“ဘ၀ခန္ဓာရဲ့ အလှတန်ဆာ”


မိမိတို့ အမရပူရမြို့တူးမောင်းတိုက်ကို
ပညာသင်ဖို့ ရောက်စလောက်က တိုက်ထဲမှာ
ဦးဣန္ဒကကလေးဆိုတဲ့ ဘုန်းကြီး တစ်ပါးရှိတယ်။
သူ့မှာမွေးရာပါအဖြစ် ပါးစပ်ကရွဲ့နေလို့ လောကအလို
ပြောရမယ်ဆိုရင်တော့ “နှုတ်မလှဘူး” လို့ပဲ
ပြောရမှာပါ။ အဲဒီဘုန်းကြီးက အများသံဃာအသုံးပြုတဲ့
ကုဋီတွေကို နေ့စဉ်ဆေးကျောပြီး ရေစက်မောင်း၊
တံမြက်လှည်းစတဲ့ သံဃာ့ဝေယျာဝစ္စကို
အမြဲဆောင်ရွက်တာဖြစ်လို့ သံဃာများက
လေးစားရိုသေကြပါတယ်။

အဲဒီတုန်းက တူးမောင်တိုက်
ည၀ါအကျော်ဆရာတော်ဘုရားကြီး
သက်တော်ထင်ရှားရှိတုန်းဆိုတော့
ဥပုသ်သီတင်း အဖိတ်နေ့
ညနေပိုင်းဆိုရင် မန္တလေးမြို့ ဘုရားကြီး
တိုက်ဆရာတော် ဘဒ္ဒန္တဥက္ကံသနဲ့
ရွှေရေးဆောင် သဒ္ဒါအကျော်
ဆရာတော် ဘဒ္ဒန္တပဏ္ဍ၀တို့ ဦးဆောင်ပြီး
ဆရာတော်ကြီး သုံးလေးပါးတို့ ကြွရောက်လေ့ရှိပါတယ်။
အဖိတ်နေ့ညနေပိုင်းမှာ သိမ်သင်တန်းပို့ချပြီး၊
ဥပုသ်နေ့ ညပိုင်းရောက်မှ ပြန်ကြွကြပါတယ်။
ဆရာတော်ကြီးများကလည်း သံဃာ့ဝေယျာဝစ္စ
ဆောင်ရွက်နေတဲ့ ဦးဣန္ဒကလေးကို
သိသိမှတ်မှတ် ရှိကြပါတယ်။

တစ်နေ့ဆွမ်းစားအပြီး ရေနွေးဝိုင်းတွင် နေကြရင်း
ဦးဣန္ဒကလေးရဲ့ အကြောင်း ပြောဆိုနေကြရာ
ကျောင်းတိုက်ထဲက ဘုန်းကြီးတစ်ပါးက
“ဦးဣန္ဒက လေးက မွေးရာပါ ပါးစပ်ရွဲ့နေလို့
နှုတ်ကသာ ကျည်းတန်တာ စိတ်ကတော့ အလွန်လှတယ်။
သံဃာ့အပေါ်မှာထားတဲ့ သူရဲ့စေတနာကတော့
ချီးကျူးလောက်ပါတယ်”လို့ မှတ်ချက်ချလိုက်တဲ့အခါ ....

■ရွှေရေးဆောင် ဆရာတော် ဘုရားက
“ကိုယ်တော့်နှုတ်လှတယ်၊ မလှဘူးဆိုတာ
နှုတ်ခမ်းရွဲ့တာတို့၊ သွားခေါတာတို့ ကိုကြည့်ပြီး၊
ဆုံးဖြတ်မယ်ဆိုရင် မြတ်စွာဘုရားအလိုကျဘယ်ဖြစ်မလဲ။
နှုတ်ရဲ့ အလှဆိုတာ နှုတ်ခမ်းရွဲ့တာ၊
တည့်တာနဲ့ဘာမှမဆိုင်ဘူး။ လက္ခဏာတော်ကြီး
ဘုရားရှိခိုးထဲမှာပါသလို သူ့နားမချမ်း၊
ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ်တမာ၊
မပြောဆိုဘဲ ချိုသာအေးကြည် ပြောဆိုလေ့ရှိရင်
ဒီနှုတ်ဟာလှတာပဲ။ဒါမှ တကယ့်ဘုရားရှင်
အလိုကျအလှစစ်”လို့ မိန့်ကြားလိုက်တယ်။

မှန်ပါတယ်။ လူရဲ့ခန္ဓာကိုယ်ကို လူတို့ရဲ့ အပြုအမူ
ကံသုံးပါးနဲ့ ခွဲဝေကြည့် မယ်ဆိုရင် ဇိဝှါဒွါရလို့ခေါ်တဲ့
(နှုတ်-ပါးစပ်)က ၀စီကံရဲ့ ဖြစ်ရာဌာနပါ။
ဟဒယနှလုံးက မနောကံဖြစ်ရာဌာန။
ကျန်တဲ့ စက္ခု၊ သောတ၊ ဃာန၊ ကာယတို့က
ကာယကံရဲ့ ဖြစ်ရာ ဌာနတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀ခန္ဓာရဲ့ အကောင်း၊
အဆိုးကို ပြောလိုတဲ့အခါမှာ အကျဉ်းချုပ်
စကားအဖြစ်နဲ့ “ ကိုယ်၊နှုတ်၊နှလုံး”လို့
သုံးစွဲပြော ဆိုပြောဆိုကြတာပါ။

ဒီသုံးမျိုးထဲမှာ နှလုံးလို့ခေါ်တဲ့
မနောကံရဲ့ ဖြစ်ရာဌာနနဲ့ ပတ်သက်လို့
■အာရုံကို သာမာန်သိမှု စိတ် နဲ့ ၊
■ခွဲခြမ်းသိမှု ပညာ လို့ နှစ်မျိုးထပ်ပြီး
ခွဲခြားနိုင်ပါ တယ်။

လောကမှာ လှပတယ်၊ ကျက်သရေရှိတယ်ဆိုတာဟာ
သင့်လျော် လျောက်ပတ်တဲ့ အဆင်တန်ဆာကို
ဆင်မြန်းတတ်မှု၊ ဆင်မြန်းထားမှ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓအလိုအရ ဘ၀ခန္ဓာကိုအလှဆင်နိုင်ဖို့အတွက်
ဆင်မြန်းစရာ အဆင်တန်ဆာသုံးမျိုးသတ်မှတ်ထားပါတယ်။
မဖြစ်မနေ လိုက်နာကျင့်သုံး ဆင်မြန်းကြရမှာဖြစ်လို့
သိက္ခာသုံးပါးလို့လည်းခေါ်ပါတယ်။

ဘ၀ခန္ဓာကို ဂုဏ်သိက္ခာရှိရှိ တည်ဆောက်နိုင်ဖို့အတွက်
ချမှတ်ပေးထားတဲ့ စည်းကမ်းချက်များဖြစ်လို့
“စည်းကမ်းသုံးမျိုး”လို့လည်း ဆိုနိုင်ပါတယ်။
အဲဒါကတော့ “သီလ၊ သမာဓိ၊ ပညာ” တို့ပဲ ဖြစ်ပါတယ်။

ဒီသုံးမျိုးထဲမှာ
☛သီလဆိုတာ ကိုယ်နဲ့နှုတ်တို့ရဲ့
အဆင်တန်ဆာပါ။
ခန္ဓာ ကိုယ်ဟာ မွေးတွင်းပါအရ ဖြစ်စေ၊
အသက်အရွယ် ကြီးရင့်သွားလို့ပဲဖြစ်စေ။
ဆံဖြူ၊ နားထိုင်း၊ ခါးကိုင်း၊ သွားကြွေ၊
အရေတွန့်တွဲနေပါစေ။ သူ့ အသက်သတ်မှု၊
သူ့ဥစ္စာခိုးမှုဆိုတဲ့ ဒုစရိုက်တွေ ကင်းစင်ပြီး၊
သူ့အကျိုးကို ကာကွယ်ပေးခြင်း၊ စောင့်ရှောက်ပေးခြင်း
ဆိုတဲ့ကာယကံနဲ့ပတ်သက်တဲ့ ၀ါရိတ္တ ၊စာရိတ္တ
သီလနဲ့ ပြည့် စုံအောင် တန်ဆာဆင်ပေးမယ်ဆိုရင်
ဒီခန္ဓာကိုယ်ဟာ လှပပြီး အမြဲကျက်သရေ ရှိနေပါတယ်။

☛နှုတ်ကလည်း လိမ်ညာ ကုန်းချော၊ ကြမ်းကြုတ်၊
အကျိုးမဲ့စကားတွေ ရှောင်ကြဉ်ပြီး မှန်ကန်မှု၊
သင့်မြတ်ညီညွတ်မှု၊ နာဝင်ချိုသာမှုနဲ့ အကျိုးဖြစ်ထွန်းမှု
ရှိတဲ့ စကားတွေကိုသာ ပြောဆိုလေ့ရှိရင် ဒီနှုတ်ဟာ
အမြဲတမ်းလှပပြီး ကျက်သရေ ရှိနေတာပါပဲ။

အမှန်ကတော့ အရပ်စကားအရသာ လှပတယ်၊
ကျက်သရေရှိတယ်လို့ ပြောလိုက်ရတာပါ။
ဓမ္မဂုဏ်သိက္ခာအရ အတိအကျ ပြောရင် ပိုပြီး
ဂုဏ်မြောက်တဲ့ ဝေါဟာရနဲ့ “မြင့်မြတ်တယ်”လို့
ပြောရမှာ ဖြစ်ပါတယ်။
“သီလဆိုတာ အရွယ်မရွေးအတင့်တယ်ဆုံး၊
အလှပဆုံးနဲ့ အမြင့်မြတ်ဆုံး၊ အဆင် တန်ဆာဖြစ်တယ်”
ဆိုတာ မြတ်ဗုဒ္ဓရဲ့ မှတ်ချက်စကားဖြစ်ပါတယ်။

☛သမာဓိသိက္ခာဆိုတာ စိတ်ရဲ့စည်းကမ်း စိတ်ရဲ့
အဆင်တန်ဆာဖြစ်ပါတယ်။ စိတ်ဟာ ကမ္မဌာန်းအာရုံနဲ့
ပွားထုံပြီး သမာဓိရအောင် တည်ဆောက်ထားမှ
စည်းကမ်းရှိတဲ့စိတ်၊ ကျက်သရေမင်္ဂလာ ဂုဏ်သိက္ခာနဲ့
ပြည့်စုံတဲ့ မြင့်မြတ်တဲ့စိတ်လို့ ဆိုနိုင်ပါတယ်။
သမာဓိမရှိ ၊လေလွင့်တုန်လှုပ်နေတဲ့စိတ်ဟာ
ဘယ်တော့မှ စိတ်ကောင်းမဖြစ်နိုင်ပါဘူး။
စိတ်ကောင်းမဟုတ်တဲ့အတွက် ကျက်သရေမင်္ဂလာ
ဂုဏ်သိက္ခာမဲ့တဲ့ စိတ်ယုတ်၊စိတ်ညံ့လို့ပဲ ဆိုရမှာပါ။

☛ပညာသိက္ခာဆိုတာ အသိဉာဏ်ဗဟုသုတတို့ရဲ့
စည်းကမ်း အဆင်တန်း ဆာဖြစ်ပါတယ်။
ဘယ်လောက် ဗဟုသုတတွေ ကြွယ်ဝပြီး ၊
လောကရဲ့ သတ်မှတ် ချက်အရ ဘယ်လို
ပညာတွေ ပြည့်စုံတတ်ကျွမ်းနေတယ်ပဲ ဆိုဆို ၊
အနည်းဆုံး ဘ၀ခန္ဓာရဲ့ ပကတိသဘောမှန်ဖြစ်တဲ့
ဖြစ်မှု ပျက်မှုကို အဟုတ်အမှန် ထိုးထွင်း သိမြင်တတ်တဲ့
“၀ိပဿနာ ပညာ” နဲ့ တန်ဆာဆင် မထားဘူး
ဆိုရင် ဒီအသိ၊ ဒီပညာ ဟာ မြင့်မြံတဲ့ အသိပညာမှန်
မဟုတ်နိုင်သေးပါဘူး။

ပညာသိက္ခာ၊ ပညာတန်ဆာဟာ ဘ၀ခန္ဓာ
တစ်ခုလုံးအတွက် အရေးအကြီးဆုံး အဆင်တန်ဆာ
ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က…

“ဘ၀ခန္ဓာရဲ့ ဖြစ်မှုပျက်မှုကို သိတတ်တဲ့ ၀ိပဿနာ
ဉာဏ်ပညာမပါဘဲ အနှစ်တစ်ရာ အသက်ရှည်
နေရတာထက် ၀ိပဿနာဉာဏ် ပညာနဲ့ တစ်ရက်
တစ်ညဥ့်လောက် အသက်ရှင်ရတာက မြတ်တယ်”
လို့ မိန့်ကြားခဲ့တာပါ။

ဒါကိုခြုံပြီး သုံးသပ်ကြည့်လိုက်ရင် ဘ၀ခန္ဓာရဲ့
လှပတင့်တယ်မှု၊ ကျက်သ ရေမင်္ဂလာရှိမှု၊
မြင့်မြတ်မှုဆိုတာ မွေးတွင်းပါ ခန္ဓာအချိုးအစားနဲ့
မဆိုင်ဘဲ မိမိ ကိုယ်တိုင်တည်ဆောက်
ကျင့်သုံးဆင်မြန်းထားတဲ့ “သိက္ခာသုံးပါး”နဲ့သာ
ဆိုင်တယ် ဆိုတာ သဘောပေါက်လောက်ပါတယ်။

ဒါကြောင့် ဘ၀ခန္ဓာတစ်ခုဟာ အတိက်ကံ
အထောက်အပံ့အရ မွေးရာပါ ရုပ်အဆင်းက
ဦးဘိုးစိန်ကြီးရဲ့ သီချင်းထဲကလို
“ မညို မဖြူ၊ မဆူ မကြုံ၊ မမြင့် မနိမ့်၊ အမှုစုံ
တစိမ့်စိမ့်နဲ့ ကင်းခြောက်ပြစ်တဲ့သူ” ပဲဖြစ်ဖြစ်၊
“ကောင်းခြင်း ငါးဖြာ၊ ကင်းကွာခြောက်ပြစ်၊
နတ်အစစ်လား လူပဲလား”လို့ ခွဲခြားမရလောက်အောင်
လှပသူလို့ပဲ ဆိုဆို၊“ ပြစ်မျိုးမှည့်မထင်”လို့ပဲ ထင်ထင်၊
“နှုတ်ကြမ်း၊ ကိုယ် ယုတ်၊ စိတ်ထားပုပ်အောင်
ဒုစရိုက်တရားတွေ လွမ်းမိုးနေပြီဆိုရင် ဘယ်လိုမှ
အထူးမှည့်ခေါ် စရာမလိုဘဲ ကမ္မသတ္တိသဘောအတိုင်း
အပြစ်မျိုးစုံ ထင်ကျန်နေမှာ ဖြစ်လို့ ဓမ္မသဘောအရ
အကျည်းအတန်ဆုံး “ပြစ်မျိုးစုံ မှဲ့ လို့ထင်” သူသာ
ဖြစ်လိမ့်မယ်။”

မြတ်စွာဘုရားဆင်မြန်းစေလိုတဲ့ သိက္ခာသုံးရပ်
စည်းကမ်းသုံးဖြာကို ဘ၀ ခန္ဓာမှာ အလှဆင်ထားနိုင်သူ
အဖို့တော့ မွေးရာပါ ကံဝဋ်ကြွေးအရ--

●စက္ခုပါလ မထေရ်တို့လို မျက်စိနှစ်ကွင်း
အလင်းမရကြသူတွေပဲဖြစ်ဖြစ်၊
●ခုဇ္ဇုတ္တရာလို ကုန်းကွနေသူတွေပဲဖြစ်ဖြစ်၊
●သုပ္ပဗုဒ္ဓသီတင်းသည်လို
အရေပြား ရောဂါသည်တွေပဲ ဖြစ်ဖြစ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
မြတ်ဗုဒ္ဓကိုယ်တိုင် နှုတ်မြွတ်ချီးကျူးရလောက်အောင်
ဂုဏ်ကျက်သရေ အပေါင်းနဲ့ ပြည့်စုံနိုင်ကြတာမို့ မိမိတို့ရဲ့
ဘ၀ခန္ဓာကို ကိုယ်ပိုင်အလှရတနာတို့နဲ့
ပြည့်စုံတင့်တယ်အောင် စနစ်တကျ
အားထုတ်ဆင်မြန်းနိုင်ကြပါစေသော်ဝ်….။
-【ဆရာတော်ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)】
Posted by►
www.facebook.com/youngbuddhistassociation.mm