“အနှိုင်းမဲ့ ဆွေမျိုး”
•••••••••••••••••••••
လောကမှာ ရှိရှိသမျှ ဆွေမျိုးအားလုံးထဲမှာ
အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ “အနှိုင်းမဲ့ဆွေမျိုး” ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ထက်
ပိုပြီး ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်ပါတယ်လို့
နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ
တခြားဆွေမျိုး မရှိတော့လို့ပါပဲ။
အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်နဲ့ လဲလှယ်သင့်၊
လဲလှယ်ထိုက်တဲ့ တခြားဆွေမျိုး လောကမှာ
မရှိတော့တဲ့အတွက် အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ
“အနှိုင်းမဲ့ဆွေမျိုး” ဖြစ်ရပါတယ်။

ကိုယ့်အပေါ် သိတတ်တဲ့သူ၊ ကိုယ့်အပေါ်
နားလည်တတ်တဲ့သူကို “ဆွေမျိုး”လို့ ခေါ်ပါတယ်။
ကိုယ် ချမ်းသာသုခပြည့်စုံနေတဲ့ အခြေအနေမှာပဲဖြစ်ဖြစ်၊
ကိုယ် ဆင်းရဲဒုက္ခ တွေ့ကြုံနေတဲ့ အခြေအနေမှာပဲဖြစ်ဖြစ်၊
ဘယ်အခြေအနေမျိုးမှာမဆို ကိုယ့်အပေါ်၊ သိတတ်၊
နားလည်တတ်မှ ဆွေမျိုးလို့ ခေါ်ပါတယ်။
(ဉာတိ = သိတတ်သူ၊ နားလည်တတ်သူ။)

ကိုယ် ချမ်းသာနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး၊
ကိုယ် ဆင်းရဲသွားချိန်မှာတော့ ကိုယ့်အပေါ်
မသိတတ်ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ဆွေမျိုးမဟုတ်ပါဘူး။
ကိုယ် ဆင်းရဲနေချိန်မှာသာ ကိုယ့်အပေါ် သိတတ်ပြီး၊
ကိုယ် ချမ်းသာသွားချိန်မှာတော့ ကိုယ့်အပေါ်
မသိတတ်ဘူးဆိုရင်လည်း အဲဒီပုဂ္ဂိုလ်ဟာ
ဆွေမျိုးမဟုတ်ပါဘူး။

ကိုယ့်အပေါ် တကယ်သိတတ်တဲ့သူ၊
ကိုယ့်အပေါ်တကယ်နားလည်တတ်တဲ့သူဆိုတာ
ကိုယ် ဆင်းရဲဒုက္ခရောက်နေချိန်မှာလည်း
အတူဝေမျှခံစားပြီး အားပေးကူညီဖို့ လိုသလို၊
ကိုယ် ချမ်းသာသုခ ရနေချိန်မှာလည်း အတူဝေမျှခံစားပြီး၊
ဝမ်းမြောက်စောင့်ရှောက်ဖို့ လိုပါတယ်။

ဆိုးကျိုးဖြစ်မယ့်ကိစ္စတွေကို ကြိုတင်တားဆီးပေးသင့်သလို၊
မလွှဲမရှောင်သာ ဆိုးကျိုးဖြစ်လာရင်လည်း
အပြစ်မတင်ဘဲ ကြင်နာယုယစွာ အားပေးနှစ်သိမ့်သင့်ပါတယ်။
ကောင်းကျိုးဖြစ်မယ့်ကိစ္စတွေကို ကြိုတင်
လမ်းညွှန်ပေးသင့်သလို အကြောင်းညီညွှတ်စွာ
ကောင်းကျိုးဖြစ်လာရင်လည်း မနာလိုမဖြစ်ဘဲ၊
လှိုက်လှဲနွေးထွေးစွာ ဝမ်းမြောက်ချီးကျူးသင့်ပါတယ်။
အတိုချုပ်ကတော့ တစ်ယောက်အပေါ်
တစ်ယောက် သိတတ်တယ်၊ နားလည်တတ်ဆိုတာ
တစ်ယောက်အပေါ် တစ်ယောက် ကောင်းကျိုးပြုတာပါပဲ။
တစ်ယောက်အကျိုး တစ်ယောက်ပြုမှလည်း
“ဆွေမျိုး”လို့ ခေါ်ပါတယ်။

ကိုယ့်အပေါ် သိတတ်၊ နားလည်တတ်၊ ကောင်းကျိုးပြုတတ်တဲ့
ဆွေမျိုးတွေအားလုံးထဲမှာ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ
အကောင်းဆုံး၊ အမြတ်ဆုံးဆွေမျိုးဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ကသာ
ကိုယ့်အပေါ် တကယ်သိနိုင်၊ နားလည်နိုင်၊
ကောင်းကျိုးပြုနိုင်လို့ပါပဲ။

အကျွမ်းဝင်တဲ့ပုဂ္ဂိုလ် ဆိုတဲ့နေရာမှာ ကိုယ်ကလည်း
အကျွမ်းဝင်၊ ကိုယ့်ကိုလည်း အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်မျိုးကို
ဆိုလိုပါတယ်။ ကိုယ်ကသာ သူ့ကို အကျွမ်းဝင်ပြီး၊
သူက ကိုယ့်ကို အကျွမ်းမဝင်ရင်၊ သူကသာ ကိုယ့်ကို
အကျွမ်းဝင်ပြီး ကိုယ်က သူ့ကို အကျွမ်းမဝင်ရင်၊
အဲဒီလို - တစ်စိတ်တစ်ပိုင်း အကျွမ်းဝင်ခြင်း၊
တစ်ဖက်သတ် အကျွမ်းဝင်ခြင်းဟာ ဆွေမျိုးကိစ္စကို
မပြီးစေနိုင်ပါဘူး။ အပြန်အလှန် အကျွမ်းဝင်မှသာ
ဆွေမျိုးကိစ္စပြီးစီးနိုင်တာမို့ ကိုယ်ကျွမ်း၊ သူကျွမ်း၊
နှစ်ဖက်ကျွမ်းသူကိုသာ အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်လို့ ဆိုလိုပါတယ်။

အကျွမ်းဝင်တယ်ဆိုတာ တစ်ယောက်အပေါ်
တစ်ယောက် မေတ္တာသံယောဇဉ် နဲ့ ချစ်ခင်တာကို ပြောတာပါ။
မေတ္တာနဲ့ သံယောဇဉ် အချိုးတကျ ပေါင်းစပ်ဖွဲ့စည်းထားမှ
အကျွမ်းဝင်တယ်လို့ ခေါ်နိုင်ပါတယ်။
မေတ္တာသက်သက်နဲ့လည်း အကျွမ်းဝင်သူ မဖြစ်နိုင်သလို၊
သံယောဇဉ်သက်သက်နဲ့လည်း အကျွမ်းဝင်သူ မဖြစ်နိုင်ပါဘူး။
ထုထည်ကြီးမားတဲ့ မေတ္တာအခံမှာ သံယောဇဉ်ဓာတ်လေး
ရစ်ပတ်လွှမ်းခြုံထားမှ အကျွမ်းဝင်သူ ဖြစ်နိုင်ပါတယ်။

●“မေတ္တာ” ဆိုတာ သတ္တဝါအားလုံးအပေါ်
တပြေးညီ ကောင်းကျိုးလိုလားရတဲ့ စိတ်ထားဖြစ်လို့၊
ဘယ်သူ့အပေါ်တော့ မေတ္တာပိုတယ်၊
ဘယ်သူ့အကျိုးတော့ ပိုလိုလားတယ်ဆိုတာမျိုး
ဖြစ်ခွင့်မရှိတဲ့အတွက် မေတ္တာသက်သက်နဲ့
အကျွမ်းဝင်ခြင်းဆိုတာကို တိုင်းတာလို့ မရပါဘူး။

●“သံယောဇဉ်”ဆိုတာကလည်း သူ့အကျိုးထက်
ကိုယ့်အကျိုးကို အဓိကထားတဲ့သဘော၊
သူ့ဆန္ဒဖြည့်ပေးဖို့ထက် ကိုယ့်ဆန္ဒပြည့်ဝဖို့ကို
အဓိကထားတဲ့သဘောဖြစ်လို့ သံယောဇဉ်
သက်သက်နဲ့လည်း အကျွမ်းဝင်ခြင်းဆိုတာကို
တိုင်းတာလို့ မရပါဘူး။

●မေတ္တာအခံမှာ သံယောဇဉ်ရှိမှ၊ သံယောဇဉ်အခံမှာ
မေတ္တာရှိမှ အကျွမ်းဝင်သူဖြစ်နိုင်ပါတယ်။
မေတ္တာနှင့် ယှဉ်သော သံယောဇဉ်၊
သံယောဇဉ်နှင့် ယှဉ်သော မေတ္တာဟာ
“အကျွမ်းဝင်ခြင်းရဲ့ လက္ခဏာ”ပါ။

မေတ္တာသာရှိပြီး သံယောဇဉ်မရှိရင်လည်း
ကိုယ့်အပေါ် ဆက်ဆံတာဟာ အားလုံးအပေါ်
ဆက်ဆံတာထက် ပိုပြီး ဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး။
သံယောဇဉ်သာရှိပြီး မေတ္တာမရှိရင်လည်း ကိုယ့်ရဲ့
ကောင်းကျိုးဆိုးကျိုး၊ ကောင်းမှုဆိုးမှုတွေကို
ဝေမျှခံစား နားလည်ပေးနိုင်စွမ်း၊
အကျိုးဆောင်ပေးနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။

မေတ္တာသက်သက်နဲ့ဆိုရင် ယေဘုယျဆန်သွားသလို၊
သံယောဇဉ်သက်သက်နဲ့ ဆိုရင်လည်း
တစ်ကိုယ်ကောင်းဆန်သွားပါတယ်။
ကြင်နာနွေးထွေးမှုမပါပဲ အကျိုးဆောင်မှုသက်သက်
မေတ္တာဟာ အကျွမ်းဝင်ရာမရောက်သလို၊
အကျိုးဆောင်မှုမပါတဲ့ ကြင်နာနွေးထွေးမှုသက်သက်
သံယောဇဉ်ဟာလည်း အကျွမ်းဝင်ရာမရောက်ပါဘူး။

ဒါကြောင့် ပုထုဇဉ်လူသားတွေအတွက်
“အကျွမ်းဝင်ခြင်း” ဆိုတာကို အဓိပ္ပာယ်ဖွင့်ရရင်
တစ်ယောက်အပေါ် တစ်ယောက် ကြီးမားတဲ့
မေတ္တာတရားနဲ့ရော၊ ခိုင်မြဲတဲ့ သံယောဇဉ်တရားနဲ့ပါ
အပြန်အလှန် ရစ်ပတ်နှောင်ဖွဲ့ ချစ်ခင်မြတ်နိုးကြတာကို
“အကျွမ်းဝင်တယ်” လို့ ခေါ်ပါတယ်။
အဲဒီလို မေတ္တာသံယောဇဉ်နဲ့ အပြန်အလှန် မြတ်နိုးချစ်ခင်
အကျွမ်းဝင်တဲ့သူဟာ မိမိရဲ့ “အနှိုင်းမဲ့ဆွေမျိုး” ပါပဲ။

မေတ္တာဆိုတဲ့နေရာမှာ ကာမကံမေတ္တာ၊
ဝစီကံမေတ္တာ၊ မနောကံမေတ္တာလို့ “မေတ္တာသုံးမျိုး”လုံး
ပါဝင်ပါတယ်။

ကာယကံမေတ္တာနဲ့လည်း တစ်ယောက်
ကောင်းကျိုးဖြစ်မယ့် အပြုအမူ၊
တစ်ယောက် စိတ်ချမ်းသာမယ့် အပြုအမူကို
တစ်ယောက်က ပြုမူရပါမယ်။
တစ်ယောက်ကောင်းကျိုး တစ်ယောက် ဆောင်ရွက်ပေးရပါမယ်။
ဝစီကံမေတ္တာနဲ့လည်း တစ်ယောက် ကောင်းကျိုးဖြစ်မယ့်
စကား၊ တစ်ယောက်စိတ်ချမ်းသာမယ့်စကားကို
တစ်ယောက်က ပြောဆိုရပါမယ်။
နှုတ်၏ စောင်မခြင်းနဲ့ ကူညီရပါမယ်။

မနောကံမေတ္တာနဲ့လည်း တစ်ယောက်ရဲ့
ကောင်းကျိုးကို တစ်ယောက်က အမှန်တကယ် လိုလားတဲ့စိတ်၊
အမှန်တကယ် ဆောင်ရွက်ပေးချင်တဲ့စိတ် ရှိရပါမယ်။

ကိုယ်မေတ္တာ၊ နှုတ်မေတ္တာနဲ့ စိတ်မေတ္တာ၊
မေတ္တာသုံးမျိုးလုံး ပြည့်စုံစွာ တစ်ယောက်အပေါ်တစ်ယောက်
အပြန်အလှန် ချစ်ခင်စောင့်ရှောက်ကြတဲ့ ပုဂ္ဂိုလ်တွေကို
အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်တွေလို့ ခေါ်ပါတယ်။

အပေါ်ယံခင်ရုံ၊ အပေါ်ယံချစ်ရုံနဲ့ အကျွမ်းဝင်သူ
မဖြစ်နိုင်ပါဘူး။ ဟန်ဆောင်မှုကင်းတဲ့ အရိုးခံချစ်ခြင်းနဲ့
နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်မှ
အကျွမ်းဝင်သူ ဖြစ်နိုင်ပါတယ်။

ပုထုဇဉ်သဘာဝ အလိုအလျောက် ဖြစ်တည်နေတဲ့
အတွင်းအောက်ခံ သံယောဇဉ်ရဲ့အပေါ်မှာ
ထုထည်ကြီးမားခိုင်ခံ့တဲ့ မေတ္တာစစ်၊ မေတ္တာမှန်ကို
စနစ်တကျ ဖွဲ့စည်းတည်ဆောက်ပြီး
သူချစ်၊ ကိုယ်ချစ်၊ အပြန်အလှန်ချစ်ကြတဲ့သူတွေသာ
အကျွမ်းဝင်သူတွေ ဖြစ်နိုင်ပါတယ်။
အကျွမ်းဝင်ခြင်းရဲ့-
●အောက်ခံအရောင်က သံယောဇဉ် ဖြစ်ပြီး၊
●အပေါ်အရောင်က မေတ္တာတရား ဖြစ်ပါတယ်။

အကျွမ်းဝင်သူတိုင်းရဲ့ သန္တာန်မှာ မေတ္တာစစ် မေတ္တာမှန်ရဲ့
သရုပ်သကန်တွေ ထင်ရှားပေါ်လွင်နေရပါမယ်။
နာမည်ခံမေတ္တာ မဟုတ်ဘဲ အမှန်အကန်မေတ္တာ ဖြစ်ရပါမယ်။
သံယောဇဉ်အောက်ခံမှာ မေတ္တာစစ်၊
မေတ္တာမှန်နဲ့ အပြန်အလှန် အကျွမ်းဝင်ကြပြီဆိုရင်
မိမိ အကျွမ်းဝင်သူဟာ မိမိနဲ့ လောက သဘာဝအရ
ဆွေမျိုးသွေးသား မတော်စပ်ပေမယ့် မိမိရဲ့ ဆွေမျိုးပါပဲ။
အကျွမ်းမဝင်ကြဘူးဆိုရင်တော့ မိခင်ရင်း၊ ဖခင်ရင်း
ဖြစ်နေတောင်မှ ဆွေမျိုး မဟုတ်တော့ပါဘူး။

သွေးစပ်တိုင်း ဆွေမျိုးမဖြစ်ပါဘူး။
မေတ္တာစပ်မှ ဆွေမျိုးဖြစ်ပါတယ်။ သွေးစပ်စပ် မစပ်စပ်၊
မေတ္တာစပ်ရင် ဆွေမျိုးပါ။ သွေးစပ်စပ် မစပ်စပ်၊
မေတ္တာမစပ်ရင် သူစိမ်း (တစိမ်း)ပါ။
သွေးစပ်ဆွေမျိုး ရှိရုံနဲ့ ကိုယ့်ဘဝ ဘာမှ အကျိုးမထူးနိုင်ပါဘူး။
မေတ္တာစပ်ဆွေမျိုးရှိမှ ကိုယ့်ဘဝ အကျိုးထူးနိုင်တာပါ။
သွေးသာ စပ်ပြီး မေတ္တာမစပ်တဲ့ ဆွေမျိုးကို
တန်ဖိုးထားနေစရာမလိုပါဘူး။ သွေးမစပ်ပေမယ့်
မေတ္တာစပ်တဲ့ ဆွေမျိုးကိုတော့ အမြတ်တနိုး တန်ဖိုးထားရပါမယ်။
မေတ္တာစပ်တဲ့ ဆွေမျိုးသည်သာ အကောင်းဆုံး၊
အမြတ်ဆုံးဆွေမျိုး၊ “အနှိုင်းမဲ့ဆွေမျိုး” ဖြစ်ပါတယ်။

■လောကမှာ လူတွေ ပြောလေ့ပြောထရှိတဲ့ စကားနှစ်ခွန်း
ရှိပါတယ်။ တစ်ခွန်းက
“တို့ဆွေမျိုးတွေက တို့အပေါ် သူစိမ်းလောက်တောင်
မကောင်းဘူး” ဆိုတဲ့စကားပါ။ ဒီစကားနဲ့
ဘာအဓိပ္ပာယ်ကို ပြလဲဆိုရင် သူတို့ဟာ တို့နဲ့
သွေးသားအရ ဆွေမျိုးတော်ပေမယ့်
အကျိုးကျေးဇူးအရ ဆွေမျိုးမတော်ဘူး ဆိုတဲ့
အဓိပ္ပာယ်ကို ပြပါတယ်။
တစ်နည်းအားဖြင့် အသွင်သဏ္ဌာန်အရ ဆွေမျိုးတော်ပေမယ့်၊
အနှစ်သာရအရ ဆွေမျိုး မတော်ဘူးလို့ ဆိုလိုပါတယ်။

■နောက်စကားတစ်ခွန်းက
“သူတို့က သူစိမ်းပေမယ့် တို့အပေါ် ဆွေမျိုးတွေ
ထက်တောင် ကောင်းတယ်” ဆိုတဲ့စကားပါ။
ဒီစကားနဲ့ ဘာအဓိပ္ပာယ်ကို ပြလဲဆိုရင်
သူတို့ဟာ တို့နဲ့ သွေးသားအရ
ဆွေမျိုး မတော်ပေမယ့် အကျိုးကျေဇူးအရ
ဆွေမျိုး တော်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ပြပါတယ်။
တစ်နည်းအားဖြင့် အသွင်သဏ္ဌာန်အရ ဆွေမျိုး မတော်ပေမယ့်၊
အနှစ်သာရအရ ဆွေမျိုး တော်တယ်လို့ ဆိုလိုပါတယ်။

အသွင်သဏ္ဌာန်အရ တော်တဲ့ ဆွေမျိုး က ကိုယ့်ဘဝရဲ့
ကောင်းကျိုးချမ်းသာကို ဖန်တီးမပေးနိုင်ပါဘူး။
အနှစ်သာရအရ တော်တဲ့ ဆွေမျိုး ကသာ ကိုယ့်ဘဝရဲ့
ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်ပါတယ်။

အနာဟာ မိမိကိုယ်ခန္ဓာမှာ ဖြစ်ပေမယ့် မိမိရဲ့
ကောင်းကျိုးချမ်းသာကို ရွက်ဆောင်မပေးနိုင်တဲ့
အတွက်ကြောင့် မမြတ်နိုးထိုက်၊ အားမကိုးထိုက်ပါဘူး။
ဆေးပင်ဆေးရွက်ဟာ မိမိကိုယ်ခန္ဓာရဲ့ ပြင်ပ
တောတောင်တွေမှာ ဖြစ်ပေမယ့် မိမိရဲ့ ကောင်းကျိုးချမ်းသာကို
ရွက်ဆောင်ပေးနိုင်တဲ့အတွက်ကြောင့် မြတ်နိုးထိုက်၊
အားကိုးထိုက်ပါတယ်။
သွေးသာစပ်ပြီး မေတ္တာမစပ်တဲ့ ဆွေမျိုးဟာ
အနာလိုဆွေမျိုးပါ။ သွေးမစပ်ပေမယ့် မေတ္တာစပ်တဲ့
ဆွေမျိုးကတော့ ဆေးပင်ဆေးရွက်လိုဆွေမျိုးပါ။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက အနာထပိဏ်
သူဌေးကြီးရဲ့ အိမ်မှာ နေ့စဉ် ရဟန်းငါးရာ ပင့်ဖိတ်ပြီး
ဆွမ်းလုပ်ကျွေးတာကို ကောသလမင်းကြီးက
အားကျတဲ့အတွက် သူ့ရဲ့နန်းတော်မှာလည်း
နေ့စဉ် ရဟန်းငါးရာ ပင့်ဖိတ်ပြီး ဆွမ်းလုပ်ကျွေးပါတယ်။

မွှေးပျံ့သင်းကြိုင်တဲ့ သလေးဆွမ်းတွေကို အင်မတန်
မွန်မြတ်တဲ့ ဟင်းလျာကောင်းတွေနဲ့ စီမံပြီးတော့
လောင်းလှူပေမယ့် ကောသလမင်းကြီးကရော၊
ကောသလမင်းကြီးရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကရော
ရဟန်းတော်များကို အကျွမ်းတဝင်နဲ့ ချစ်ချစ်ခင်ခင်၊
မြတ်မြတ်နိုးနိုး၊ ကိုယ်တိုင်ကိုယ်ကျ လောင်းလှူကြတာ
မဟုတ်ပါဘူး။ မင်းချင်းယောက်ျား၊ တပည့်တပန်းတွေကို
ခိုင်းစေပြီးတော့ မျက်နှာလွှဲ လောင်းလှူကြတာပါ။

ဆွမ်းကောင်းဟင်းကောင်း လောင်းလှူပေမယ့်
အကျွမ်းတဝင် လောင်းလှူတာမဟုတ်တဲ့အတွက်
ရဟန်းတော်များဟာ ကောသလမင်းကြီးနန်းတော်က
လောင်းလှူလိုက်တဲ့ဆွမ်း၊ ဆွမ်းဟင်းတွေကို နန်းတော်မှာ
မဘုဉ်းပေးဘဲ မိမိတို့ အကျွမ်းဝင်ရာ ဒကာ၊ ဒကာမများရဲ့
အိမ်တွေကို သပိတ်လိုက် ပြန်သယ်သွားကြပါတယ်။

ကိုယ်အကျွမ်းဝင်ရာ ဒကာ၊ ဒကာမရဲ့ အိမ်ကို ရောက်တာနဲ့
နန်းတော်က လောင်းလှူလိုက်တဲ့ ဆွမ်း၊ ဆွမ်းဟင်းတွေကို
အကျွမ်းဝင်ရာ ဒကာ၊ ဒကာမများကို သပိတ်လိုက်
အကုန်လုံး စွန့်လိုက်ကြပါတယ်။
ပြီးတော့မှ အကျွမ်းဝင်ရာ ဒကာ၊ ဒကာမများက
ပြန်လည်လှူဒါန်းတဲ့ အိမ်မှာ အဆင်သင့်ရှိနှင့်နေရာ
ဆွမ်း၊ ဆွမ်းဟင်းများကို ကောင်းကောင်း၊
ဆိုးဆိုး၊ မြိန်ရှက်စွာ ဘုဉ်းပေးတော်မူကြပါတယ်။

ဒီအကြောင်းကို ကောသလမင်းကြီး သိသွားတော့
မြတ်စွာဘုရားရှင်ကို အကြောင်းစုံ ပြန်လျှောက်ပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီးကို
အခုလို ပြန်လည်မိန့်ကြားတော်မူပါတယ်။

“မင်းကြီး...၊ မင်းကြီးက အင်မတန် မွန်မြတ်တဲ့ဆွမ်းကောင်း၊
ဆွမ်းဟင်းကောင်းတွေ လှူဒါန်းပေမယ့် မင်းကြီး
အပါအဝင် မိသားစုအားလုံး၊ ဆွေမျိုးအားလုံးက
ရဟန်းတော်များရဲ့အပေါ် အကျွမ်းတဝင် ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့
တရိုတသေ၊ တလေးတစား၊ ကိုယ်တိုင်ကိုယ်ကျ
ဘယ်သူမှ မလောင်းလှူကြဘူး။
မင်းကြီးတို့ဘက်က အကျွမ်းတဝင် ချစ်ခင်မြတ်နိုးမှု
မရှိတဲ့အတွက် ရဟန်းတော်များကလည်း မင်းကြီးတို့အပေါ်
အကျွမ်းတဝင် ချစ်ခင်မြတ်နိုးမှု မရှိကြဘူး။”

“တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖက်နဲ့တစ်ဖက်၊
အပြန်အလှန် အကျွမ်းဝင်မှု မရှိကြတဲ့အတွက်
ရဟန်းတော်များဟာ နန်းတော်ကဆွမ်းတွေကို
အကျွမ်းဝင်ရာ အလုပ်အကျွေး ဒကာအိမ် သယ်သွား၊
သူတို့ကို စွန့်၊ သူတို့ကလှူတဲ့ အိမ်မှာရှိတဲ့ဆွမ်း၊
ဆွမ်းဟင်းကို အလှူခံပြီး ကောင်းကောင်း၊ ဆိုးဆိုး၊
မြိန်ရှက်စွာ ဘုဉ်းပေးကြခြင်း ဖြစ်တယ်...မင်းကြီး။”

“မင်းကြီး...၊ လောကမှာ အကျွမ်းဝင်ခြင်းထက် ကောင်းတဲ့အရသာ
မရှိတော့ဘူး။ ရှေးတုန်းက ရသေ့ငါးရာရဲ့ ခေါင်းဆောင်အကြီးအမှူး
ရသေ့ဆရာကြီးတစ်ပါးဟာ ဗာရာဏသီမင်းရဲ့ ပင့်လျှောက်ချက်အရ
မင်းရဲ့ ဥယျာဉ်မှာ တစ်ပါးတည်း သီတင်းသုံးတယ်။
အဲဒီရသေ့ဆရာကြီးဟာ ဟိမဝန္တာတောကြီးထဲမှာ ကျန်ရစ်ခဲ့တဲ့
ရသေ့ငါးရာထဲက အကြီးဆုံးတပည့်အပေါ်မှာ
အင်မတန် ချစ်ခင်အကျွမ်းဝင်တယ်”

“မိမိမြတ်နိုးချစ်ခင်အကျွမ်းဝင်တဲ့ တပည့်ကို မမြင်ရတာ
ကြာတဲ့အခါ တပည့်ကို မမြင်ရတာ ကြာတဲ့အခါ
တပည့်ကို သတိရတဲ့စိတ်နဲ့ ရသေ့ဆရာကြီးမှာ
နန်းတော်က ချက်ပြုတ်ပေးတဲ့ စားကောင်းသောက်ဖွယ်
အမွန်အမြတ်တွေ စားရပေမယ့် စားမဝင်၊ အိပ်မပျော်ဖြစ်ပြီး
ဝမ်းသွေးသွန်တဲ့ အနာရောဂါ ဖြစ်လာခဲ့တယ်။”

“ဗာရာဏသီမင်းကြီးက ဆေးဆရာမျိုးစုံ ပင့်ပြီးတော့
ဆေးမျိုးစုံ၊ နည်းမျိုးစုံနဲ့ ကုသပေးပေမယ့် ရသေ့ဆရာကြီးရဲ့
ရောဂါအခြေအနေက လုံးဝ ထူးခြားမလာခဲ့ဘူး။
ပိုပြီးတော့သာ ဆိုးလာခဲ့တယ်။”

“ရောဂါပျောက်စေချင်ရင် ဟိမဝန္တာတောကို ပြန်ပို့ပေးပါ
လို့ ရသေ့ဆရာကြီးက မိန့်တဲ့အတွက် ဗာရာဏသီမင်းကြီးက
ရသေ့ဆရာကြီးရဲ့ ဆန္ဒအတိုင်း ဟိမဝန္တာတောကြီးထဲကို
ပြန်ပို့ပေးခဲ့တယ်။”

“ဟိမဝန္တာတောကြီးထဲ ပြန်ရောက်တဲ့အခါ မိမိချစ်ကျွမ်းဝင်တဲ့
တပည့်ကိုလည်း မြင်တွေ့ရ၊ ချစ်ကျွမ်းဝင်တဲ့ တပည့်ရဲ့
ကြင်နာယုယစွာ ပြုစုလုပ်ကျွေးမှုကိုလည်း ခံယူရတဲ့အတွက်
ရသေ့ဆရာကြီးရဲ့ ဝမ်းသွေးသွန်ရောဂါဟာ
ချက်ချင်းဆိုသလိုပဲ ပျောက်ကင်းသွားခဲ့တယ်။”

“နန်းတော်မှာ မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ၊
အစွမ်းထက်မြက်တဲ့ ဆေးဝါးဓာတ်စာတွေ ၊
စားသောက်သုံးဆောင်ရစဉ်တုန်းကတော့
ကျန်းမာရေးမကောင်းမွန်ခဲ့ဘဲနဲ့ ဟိမဝန္တာတောကြီးထဲမှာ
တပည့်ဖြစ်သူ လုပ်ကျွေးပြုစုတဲ့ ဆားမပါတဲ့ သစ်ရွက်ပြုတ်၊
ဆားမပါတဲ့ မြက်သီးဆန်ယာဂုလေးကို
စားသောက်သုံးဆောင်ရတော့မှ ကျန်းမာရေးကောင်းမွန်
လာခဲ့တာဟာ တကယ်တော့ မြတ်နိုးချစ်ခင် အကျွမ်းဝင်ခြင်းရဲ့
အစွမ်းသတ္တိကြောင့်ပါ။”

“မင်းကြီး...၊ လောကမှာ စားစရာတစ်ခုဟာ ကောင်းသည်ဖြစ်စေ၊
ဆိုးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊
မိမိမြတ်နိုးချစ်ခင် အကျွမ်းဝင်တဲ့ ပုဂ္ဂိုလ်နဲ့သာ အတူတူစားရမယ်ဆိုရင်
အဲဒီစားစရာဟာ အကောင်းဆုံးစားစရာပါပဲ။
ဘာလို့လဲဆိုတော့ အကျွမ်းဝင်ခြင်းထက် ကောင်းတဲ့အရသာ
လောကမှာ မရှိလို့ပါပဲ။”

အဲဒီလို မြတ်စွာဘုရားရှင်က ကောသလမင်းကြီးကို
ပြန်လည်မိန့်ကြားတော်မူပါတယ်။

မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့ ရသေ့ဆရာကြီးရဲ့
ဘဝဖြစ်စဉ်ကို လေ့လာကြည့်ရင် အကျိုးလိုလားမှု
မေတ္တာသက်သက်နဲ့ အကျွမ်းဝင်ခြင်း မဖြစ်နိုင်ဘူးဆိုတာ
ထင်ရှားပါတယ်။ ဗာရာဏသီမင်းကြီးကလည်း
ရသေ့ဆရာကြီးအပေါ် အကျိုးလိုလားတဲ့မေတ္တာနဲ့
ပြုစုစောင့်ရှောက်တာပဲ။ ရသေ့ဆရာကြီးကလည်း
ဗာရာဏသီမင်းကြီးအပေါ် အကျိုးလိုလားတဲ့မေတ္တာနဲ့
ချီးမြှောက်စောင့်ရှောက်တာပဲ။
ဒါပေမဲ့ သံယောဇဉ်မပါတဲ့ အတွက် အကျွမ်းဝင်ခြင်း
မဖြစ်လာခဲ့ပါဘူး။ ကောင်းကျိုးရလဒ် ဖြစ်ထွန်းမလာခဲ့ပါဘူး။

ဒါကြောင့် အကျွမ်းဝင်တယ်ဆိုတာ
“မေတ္တာနဲ့ သံယောဇဉ်” ကို အချိုးတကျ ပေါင်းစပ်
ဖွဲ့စည်း ထားတာပါလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့တာပါ။
သံယောဇဉ်ဆိုတာကို ပူလောင်လို့ သဘောမကျဘူး ဆိုရင်လည်း
●အကျွမ်းဝင်တယ်ဆိုတာ အကျိုးလိုလားမှု
မေတ္တာ သက်သက်နဲ့သာ ချစ်ခင်တာမျိုး မဟုတ်ဘဲ၊
အကျိုး လိုလားမှု၊ အကျိုးဆောင်မှု မေတ္တာရော၊ ကြင်နာယုယမှု၊
လှိုက်လှဲနွေးထွေးမှု မေတ္တာပါ ပေါင်းစပ်လွှမ်းခြုံထားတဲ့
မေတ္တာစစ်၊ မေတ္တာမှန်နဲ့ တစ်ယောက်အပေါ်တစ်ယောက်
အပြန်အလှန် ချစ်ခင်မြတ်နိုး တန်ဖိုးထားတာမျိုးကို
ခေါ်ပါတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။

ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဆိုဖွင့်ဆို၊
စစ်မှန်တဲ့ မေတ္တာတရားကတော့ မရှိမဖြစ်တာ
သေချာပါတယ်။ စစ်မှန်တဲ့ မေတ္တာတရားသာ
မပါရင် ဘယ်လောက်ပဲခင်ခင်၊ ဘယ်လောက်ပဲချစ်ချစ်၊
အကျွမ်းဝင်တယ်လို့ မဆိုနိုင်တော့ပါဘူး။
လောကသဘောအရ (သွေးသားအရ) ဆွေမျိုးတော်တော်၊
မတော်တော်၊ တစ်ယောက်နဲ့ တစ်ယောက် မေတ္တာစစ်၊
မေတ္တာမှန်နဲ့ အပြန်အလှန် ချစ်ခင်ကြပြီဆိုရင် “ဆွေမျိုး”ပါပဲ။

တကယ်တော့ လူသားအားလုံးဟာ ဆွေမျိုးတွေချည်းပါ။
ကျင်လည်ဖြတ်သန်းခဲ့ရတဲ့ သံသရာခရီးက
အစရှာမရလောက်အောင် ရှည်လျားလွန်းလှတာမို့
သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူရယ်လို့ တစ်ယောက်မှ
မရှိပါဘူး။ မြင်မြင်သမျှ လူတိုင်းဟာ တစ်ချိန်က
ကိုယ့်အဖေ၊ ကိုယ့်အမေလည်း ဖြစ်ခဲ့ဖူးသလို
ကိုယ့်သား၊ ကိုယ့်သမီးလည်း ဖြစ်ခဲ့ဖူးပါတယ်။
ကိုယ့်အစ်ကို၊ ကိုယ့်အမလည်း ဖြစ်ခဲ့ဖူးသလို
ကိုယ့်ညီ၊ ကိုယ့်ညီမလည်း ဖြစ်ခဲ့ဖူးပါတယ်။
ဒီဘဝမှာ သူစိမ်းဖြစ်နေပေမယ့် အရင်ဘဝတွေက
ဆွေမျိုးအရင်း ပါ။ ဒီဘဝမှာ ကိုယ့်အပေါ် ဘယ်လောက်ပဲဆိုးဆိုး၊
အရင်ဘဝတွေက ကိုယ့်အပေါ် သိပ်ကောင်းခဲ့ပါတယ်။

မြင်မြင်သမျှ လူတိုင်းကို သံသရာ့ဆွေတော်မျိုးတော်တွေ၊
ဘဝဆက်ဆွေမျိုးတွေလို့ နှလုံးသွင်းပြီး မေတ္တာသက်ဝင်
ချစ်ခင်နိုင်ခဲ့မယ်ဆိုရင် ကိုယ်နဲ့ ထိတွေ့ဆက်ဆံရသမျှ
လူအားလုံးဟာ ကိုယ့်ရဲ့ အကျွမ်းဝင်ပုဂ္ဂိုလ်တွေ၊
အနှိုင်းမဲ့ဆွေမျိုးတွေဖြစ်လာမှာ သေချာပါတယ်။
ကိုယ့်ဘက်က မေတ္တာစစ်၊ မေတ္တာမှန်ထားရင်
သူ့ဘက်ကလည်း မေတ္တာစစ်၊ မေတ္တာမှန် ပြန်လာမှာပါ။

လူတိုင်းနဲ့ အနှိုင်းမဲ့ဆွေမျိုးတော်ရတဲ့လူလောက်
လောကကြီးမှာ ပျော်စရာကောင်းတာ ရှိပါဦးမလား။
အနှိုင်းမဲ့ဆွေမျိုးတွေရဲ့ ကူညီစောင့်ရှောက်မှုကြောင့်
ကိုယ့်ဘဝဟာလည်း အစစ အရာရာ ပြီးပြည့်စုံသွားမှာပါ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က
အကျွမ်းဝင်တဲ့ပုဂ္ဂိုလ်ဟာ အနှိုင်းမဲ့ဆွေမျိုးဖြစ်တယ်လို့
“ဝိဿာသပရမာ ဉာတိ” ဆိုတဲ့ စကားတော်နဲ့
ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း
အကျွမ်းဝင်ပုဂ္ဂိုလ်ဆိုတဲ့ အနှိုင်းမဲ့ဆွေမျိုးကို အပြည့်အဝ
ရယူပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ”နှာ - ၇၆ - ၉၃မှ
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊မတ်လ၊၂၀၀၀】