကြွတော်မူရပါတယ်။
လမ်းခရီးအကြားတွင် လူ နတ်တို့ရဲ့ အလှူဒါနကို
ချီးမြှောက်ရင်း ကြွလာခဲ့ရတဲ့အတွက် လေးလ
တိုင်တိုင် ကြာခဲ့ပါတယ်။ သမုဒ္ဒရာကို ဖြတ်ကျော်ဖို့အတွက်
လှေသင်္ဘော စီးခဲ့ရာမှာ နတ်နဂါးတို့ရဲ့အလှူဒါနကို
ချီးမြှောက်ပြီး ကြွတော်မူရတဲ့အတွက် သမုဒ္ဒရာအတွင်း
သုံးလတိုင်တိုင် အချိန်ကြာခဲ့ပါတယ်။

မဇ္ဈိမဒေသဆိပ်ကမ်းကို ရောက်တဲ့အခါ ထိုဆိပ်ကမ်းကနေ
မဟာ ဗောဓိမဏ္ဍိုင်ကို ကြွတော်မူတဲ့နေရာမှာလည်း
လူ နတ်တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အလှူဒါနကို
ချီးမြှောက်ရင်း ကြွတော်မူရပြန်ပါတယ်။
မဟာဗောဓိမဏ္ဍိုင်ကို ရောက်တဲ့အခါ ဘုရားရှင်ကို
အာရုံပြုလို့ အားရအောင် ဖူးမြော်တော်မူကြပါတယ်။
ရဟန်းတော်များဟာ မဟာဗောဓိမဏ္ဍိုင်မှာ
သင့်တင့်သလောက် နေကြပြီး သီဟိုဠ်ကို
ပြန်လာခဲ့ကြပါတယ်။ အပြန်ခရီးမှာ စူဠနာဂ မထေရ်
လေနာရောဂါ အနှိပ်စက်ခံ ခဲ့ရပါတယ်။
ရောဂါက မသက်သာတဲ့အပြင် ပိုပြီး ဆိုးဝါးလာပါတယ်။
ဒီအခြေအနေကို သိကြတဲ့ ရဟန်းတော်များဟာ
စိတ်မသက်သာ၊ မျက်နှာမသာမယာ ဖြစ်နေတော်မူ
ကြပါတယ်။ စူဠနာဂမထေရ်က မျက်နှာ
မသာမယာဖြစ်နေကြတဲ့ အကြောင်းရင်းကို
ရဟန်းတော်များအား မေးတော်မူတဲ့အခါ
စူဠနာဂ မထေရ်ရဲ့ ဘုန်းကံကြောင့် သူတို့
မဟာဗောဓိမဏ္ဍိုင်ကို ဖူးမြော်ခဲ့ရကြောင်း၊
တကယ်လို့ ဒီရောဂါကြောင့် အသက်အန္တရာယ်ဖြစ်ခဲ့မယ်ဆိုရင်
သီဟိုဠ်ကို သူတို့ ပြန်ဖို့အတွက် ခက်ခဲမယ်ဆိုတဲ့
အကြောင်း ရဟန်းတော်များက ပြောပါတယ်။

မထေရ်က တကယ်လို့ သူ ပျံလွန်တော်မူခဲ့မယ်ဆိုရင်
သူ့ရဲ့ “ရေစစ်” ကို ချိတ်ဆွဲသွားပါက လမ်းခရီးမှာ
ပစ္စည်းလေးပါးအတွက် ခက်ခဲမယ် မဟုတ်ကြောင်းကို
မိန့်တော်မူပါတယ်။မကြာမီမှာ စူဠနာဂမထေရ်
ပျံလွန်တော်မူခဲ့ပါတယ်။ရဟန်းတော်များလည်း
အလောင်းတော်ကို မီးသင်္ဂြိုဟ်ပြီး ကြွင်းကျန်တဲ့
ဓာတ်တော်များကိုပင့်ဆောင်ကာ ပြန်လာကြရာ
လမ်းခရီးမှာ မထေရ်မြတ် ရှိစဉ်၊ လာတုန်းကလိုပါပဲ။
ပစ္စည်း လေးပါးပေါများပြည့်စုံကြရပါတယ်။
(မဟာထူပါဝင်၊ ၈၃၉၊
သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ၊ ၅၆၉)

အချုပ်ပြောလိုတာကတော့ စူဠနာဂမထေရ်လို ကောင်းကျိုး
ချမ်းသာများ ခံစားရရှိချင်တယ်ဆို ရင် စေတနာကို
အရောင်မဆိုးဘဲ အဖြူရောင်သက်သက် စေတနာနဲ့
ထက်ထက်သန်သန် စိတ်ပါလက်ပါ ပြုကြမယ်ဆိုရင်
လက်ရှိဘဝမှာ လည်း ကောင်းကျိုးချမ်းသာကိုရရှိ
ခံစားနိုင်မှာပါ။
ဒါကြောင့် စာချစ်သူများ စေတနာကို
အရောင်မဆိုးမိကြစေဖို့ သတိထားရမယ်ဆိုတာ
ပြောရင်း。。。။ ။
ရွှင်လန်းချမ်းမြေ့ကြပါစေ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဦးကောဝိဒ(မြိတ်)】
Posted by►
www.facebook.com/youngbuddhistassociation.mm