“၂-ဘက်မြင်ရမယ်”
••••••••••••••••••••••
ဗုဒ္ဓမြတ်စွာက “အန္ဓသုတ္တန်”မှာ
“ဒွိစက္ခု” မျက်စိ ၂-လုံးရှိတဲ့ပုဂ္ဂိုလ်ကို
အကောင်းဆုံးပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်။
မျက်စိ ၂-လုံးဆိုတာ လူတိုင်းလူတိုင်းမှာ
မျက်စိ ၂- လုံးရှိကြတယ်ပေါ့။
ထို့အတူပဲ အသိဉာဏ်ကလည်း ၂-ခုရှိရမယ်။

၂-ခု ရှိရမယ်ဆိုတာ ၂-ဘက်မြင်ရမယ်။
တစ်ဘက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။
အဲဒီတော့ ၂-ဘက်မြင်ရမယ်ဆိုတာကို
မြတ်စွာဘုရားက ရှင်းပြတယ်။

■လူ့လောကမှာ လူရယ်လို့ ဖြစ်လာတဲ့အခါ
-မရသေးတဲ့စည်းစိမ်ဥစ္စာတွေကို ရဖို့၊
-ရလာတဲ့စည်းစိမ်ဥစ္စာတွေ တည်မြဲဖို့ ၊
-တည်မြဲပြီးသား စည်းစိမ်ဥစ္စာတွေကို တိုးတက်ဖို့ ၊
သိမြင်တတ်တဲ့ “အသိဉာဏ်”ဆိုတဲ့
မျက်စိတစ်လုံးလည်း ရှိဖို့လိုတယ်တဲ့။
ဒါက ဒီဘဝ ကောင်းကျိုးအတွက် ဖြစ်တယ်။

■နောင်ဘဝ ကောင်းကျိုးအတွက်လည်းပဲ
ကုသိုလ် အကုသိုလ်၊ အပြစ်ရှိတယ် အပြစ်မရှိဘူး
ဆိုတဲ့ဓမ္မအရေးနဲ့ပတ်သက်ပြီးသိတဲ့
မျက်စိမျိုးဟာလည်း နောက်ထပ်လိုအပ်တယ်တဲ့။

ဘာဖြစ်လို့လဲဆိုရင် တစ်ခုနဲ့တစ်ခု
ထိန်းညှိပြီးတော့နေရမယ်။
“လောကအကျိုး”ချည်းပဲ ကြိုးစားမယ်ဆိုရင်
“သံသရာအကျိုး”က လွတ်သွားမယ်။
ဒါကြောင့် လောကအကျိုး၊သံသရာအကျိုး ၂-မျိုးစလုံး
ရဖို့အတွက် တစ်ခုနဲ့တစ်ခု ထိန်းညှိပြီးတော့ ကြိုးစားရမယ်။
အသိ ၂-မျိုးနဲ့ ထိန်းမတ်ပေးရတယ်။ ဒီလိုဆိုလိုတာ။
တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် လူတွေမှာ
စီးပွားဥစ္စာတွေ တိုးတက်လာသော်လည်း
ကိုယ်ကျင့်တရားက ဆုတ်ယုတ်ပျက်ပြားသွားလို့ရှိရင်
ကောင်းကျိုးချမ်းသာတွေဟာလည်း တဖြည်းဖြည်း
ဆုတ်ယုတ်သွားနိုင်တာပါပဲ။

ဒါကြောင့်မို့ စီးပွားရေးဘက်ကလည်း
တိုးတက်အောင်လုပ်ရမယ်။
ကိုယ်ကျင့်တရားဘက်ကလည်း
တိုးတက်အောင် လုပ်ရမယ်။
ဒီလိုဆိုလိုတာနော်။
၂မျိုး ၂-စား တိုးတက်ကြီးပွားအောင် ကြံဆောင်
သိမြင်နိုင်တဲ့အသိဉာဏ် ၂-ခုကို ဒီနေရာမှာ
မျက်စိ ၂-လုံးလို့ခေါ်တာ။
စီးပွားရေးလည်း တိုးတက်အောင် လုပ်နိုင်ရမယ်။
စီးပွားရေးမျက်စိရှိရမယ်။
ဓမ္မရေးရာတွေကိုလည်း သိမြင်နိုင်တဲ့မျက်စိရှိရမယ်။
ဓမ္မရေးရာမျက်စိဖြင့် စီးပွားရေးတိုးတက်လာမှုကို
အကြောင်းပြုပြီးတော့ အကျင့်စာရိတ္တတွေ
တိုးတက်ကောင်းမွန်လာအောင်
ထိန်းညှိပြီးတော့ နေရမယ်။

စီးပွားရေးမျက်စိတော့ ရှိပါရဲ့၊
ဓမ္မရေးရာမျက်စိက မရှိဘူးဆိုရင် ဘာဖြစ်တတ်သလဲဆို
ရင် စီးပွားရရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတဲ့
အတွေးအခေါ်တွေ ဝင်လာတတ်တယ်။
အဲဒါကို ထိန်းထားရမယ်။
အဲဒီလိုထိန်းထားမှု မရှိဘူးဆိုရင် ကိုယ်ကျင့်တရား
ပျက်ပြားပြီးတော့ စီးပွားရေးလည်း ကျဆင်းလာတတ်တယ်။
ကိုယ်ကျင့်တရား ပျက်ပြားပြီးတော့ ရလာတဲ့စီးပွားဥစ္စာဟာ
တည်မြဲမှုနဲ့တည်ငြိမ်မှု မရှိဘူး။
ကြည့်လေ - လောကမှာ တချို့ စီးပွားဥစ္စာတွေတော့
တိုးတက်လာပါတယ်။ ဒါပေမယ့်
အကျင့်စာရိတ္တကျတော့ ယိုယွင်းသွားပြီး ကြာလာတဲ့အခါမှာ
စီးပွားဥစ္စာလည်း ပျက်စီးပြီး သွားတတ်တယ်။
ဒါကြောင့်မို့လို့ Economic progress နဲ့ Spirtual progres
၂-မျိုးပေါ့၊ ထိန်းညှိပြီးတော့ ထားရမယ်။

ဒီ ၂-ခုကို ထိန်းညှိပြီးတော့ ထားရင်
စီးပွားတိုးတက်မှုလည်း ခိုင်မြဲတယ်၊
တစ်ဖက်က ကိုယ်ကျင့်တရားလည်း ခိုင်မြဲလာမယ်။
စီးပွားနဲ့ကိုယ်ကျင့်တရားကို ထိန်းမယ်။
ကိုယ်ကျင့်တရား နဲ့စီးပွားကို ပြန်ထိန်းမယ်။
၂-ဘက် ၂-တန် ရှုမြင်တတ်တဲ့ပညာမျက်စိ ရှိရမယ်လို့
မြတ်စွာဘုရားက အဲဒီသုတ္တန်မှာ ဟောထားတယ်။
ဘာဖြစ်လို့လဲဆိုတော့ သံသရာထဲမှာ နေတဲ့အခါမှာလည်းပဲ
ချမ်းသာသုခရဖို့ဆိုတာ ကောင်းတဲ့အကြောင်းတွေ
ဆောင်ရွက်နိုင်မှ ရတာကိုး။ ။
-【ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ】