တချို့လူတွေက အခက်အခဲမရှိတဲ့ ဘဝမျိုးကို တောင့်တတယ်။
Some people wish for a life of no problems.
ဆုတောင်းကြတယ်- အခက်အခဲမရှိတဲ့ ဘဝမျိုး ရပါလို၏တဲ့။
ဒကာမကြီးတစ်ယောက်ရှိတယ်၊ တရားဝါသနာပါတယ်။
သူက ဘုန်းကြီးနဲ့ တွေ့တဲ့အခါ၊ သူ့ဆုတောင်းလေးကို
ပြောပြတယ်။
“တပည့်တော်တော့ ဆုတောင်းတယ်ဘုရား။
ဖြစ်လေရာဘဝမှာ လူဆိုးတွေ၊ လူမိုက်တွေ၊
လူယုတ်မာတွေနဲ့ မတွေ့ရပါလို၏လို့ ဆုတောင်းပါတယ်”တဲ့။

ဆုတောင်းလေးက ကောင်းပါတယ်။
မကောင်းဘူးလို့ မဆိုလိုပါဘူးနော်။
ဒါပေမဲ့ တကယ့်လက်တွေ့ မျက်မှောက် ဖြစ်နေတဲ့
အခြေအနေကို ကြည့်ပါ။
လူဆိုး၊ လူမိုက်၊ လူယုတ်မာတွေနဲ့ လုံးလုံးကြီး
ကင်းလို့ ရသလား။ မရနိုင်ပါဘူး။
သဘာဝကျတာကို စဉ်းစားပါ။
အဲဒီတော့ ဘုန်းကြီးက ဘယ်လို ပြန်ပြောလိုက်လဲ ဆိုတော့
“ဒကာမကြီး ဆုတောင်းက ပြည့်နိုင်မယ် ဆိုရင်တော့
အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ပြည့်နိုင်ဖို့ အလားအလာတော့
အလွန့်အလွန်နည်းပါတယ်” လို့။

မြတ်စွာဘုရားတောင်မှ အဲဒီဆုတောင်း မပြည့်ခဲ့ပါဘူးနော်။
မြတ်စွာဘုရားကို “အပြစ်တင်တဲ့လူတွေ၊ ကဲ့ရဲ့တဲ့လူတွေ၊
စွပ်စွဲတဲ့သူတွေ၊ အသက် အန္တရာယ်တောင် ဖြစ်အောင်
လုပ်တဲ့သူတွေ၊ ရှိခဲ့တာပါပဲ။
ဘုရားတောင် မပြည့်တဲ့ဆုကို ဘယ်သူက တောင်းလို့
ပြည့်သွားမယ်ထင်တုန်း။မပြည့်နိုင်ဘူးနော်။

ဒါကြောင့် ဘုန်းကြီးက ဘယ်လိုပြန်ပြောရလဲဆိုတော့
“ဒကာမကြီး ဆုတောင်းလေးကို ပြင်နိုင်မယ် ဆိုရင်တော့
တော်တော်ကောင်းမယ်။ အဲဒီ လူဆိုးတွေ ၊လူမိုက်တွေ၊
လူယုတ်မာတွေ (သူ ပြောသလိုပဲ) နဲ့ တွေ့ရတဲ့အခါမှာ
သူတို့ ဆိုးသလို ၊မိုက်သလို၊ယုတ်မာသလို
ကိုယ်က လိုက်မလုပ်မိဖို့ အရေးကြီးတယ်။
သူတို့နဲ့ တွေ့ရတဲ့အခါမှာ ကိုယ့်အတွက်လည်း
အန္တရာယ် မရှိအောင် နေတတ်၊ထိုင်တတ်ဖို့နဲ့
သဘောထားကြီးဖို့၊ ခွင့်လွှတ်နိုင်ဖို့၊ အဲဒီလို ဉာဏ်ပညာမျိုး၊
ရင့်ကျက်မှုမျိုး ရပါလို၏ လို့ တောင်းရင်တော့
ပိုကောင်းမယ်ထင်တယ်။”

ကိုယ့်ကိုယ်ကို ကိုယ်ပဲ တာဝန်ယူမှ ရတယ်နော်။
သူတို့ မရှိရင်ကောင်းမှာပဲလို့ တွေးလို့မဖြစ်ဘူး။
သူတို့ကတော့ ရှိနေမှာပဲ။
သူတို့မရှိတဲ့နေရာ သွားနေမယ်ဆိုတော့လည်း
ဘယ်နေရာမှာ သွားနေမှာလဲ။
အဲဒီနေရာမျိုး ဘယ်မှာရှိလဲ။မရှိဘူး။
အဲဒါကြောင့် ကိုယ့်အတွင်းစိတ်ဓာတ်ကိုပဲ
“ပိုပြီးတော့ အသိဉာဏ် ကြီးအောင်၊
ပိုပြီးတော့ ရင့်ကျက်အောင် လုပ်နိုင်တဲ့သူ ဖြစ်ရပါလို၏”
လို့ တောင်းမယ်ဆိုရင်တော့ ပိုကောင်းမှာပဲ။

●ဒီဘုန်းကြီးကတော့ အဲဒီလို အခက်အခဲမရှိတဲ့
ဘဝမျိုးကို ဘယ်တော့မှ မတောင့်တပါဘူး။
အခက်အခဲတွေကို များများရင်ဆိုင်ပြီးတော့
သတိကြီးကြီး၊ ဉာဏ်ကြီးကြီး၊သဘောထားကြီးကြီးနဲ့
ဖြေရှင်းနိုင်တဲ့သူ၊ ကျော်လွှားနိုင်တဲ့သူပဲ ဖြစ်ရပါလို၏။

But I would never wish such a life for any of you.
What I wish for is the great inner strength
to solve your problems meaningfully and grow.

●အခက်အခဲမရှိတဲ့ဘဝ သက်သက်သာသာနေရတဲ့
ဘဝမျိုးကို ရပါစေလို့ ဘယ်သူ့အတွက်မှ ဆုမတောင်းဘူး။
ကိုယ့်ဘဝမှာ တွေ့ကြုံလာတဲ့ အခက်အခဲတွေကို
-စိတ်ဓာတ်အင်အားကြီးကြီး၊
ဉာဏ်အင်အားကြီးကြီးနဲ့
ရင်ဆိုင်ပြီးတော့ကျော်လွှားနိုင်ဖို့၊
-ပြဿနာကို ဖြေရှင်းနိုင်တဲ့နေရာမှာ အဓိပ္ပာယ်ရှိရှိ
ဖြေရှင်းလိုက်ပြီးတိုင်း ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊
သဘောထားကြီးတဲ့သူ ဖြစ်လာဖို့ ၊
-လူကြီးဖြစ်လာဖို့
အဲဒီလို ဆုမျိုးပဲ တောင်းချင်ပါတယ်။

ကိုယ့်တစ်ဦးတည်း အဆင်ပြေဖို့ မဟုတ်ဘူး။
အားလုံးအတွက် အဆင်ပြေသွားအောင်
ပြဿနာကို ဖြေရှင်းပေးဖို့ လိုသေးတယ်နော်။
ပြဿနာကို ဖြေရှင်းပြီးတိုင်း၊ဖြေရှင်းပြီးတိုင်း
ပိုပြီးတော့ အသိဉာဏ်ကြီးတဲ့သူ၊
သဘောထားကြီးတဲ့သူ ဖြစ်လာဖို့၊ လူကြီးဖြစ်လာဖို့။

ပြဿနာဟာ လူတစ်ယောက်ကို ပိုပြီးတော့
လူကြီးဖြစ်အောင် စမ်းပေးတဲ့ စာမေးပွဲနဲ့ တူပါတယ်။
Problems are learning and growing experiences.
ပြဿနာတွေ၊ အခက်အခဲတွေ၊ ဒုက္ခတွေ ဆိုတာဟာ
ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါပဲ။
အဲဒီအတွေ့အကြုံမျိုး မရှိရင်၊ အဲဒီပညာ မရနိုင်ဘူး။
အဲဒီအသိဉာဏ် စိတ်ဓာတ်မျိုး မရနိုင်ဘူး။
ရင့်ကျက်မှု မရနိုင်ဘူး။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【ဆရာတော်ဦးဇောတိက၊မဟာမြိုင်တောရ၏
“အခွင့်အရေး နှင့် တာဝန်”မှ- ကောက်နှုတ် ကူးယူ
ပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm