“ပညာရေး”
••••••••••••••••
❦ကိုယ့်စိတ်ကိုမှ ကိုယ်ချမ်းသာအောင်
မထားတတ်သေးဘူးဆိုရင် မိမိမှာဘာပညာမှ
မရှိသေးဘူးလို့မှတ်ပါ။
(တောင်မြို့-မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
အရှင်ဇနကာဘိဝံသ)

❦The aim of all education
is to teach us to love beauty.
ပညာရေးအားလုံးရဲ့ ဦးတည်ချက် က
အလှအပကို ချစ်တတ်အောင်သင်ပေးဖို့ပဲ။

❦ပညာရေးရဲ့
တကယ့်ရည်ရွယ်ချက်က
ဘာလဲဆိုတော့ လူသားတွေကို
လူပီသတဲ့လူသားတွေ ဖြစ်အောင်၊
အဆင့်အတန်းမြင့်တဲ့ လူသားတွေဖြစ်အောင်၊
နေတတ်အောင် ၊ ထိုင်တတ်အောင်၊
ပြောတတ်အောင် ၊ ဆိုတတ်အောင်၊
စိတ်ထားမြင့်မြတ်အောင်
သင်ပေးရမယ်။

❦ပညာရေးရဲ့ရည်ရွယ်ချက်က
လူသားတိုင်းကို သန့်သန့်ရှင်းရှင်းနေတတ်အောင်
သင်ပေးရမှာပဲ။သန့်သန့်ရှင်းရှင်းမနေတတ်သေးဘူးဆိုရင်
ပညာရေးအဆင့်အတန်း တော်တော်နိမ့်သေးတယ်။
ယဉ်ကျေးမှု အဆင့်အတန်း တော်တော်နိမ့်သေးတယ်
လို့ဆိုရမယ်။

❦ချစ်တတ်ဖို့ သိပ်အရေးကြီးပါတယ်။
ပညာသင်တာမှာချစ်တတ်ဖို့ သင်မှသာ
အဲဒီလူရဲ့ဘဝဟာ
ကြာလေ စိုပြေလေဖြစ်လာမယ်။
ပညာကိုမုန်းအောင်သင်လိုက်ရင်အဲဒီလူရဲ့
ဘဝဟာကြာလေမုန်းလေဖြစ်သွားမယ်။

❦ပညာရေးထဲမှာ အမှိုက်ကို တွေ့ကရာနေရာမှာ
မပစ်ရဘူး၊ ညစ်ပတ်အောင် မလုပ်ရဘူးဆိုတာ
ကို မသင်ပေးတဲ့ပညာရေးဟာ တော်တော်ချို့တဲ့တဲ့
ပညာရေးပဲ။
သန့်ရှင်းအောင်မှ မနေတတ်ဘူးဆိုရင်
ပညာတတ်လို့ခေါ်မလား။
သန့်ရှင်းအောင်မှ မနေတတ်ရင် ယဉ်ကျေးမှု
အဆင့်အတန်း မြင့်တယ်လို့ပြောမလား။

သန့်ရှင်းမှုနဲ့ အသိဉာဏ် ဆက်စပ်မှုရှိပါတယ်။
ဉာဏ်ပညာကြီးချင်ရင် သန့်ရှင်းမှုကို အလေး
ထားရမယ်။

❦ပညာရေးမှာ လူလူချင်း ကူညီတတ်ဖို့ဆိုတာပါရမယ်။
ပညာရေးမှာ ကျန်းမာအောင် နေတတ်ဖို့၊
စားတတ်ဖို့၊အများနဲ့အဆင်ပြေအောင်
ပေါင်းသင်းဆက်ဆံတတ်ဖို့ဆိုတာ ပါရမယ်နော်။
စာအုပ်ထဲက စာတွေ ကျက်ရုံနဲ့မရဘူး။
ကိုယ့်အတွက် လည်းအများဆုံး အကျိုးရှိအောင်၊
အများအတွက်လည်း တတ်နိုင်သလောက်အကျိုးရှိအောင်
ဘယ်လို သဘောထားရမလဲ။
ဘယ်လို လုပ်ရမလဲဆိုတာကို ဆွေးနွေးပေးရမယ်။
သင်ပေးရမယ်။
ဒါမှလူ့အသိုင်းအဝိုင်းတစ်ခုလုံးကောင်းလာမှာ။

❦ပညာရေးရဲ့တကယ့် ရည်ရွယ်ချက်က လူကို ပိုပြီးတော့
စိတ်ဓာတ် အဆင့်အတန်း မြင့်မားတဲ့လူဖြစ်ဖို့၊
လုပ်ရည်ကိုင်ရည် မြင့်မားတဲ့သူ ဖြစ်ဖို့
အသိဉာဏ် ပိုမိုမြင့်မားတဲ့သူ ဖြစ်ဖို့၊
အများအကျိုးကို တတ်နိုင်သလောက်
ဆောင်ရွက်နိုင်တဲ့သူတွေဖြစ်ဖို့ အဲဒါကိုရည်ရွယ်ချက်
ထားရမယ်။

❦ပိုသိလေလေ ပိုပြီးတော့ ရင့်ကျက် ကြည်လင်
အေးချမ်းတဲ့သူ ဖြစ်လာလေပဲ။

❦မေးတတ်မှ ၊ ဖြေတတ်မှ လောကကြီး တိုးတက်မယ်။
မေးခွန်းတွေထဲကနေ ပညာတွေရနေတာ။

❦မေးခွန်းမေးတာဟာ ပညာရေးရဲ့
အဓိကကျတဲ့ အချက်ဖြစ်တယ်။
မေးခွန်းမမေးရင် ပညာတတ် မဖြစ်နိုင်ဘူး။
ကိုယ့်မေးခွန်းကို ကိုယ်မေးပြီး ကိုယ့်အဖြေကို ကိုယ်ရှာမှ
ပညာတတ်ဖြစ်မယ်။သူများမေးခွန်းနဲ့ သူများအဖြေကို
မှတ်ထားရုံနဲ့ ပညာတတ်မဖြစ်နိုင်ဘူး။

❦ကလေးကသိချင်တာကို မဖြေဘဲနဲ့ ၊
သူလုပ်ချင်တာကို လုပ်ခွင့်မပေးဘဲနဲ့
လူကြီးတွေက အတင်းအကြပ်
ခိုင်းလာရင် ကြာရင်
“သိချင်၊လုပ်ချင်စိတ်တွေ ငုပ်သွားမယ်။”

❦ကလေးတစ်ယောက်ကို သူ့ကိုယ်သူယုံကြည်မှု
နည်းသွားစေမယ့် စကားမျိုးမပြောမိဖို့
မိဘတွေ၊ဆရာ၊ဆရာမတွေ တော်တော်
သတိထားသင့်တယ်။သူ့ကိုယ်သူ
ယုံကြည်မှုနည်းသွားအောင်လုပ်လိုက်တာဟာ
အညွှန့်ချိုးလိုက်တာနဲ့တူတယ်။

❦စိတ်ဟာ လူ့ဘဝမှာ အခြေခံအကျဆုံး အရေးပါဆုံး
ဖြစ်တယ်။ စိတ်အင်အားဟာ အဓိကအင်အား ဖြစ်တယ်။
ဒီစိတ်က အားရှိနေရင် ဘာမဆို ခံနိုင်ရည်ရှိတယ်။
ကိုယ့်ဘဝမှာ ကောင်းတာတွေ ဖြစ်လာဖို့
စိတ်ဓာတ်အင်အားနဲ့ လုပ်ယူရတယ်။

စိတ်ပင်ပန်း နွမ်းနယ်လာရင် ဘယ်လို အနားယူမလဲ။
စိတ်အားနည်းနေရင် ဘယ်လို အားပြန်ဖြည့်မလဲ။
ကိုယ့်ရဲ့ (mood) စိတ်ကြည်တာ၊ စိတ်မကြည်တာ၊
စိတ်ရွှင်လန်းတာ၊စိတ်မရွှင်လန်းတာ၊
စိတ်အားတက်တာ၊ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာ၊
အဲဒီလို စိတ်အခြေအနေ အပြောင်းအလဲတွေကို နားလည်ဖို့၊
နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဖို့နဲ့ ကောင်းတဲ့ဘက်ကို
ပြန်ရောက်သွားအောင် လုပ်ပေးတတ်ဖို့ ဆိုတာဟာ
အရေးအကြီးဆုံး၊ အဆင့်အမြင့်ဆုံး ပညာရေးတမျိုး
ဖြစ်တယ်။ ဒါကို “ပညာရေး”လို့ နားလည်ဖို့ လိုတယ်။

❦ကိုယ်နဲ့သူနဲ့ အယူအဆမတူတဲ့အခါမှာ
သူ့ဘက် ကိုယ့်ဘက်မျှပြီးတော့၊
တွေးတဲ့ အခါကျတော့ ပိုပြီးတော့
သဘာဝကျတဲ့ အမြင်ကို ရတယ်။
ကိုယ်လုပ်ပုံ၊ကိုင်ပုံ၊ပြောပုံ၊ဆိုပုံ က မှားနေရင်လည်းပဲ
နည်းနည်းလေး ပြင်လိုက်ရတယ်။
အဲသလို ပြင်ရတာကိုယ့်အတွက် အင်မတန် အကျိုးများသွားပြီနော်။
အဲဒီလို အယူအဆမတူညီမှုထဲကပဲ ပညာရတယ်။

❦သိရမယ့် အကြောင်းအရာနဲ့ သိတဲ့လူရဲ့ အသိဉာဏ်နဲ့
တန်ရမယ်။“သူ့အိုးနဲ့ သူ့ဆန်” ဆိုတဲ့စကားလိုပဲ။
ကိုယ့်ဉာဏ်နဲ့ တန်သလောက်ပဲ သိမယ်။
သူ့ဉာဏ် မမှီလို့ မသိနိုင်တဲ့သူက သူ
မသိနိုင်တာတွေဟာ မရှိပါဘူးလို့ ပြောရင်
ဘယ့်နှယ့်လုပ်မလဲ။
သူ မသိနိုင်လို့ ၊မရှိဘူးလို့ သူ ထင်နေတာပါ။
“တီကောင်”တစ်ကောင်အဖို့တော့ “ပန်းပွင့်”
ဆိုတာ မရှိဘူး။ အဆင့်နိမ့်တဲ့သူက မသိဘူး။
ပိုသိချင်ရင် ကိုယ့်အဆင့်ကို အများကြီး မြှင့်မှရမယ်ဆိုတာ
နားလည် စေချင်ပါတယ်နော်။

❦စာဖတ်တတ်ပြီး အဓိပ္ပာယ် မသိတဲ့သူနဲ့
စာဖတ်တတ်ပြီး အဓိပ္ပာယ်ပါ သိတဲ့သူနဲ့
ဒီစာအုပ်ရဲ့ နက်နဲမှု ဘယ်လောက် ကွာသွားသလဲ။
အဓိပ္ပာယ်ဆိုတာက သူ့ရဲ့ level of being
အသိဉာဏ် အဆင့်အတန်း၊ သူ့ပညာရေး
အဆင့်အတန်းပေါ်မှာ အများကြီး မူတည်တယ်။

❦အကောင်းဆုံးစိတ်နဲ့ နေသွားမယ်။
အကောင်းဆုံးကို လုပ်သွားမယ်။
အကောင်းဆုံးတွေကို ပေးသွားမယ်။
အကောင်းဆုံးစိတ်နဲ့ပဲ သေသွားချင်တယ်။
အဲဒါပညာရေး။အဲဒါ ဘာသာရေး။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
“တွေးမိတိုင်းပျော်တယ်”pg 178-181မှ-
ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm