ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ ခေါ်တယ်။
တစ်ပါးမှ လျော့လို့မရဘူးနော်။
ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။
အဲဒါလေးကို နည်းနည်းလောက်
ပြန်စဉ်းစားကြည့်ရအောင်။

လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
ငါးပါးသီလထဲ လေးပါးလောက်ကို
ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့တယ်နော်။
အဲဒီအထဲမှာ . . .
❦ “ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင်
လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာ
ဖြစ်ပေမဲ့လို့ အသက်တိုမယ်။
ဘယ်သူက အသက်တိုတို နေချင်မလဲနော်။
ပါဏာတိပါတကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ
အနာရောဂါများမယ်၊ အသက်တိုမယ်၊
ဒါက အပေါ့ဆုံးအပြစ်နော်။
ငရဲကျတာ ၊မကျတာ အသာထားနော်။
ငါးပါးသီလရဲ့ အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။

❦ “အဒိန္နာဒါနကံ”မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ
ရှာလို့တော့ ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။
မီးလောင်တဲ့အထဲ ပါသွားမယ်။
ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်းပျက်စီးနေမယ်။

❦နောက်တစ်ခုက ကာမေသုမိစ္ဆာစာရကံ
မလုံရင်လူမုန်း များတယ်။
သူနဲ့ ဘယ်သူမှ မတည့်ဘူး။
သူ့ မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။
အခြောက်တိုက်မုန်းတာမျိုးပေါ့။
နောက်ပြီးတော့ “ကျား”မဟုတ်၊ “မ”မဟုတ်
ဖြစ်တတ်တယ်။

❦ “မုသာဝါဒကံ”မလုံရင် သူ့စကားကို မယုံကြတော့ဘူး။
သူ ပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ
မယုံကြည်တဲ့အခါ သူ့ရဲ့စကားအရာမရောက် ဖြစ်တယ်။
ဒါကြောင့် “မုသားဆို ရယ်စရာ အနေနဲ့တောင်
မပြောဘဲ ရှောင် ကြဉ်သင့်တယ်”လို့
မြတ်ဗုဒ္ဓ ဟောကြားထားတယ်။

❦ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ
ဦးနှောက် မပြည့်ဘူး။ ကျပ်မပြည့်ဘူးပြောကြတယ်။
ရူးနှမ်းနှမ်းဖြစ်တတ်တယ်။

ဒါ့ကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။
လူရယ်လို့ ဖြစ်လာတဲ့အခါ အသက်ရှည်ရမယ်။
ကျန်းမာပြီး အနာကင်းရမယ်။
ပစ္စည်းဥစ္စာ ရှိရမယ်။ လူချစ်လူခင် ပေါများရမယ်။
ဉာဏ်ပညာ ပြည့်စုံရမယ်။ ဩဇာရှိရမယ်။
ရူးနှမ်းနှမ်းမဟုတ်ဘဲ ၊တည်ကြည်သူ ဖြစ်ရမယ်။
ငါးပါးသီလလုံခြုံရင် အဲဒီ အကျိုးတွေရမယ်။
ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ပြောလို့ရမယ်။
ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ
တစ်ခုခုလိုနေလိမ့်မယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】