လောကမှာ ရှိရှိသမျှအပြစ်အားလုံးထဲမှာ
“ဒေါသအပြစ်” ဟာ “အနှိုင်းမဲ့ အပြစ်”ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒေါသအပြစ်ထက်ပိုပြီး ကိုယ့်စိတ်၊
ကိုယ့်ဘဝကို ပျက်စီး စေတတ်ပါတယ်၊
ဖျက်ဆီးတတ်ပါတယ်လို့ နှိုင်းယှဉ်ရာ၊ အစားထိုးစရာ၊
ထပ်တူပြုစရာတခြားအပြစ် မရှိတော့လို့ ပါပဲ။

ဒေါသအပြစ်နဲ့ လဲလှယ်သင့်၊ လဲလှယ်ထိုက်တဲ့
တခြားအပြစ် လောကမှာမရှိတော့တဲ့အတွက်
ဒေါသအပြစ်ဟာ “အနှိုင်းမဲ့အပြစ်” ဖြစ်ရပါတယ်။

ကျူးလွန်သူကို ပျက်စီးစေတတ်တဲ့သဘော၊
ဖျက်ဆီးတတ်တဲ့သဘောကို အပြစ်လို့ ခေါ်ပါတယ်။
အပြစ်မှန်သမျှ အပြစ်ကျူးလွန်သူကို
ဆိုးကျိုးအမျိုးမျိုး၊ ဆင်းရဲဒုက္ခ အမျိုးမျိုး နဲ့
ပျက်စီးအောင် ဖျက်ဆီးတတ် ပါတယ်။

အပြစ်တစ်ခုခု ကျူးလွန်လိုက်လို့
ကောင်းကျိုးချမ်းသာတွေ ရရှိသွားတယ်။
စိတ်ဓာတ်နဲ့ ဘဝပြည့်စုံသွားတယ်ဆိုတာမရှိပါဘူး ။
ဆိုးကျိုးဆင်းရဲတွေ၊စိတ်ဓာတ် နဲ့ ဘဝ
ပျက်စီးမှုတွေကိုသာ တွေ့ကြုံရင်ဆိုင်ရမှာပါ။

လူသားတွေရဲ့ စိတ်ဓာတ်နဲ့ ဘဝ ကို
ပျက်စီးအောင် ဖျက်စီးတတ်တဲ့ အပြစ်တွေအားလုံးထဲမှာ
“ဒေါသအပြစ်” ဟာ အဆိုးဝါးဆုံး အပြစ်၊
ကြောက်မက်ဖွယ် အကောင်းဆုံးအပြစ်၊ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒေါသဆိုတဲ့ စကားလုံးကိုယ်တိုင်က
“အပြစ်” ဖြစ်နေလို့ပါပဲ။

“ဒေါသ”ဆိုတဲ့ စကားလုံးက မြန်မာစကားလုံး
မဟုတ်ပါဘူး။ပါဠိ စကားလုံး ပါ။
“ဒေါသ” ဆိုတဲ့ ပါဠိစကားလုံးက ထွက်တဲ့
အဓိပ္ပါယ်တွေထဲက တစ်ခုကတော့
“အပြစ်”ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ခန္ဓာကိုယ်မှာ သည်းခြေတို့၊ သလိပ်တို့၊
လေတို့ ပုံမာန် ထက် ဖောက်ပြန်လာပြီဆိုရင်၊
သည်းခြေဒေါသထူပြောတယ်၊ သလိပ်ဒေါသများတယ်၊
လေဒေါသသင့်တယ်လို့ ပြောလေ့ရှိကြပါတယ်။
သည်းခြေ၊ သလိပ်၊ လေတွေဟာ အပြစ်ဖြစ်နေတယ်၊
ပျက်စီးနေတယ်လို့ ဆိုလိုပါတယ်။ အပြစ်ဆိုတာ
ပျက်စီးခြင်းကို ပြောတာပါပဲ။

ကိလေသာ စာရင်းဝင်တဲ့ ဒေါသဟာလည်း သူ့ကို
လက်ခံသိမ်းပိုက်တဲ့ ပုဂ္ဂိုလ် အပြစ် ပေးပါတယ်။
ပျက်စီး စေပါတယ်။
ဒေါသကြီးရင်ကြီးသလောက် ဒေါသပိုင်ရှင်မှာ
အပြစ်ကြီးရ၊ပျက်စီးရပါတယ်။

“ဒေါသ” ဆိုတဲ့နေရာမှာ
“စိတ်တိုတာ၊စိတ်ဆိုးတာ၊စိတ်ပျက်တာ၊
စိတ်ညစ်တာ၊စိတ်ကောက်တာ ၊ အမျက်ထွက်တာ၊
ရန်ငြိုးဖွဲ့တာ ၊ ကလဲ့စားချေတာ၊
ဝမ်းနည်းတာ၊ ပူဆွေးတာ၊ လွမ်းဆွတ်တာ၊
စိုးရိမ်တာ၊ ကြောက်ရွံ့တာ၊ ငိုကြွေးတာ....”
အားလုံး ပါဝင်ပါတယ်။ ဒါတွေအားလုံးဟာ ဒေါသသဘော၊
ဒေါသလက္ခဏာတွေချည်းပါပဲ။

ဒေါသကဘာတွေကို ပျက်စီးစေတတ်တာလဲ။
ဘာတွေကို ဖျက်စီးစေတတ်တာလဲ ဆိုရင်တော့
နှစ်ဖက် ၊ နှစ်ဖက်ကို ပျက်စီးစေတတ်ပါတယ်။
နှစ်ဖက် ၊ နှစ်ဖက်ကို ဖျက်ဆီးတတ်ပါတယ်။
ဒေါသကြောင့် နှစ်ဖက် ၊ နှစ်ဖက် ပျက်စီးရပါတယ်။

ကိုယ် နဲ့ စိတ် ဆိုတဲ့ နှစ်ဖက်
မိမိအကျိုးနဲ့ သူတစ်ပါး အကျိုးဆိုတဲ့ နှစ်ဖက်၊
ပစ္စုပ္ပန် အကျိုးနဲ့ တမလွန်အကျိုးဆိုတဲ့ နှစ်ဖက်
အဲဒီလိုအားဖြင့် ဒေါသကြောင့် နှစ်ဖက်နှစ်ဖက်
ပျက်စီးရပါတယ်။

နဂိုက ရုပ်ရည် ဘယ်လောက်ပဲ ချောမောလှပပါစေ၊
ဒေါသဝင်လာပြီဆိုရင် အရုပ်ဆိုး အကျည်းတန်သွားပါတယ်။
ဒေါသဟာလူရဲ့ ပင်ကို ရုပ်အဆင်းကို ဖောက်ပြန်
ပျက်စီးသွားစေပါတယ်။
ကိုယ်အမူအရာ၊နှုတ်အမူအရာတွေ ကြမ်းတမ်းရိုင်းပျ
မဲ့ရွဲ့စုတ်ပြတ်ပြီး ကျက်သရေယုတ်သွားစေပါတယ်။

အသားဖြူတဲ့လူ ဒေါသဖြစ်ရင် အသားနီသွားမယ်။
အသားနီတဲ့လူ ဒေါသဖြစ်ရင် အသားညိုသွားမယ်။
အသားညိုတဲ့လူ ဒေါသဖြစ်ရင် အသားပြာသွားမယ်။
အသားပြာတဲ့လူ ဒေါသဖြစ်ရင် အသားမည်းသွားမယ်၊
အသားမည်းတဲ့လူ ဒေါသဖြစ်ရင် အသားမှောင်သွားမယ်။
မှောင်ပြီးရင်တော့ ဘာမှ မကျန်တော့ဘူး။
လဲသေဖို့ပဲရှိတော့တယ်။
ဒါက ဒေါသကြောင့် ကိုယ်ပျက်စီးပုံ နမူနာပါ။

ဒေါသကြောင့် စိတ်ပျက်စီးပုံကတော့
နဂိုက စိတ်သဘောထား ဘယ်လောက်ကောင်းကောင်း၊
ဒေါသ၀င်လာရင် စိတ်သဘောထား ဆိုးသွားပါတယ်။
နဂိုကစိတ်နေ ဘယ်လောက်နူးညံ့နူးညံ့၊
ဒေါသ၀င်လာရင် စိတ်နေကြမ်းတမ်းသွားပါတယ်။
နဂိုက စိတ်ဓါတ်ဘယ်လောက်မြင့်မြတ်မြင့်မြတ်
ဒေါသ၀င်လာရင် စိတ်ဓါတ်ယုတ်ညံ့သွားပါတယ်။
စိတ်ဓါတ်အောက်တန်းကျသွားပါတယ်။

■သာမန်ပုထုဇဉ်ဆိုတာ အသာထားလိုက်ပါဦး။
ဘုရားဖြစ်ဖို့ တစ်ဘဝခြားသာလိုတော့တဲ့
ဘုရားလောင်းအရင့်အမာ ဝေဿန္တရာမင်းကြီးတောင်မှ
သားတော် ဇာလီ နဲ့ သမီးတော် ကဏှာဇိန်ကို
ဆူးကြိမ်လုံးနဲ့ ရိုက်နေတဲ့ “ဇူဇကာ ပုဏ္ဏားကြီး”ကို
ကိုယ်တော်တိုင် သတ်ဖြစ်ဖို့ ကြံစည်စိတ်ကူးမိတဲ့ အထိ
ဒေါသရဲ့ စိတ်ဓာတ်ဖျက်စီးမှုကို ခံခဲ့ရပါသေးတယ်။

ဘုရားလောင်းအရင့်အမာ ပုဂ္ဂိုလ်ကြီးကိုတောင်မှ
လူသတ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဖျက်ဆီးနိုင်တဲ့
တရားဟာ “အပြစ်”လို့ နာမည်ရတဲ့ ဒေါသတရားပါ။
သာမာန် လူတွေအပေါ် ဒေါသရဲ့ စိတ်ဓာတ်ဖျက်ဆီးရေး
လုပ်နေပုံကတော့ မတွေးရဲအောင် ကြောက်ဖွယ်
ကောင်းလှပါတယ်။

အဲဒီလိုအားဖြင့် ကိုယ်နဲ့စိတ်ဆိုတဲ့ နှစ်ဖက်ကို
ပျက်စီးအောင်၊ဖျက်ဆီးတတ်လို့လည်း
ဒေါသကို ဒေါသလို့ ခေါ်ပါတယ်။
ဒေါသဝင်လာရင် ဒေါသပိုင်ရှင်မှာ အနည်းဆုံး
စိတ်ပူလောင်မှု၊ စိတ်ပင်ပန်းမှု၊စိတ်ဆင်းရဲမှုကို
ခံစားရပါတယ်။ စိတ်ထဲမှာ ဒေါသဖြစ်ရုံနဲ့ မကျေနပ်ဘဲ၊
အော်ဟစ် ဆဲဆို ကြိမ်းမောင်း ရိုက်ပုတ်ဦးမယ် ဆိုရင်တော့
နှုတ်လည်းပင်ပန်းဆင်းရဲ၊ ကိုယ်လည်းပင်ပန်းဆင်းရဲပါတယ်။

ဒေါသ အထွက်ခံရတဲ့ သူမှာလည်း ပြန်မပြောသာ၊
ပြန်မလုပ်သာလို့ ခေါင်းငုံ့ခံနေရရင်တောင်
စိတ်ထဲမှာတော့ ပူလောင် ပင်ပန်းဆင်းရဲနေရ ပါတယ်။
ပြန်ပြောသာ၊ပြန်လုပ်သာလို့ ပြန်ပြော၊
ပြန်လုပ်ခဲ့မယ် ဆိုရင်တော့ ကိုယ်ရောနှုတ်ပါ
ပူလောင် ပင်ပန်း ဆင်းရဲရတော့မှာ ပါပဲ။

အပြန်အလှန် ဒေါသကိုလိုက်ပြီး တုံ့ပြန်နေရတဲ့အတွက်
နှစ်ဦးနှစ်ဖက်စလုံး အကျိုးမဲ့ အချိန်ကုန်ရပါတယ်။
လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေ မလုပ်ဖြစ်တော့ဘဲ
အလုပ်ပျက်သွားတဲ့အတွက် ရသင့်ရထိုက်တဲ့
ကောင်းကျိုးချမ်းသာတွေ ဆုံးရှုံးရပါတယ်။
အဲဒီလိုအားဖြင့် မိမိအကျိုး သူတစ်ပါးအကျိုးဆိုတဲ့
နှစ်ဖက်ကို ပျက်စီးအောင် ဖျက်ဆီးတတ်လို့
“ဒေါသ” လို့ ခေါ်တာဖြစ်ပါတယ်။

ဒေါသလွှမ်းမိုးနေတဲ့ သူအတွက် မပြောရဲတဲ့စကား၊
မပြုရဲတဲ့အလုပ်ဆိုတာ မရှိတော့ပါဘူး။
ဘာမဆိုပြောရဲ၊ ဘာမဆိုပြုရဲပါတယ်။
ဒေါသ လွှမ်းမိုးနေသူရဲ့ သန္တာန်မှာ အသိဥာဏ်
အမှောင်ကျပြီး မပြောသင့်တာကို
ပြောသင့်တယ်ထင်၊ မပြုသင့်တာကိုပြု
သင့်တယ် ထင်နေတဲ့အတွက် သူပြောလိုက်သမျှ၊
သူပြုလိုက်သမျှ အရာအားလုံးဟာ
အပြောမှား၊ အပြုမှားတွေချည်းပဲ ဖြစ်နေတတ်ပါတယ်။

အပြောမှား၊ အပြုမှားတွေရဲ့ လက်ဆောင်ကတော့
ဒေါသမထွက်ရင် ရလာမယ့် ကောင်းကျိုးချမ်းသာတွေ
လက်လွတ်ဆုံးရှုံးသွားရခြင်း ပါပဲ။
ဒေါသကို အခြေခံတဲ့ အပြောမှား၊ အပြုမှားတွေကြောင့်
စည်းစိမ် ဥစ္စာ၊ ရာထူး အာဏာ၊ ချစ်သူ ခင်သူ၊ မိတ်ကောင်း
ဆွေကောင်း အစရှိတဲ့ ပစ္စုပ္ပန်ကောင်းကျိုးချမ်းသာတွေ
တစ်မျိုးမဟုတ် တစ်မျိုး လက်လွှတ် ဆုံးရှုံးရပါတယ်။
အသေချာဆုံး ဆုံးရှုံးမှုကတော့ စိတ်ချမ်းသာမှု နဲ့
စိတ် အေးချမ်းမှုပါပဲ။

ဒေါသသွေး ပွက်ပွက်ဆူနေတဲ့ သူဟာ
အမေရင်းကိုလည်း သတ်ရဲပါတယ်၊
အဖေရင်းကိုလည်း သတ်ရဲပါတယ်။
ဘုရား ရဟန္တာ အရိယာသူမြတ်တွေကိုလည်း
သတ်ရဲပါတယ်။ တစ်လောကလုံးမှာ အချစ်ဆုံးပါ
လို့ဆိုတဲ့ ကိုယ့်ကိုယ်ကိုလည်း သတ်ရဲပါတယ်။

အထွတ်အထိပ်တွေကိုတောင် လက်ရဲဇက်ရဲ ၊
သတ်ဖြတ်ရဲနေမှတော့ ဒေါသ သမား မမှားရဲတဲ့အမှား
ဆိုတာ မရှိတော့ပါဘူး။ ဒေါသဘီလူးမပူးရဲတဲ့
မကောင်းမှုဆိုတာမရှိတော့ ပါဘူး။
ဒေါသငမူး မကျူးရဲတဲ့ ဒုစရိုက်ဆိုတာ မရှိတော့ပါဘူး။
မှားရဲ ၊ ပူးရဲ ၊ ကျူးရဲတဲ့ ဒေါသ နောက်လိုက်
လူ့ငမိုက်အတွက် တမလွန် သွားရာ လမ်းကတော့
“အပါယ်လေးဘုံ” ကလွဲပြီး ဘယ်ဘုံများ ရှိဦးမှာတဲ့လဲ။

အပါယ်လေးဘုံက လွတ်လာပြန်တော့လည်း
“ဝဋ်လည်ခြင်း၊ တုံ့ပြန်ဒဏ်ခံရခြင်း” အစရှိတဲ့
ဆိုးကျိုးဆင်းရဲတွေကို တနင့်တပိုး ခံစားရပါဦးမယ်။
အဲဒီလိုအားဖြင့် ပစ္စုပ္ပန်ကောင်းကျိုး ၊
တမလွန်အကျိုးဆိုတဲ့ နှစ်ဖက်ကိုလည်း
ပျက်စီးအောင် ဖျက်ဆီးတတ်လို့လည်း
ဒေါသကို “ဒေါသ” လို့ ခေါ်ပါတယ်။

တစ်ချိန်တုန်းက သာဝတ္ထိမြို့မှာ
“နူးညံ့သိမ်မွေ့တယ်၊ နှိမ့်ချတတ်တယ်၊
ငြိမ်းအေးမှုရှိတယ်”လို့ ဂုဏ်သတင်းကျော်စောတဲ့
“ဝေဒေဟိကာ” ဆိုတဲ့ အိမ်ရှင်မတစ်ဦးရှိခဲ့ဖူးပါတယ်။
“ဝေဒေဟိကာ တို့ကတော့ သိပ်ကို ဒေါသကင်းစင်တာပဲ”
သူမကို လူတကာချီးမွမ်းကြပါတယ်။

သူမမှာ ဒေါသတကယ်ရှိမရှိ စမ်းသပ်ကြည့်ချင်တဲ့ သူမရဲ့
အိမ်ဖော်မလေး “ကာဠီ”ဟာ တစ်နေ့တော့ နေမြင့်မှ
အိပ်ရာကထပါတယ်။
ခါတိုင်းလို နံနက်စောစော အိပ်ရာ မထတဲ့ ကာဠီကို
သူမ က အကြောင်းအကျိုးမေးကြည့်ပါတယ။်
“ဟဲ့ ... ကာဠီ ၊ ညည်း ဘာလို့ ဒီနေ့ အိပ်ရာထ
နောက်ကျရတာလဲ။”
“အကြောင်းထူး ရယ်လို့တော့ ဘာမှမရှိပါဘူး၊
မထချင်သေးတာ နဲ့ တမင် မထဘဲ နေတာပါ။”

“ဟဲ့ ... ကောင်မရဲ့၊ ကျွန်မရဲ့ ...၊
ဘာအကြောင်းမှ မရှိဘဲ နေမြင့်မှ ထရသလားဟဲ့”
အဲဒီလို စိတ်ဆိုးမာန်ဆိုး ပြောဆိုပြီး မျက်မှောင်ကုတ်၊
မျက်စောင်းထိုး ထွက်သွားတဲ့ သူမကို ပြုံးကြည့်ရင်း
ကာဠီက “အော် ...ငါသခင်မမှာ
ဒေါသရှိသားပဲ၊ ခါတိုင်းငါကောင်းနေလို့သာ
သူဒေါသမထွက်ပါလား”လို့ နှလုံးသွင်းလိုက်မိပါတယ်။

နောက်တစ်နေ့ ဆက်ပြီး စမ်းသပ်တဲ့အခါမှာတော့
မျက်မှောင်ကုတ်၊ မျက်စောင်းထိုးရုံတင် မကတော့ပါဘူး။
ရုန့်ရင်းကြမ်းတမ်းတဲ့စကားတွေ၊အယုတ္တ ၊
အနတ္တ စကားတွေ ၊မကြားဝံ့ မနာသာ ပျစ်ပျစ်နှစ်နှစ်
ဆဲဆို ကြိမ်းမောင်း တော့တာပါပဲ။

တတိယနေ့ ဆက်ပြီး စမ်းသပ်တဲ့အခါမှာတော့
ဆဲဆိုကြိမ်းမောင်း ရုံတင် မကတော့ဘဲ၊
ဒေါသထွက်ထွက်နဲ့ တံခါးမင်းတုပ်တစ်ခု ဆွဲယူပြီး၊
အားရပါးရ ခေါင်းကရိုက်ထည့်လိုက်တာ ကာဠီအိမ်ဖော်မ
ခေါင်းကွဲပါလေရောလား။

ဒေါသဖြစ်စရာမရှိလို့ ဒေါသမထွက်တာ
ဘာမှမထူးဆန်းပါဘူး။
ချီးမွမ်းစရာလည်း မဟုတ်ပါဘူး။
ဒေါသဖြစ်လောက်တဲ့ အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့ မတွေ့ကြုံသေးလို့ ဒေါသမထွက်တဲ့သူကို
“ဒေါသကင်းသူ” လို့ မဆိုနိုင်ပါဘူး။
ဒေါသဖြစ်လောက်တဲ့ အကြောင်းတရားတွေ၊
အဖြစ်အပျက်တွေနဲ့ ပက်ပင်းတွေ့ ကြုံနေပါလျှက်နဲ့
ဒေါသမထွက်တဲ့သူကို “ဒေါသကင်းသူ”လို့ ဆိုနိုင်ပါတယ်။
ချီးမွမ်းစရာလည်း ကောင်းပါတယ်။

ဒေါသဖြစ်စရာ မကြုံရသေးလို့ ဒေါသ မထွက်တဲ့ အလုပ်ကို
လူတိုင်း လုပ်နိုင်ပါတယ်။ တိရစ္ဆာန်တွေလည်း လုပ်နိုင်ပါတယ်။
ဒေါသဖြစ်စရာ ကြုံနေပါရက်နဲ့ ဒေါသမထွက်တဲ့အလုပ်ကိုတော့
လူတိုင်းမလုပ်နိုင်ပါဘူး။ ဒေါသဓါတ်ခံခေါင်းပါးတဲ့သူ၊
ဒေါသဓါတ် လုံးဝကင်းနေတဲ့ သူတွေပဲ လုပ်နိုင်ပါတယ်။

ဒေါသကိလေသာကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်တဲ့
အနာဂါမ်၊ ရဟန္တာ၊ အရိယာ ပုဂ္ဂိုလ်ကြီးတွေကတော့
ဘယ်လိုအကြောင်းတရား၊ ဘယ်လိုအခြေအနေမျိုးကြောင့်မှ
ဒေါသ မထွက်တော့ပါဘူး။

အနာဂါမ်၊ ရဟန္တာ မဖြစ်သေးပေမယ့် ကိုယ့်စိတ်ကိုယ်
အမြဲမပြတ် ကြည့်ရှုစစ်ဆေးပြီး ဆင်ခြင်ပြုပြင်နေတဲ့
သတိပိုင်ရှင် သူတော်ကောင်း၊ သူမြတ်လောင်းတွေဟာလည်း
အကြောင်းအားလျှော်စွာ စိတ်ထဲမှာရုတ်တရက်
ဒေါသဖြစ်လာရင်တောင်မှ အဲဒီဒေါသကို
ကိုယ်ပေါ် ၊နှုတ်ပေါ် မရောက်အောင် ထိန်းသိမ်း
စောင့်စည်းနိုင်ကြပါတယ်။
စိတ်ထဲမှာလည်း အချိန်ကြာကြာမဖြစ်၊
အရှိန်ပြင်းပြင်းမဖြစ်ဘဲ အမြန်ဆုံး
ပျောက်ကင်းသွားအောင် သတိ၊ ပညာနဲ့
ဖယ်ထုတ်သန့်စင် ပစ်နိုင်ကြပါတယ်။

သွေးစိမ်းရှင်ရှင် ယိုစီးကျနေတဲ့ ခေါင်းကွဲကြီးကိုပြပြပြီး
“ကာဠီအိမ်ဖော်မ” အရပ်ထဲ လှည့်ကြော်ငြာလိုက်တဲ့
အတွက် “ဝေဒေဟိကာ” ဒေါသရှိမှန်း၊ဒေါသကြီးမှန်း
အားလုံးက သိသွားကြပါတယ။်

ဒီတော့လည်း လူတွေရဲ့ ထုံးစံအတိုင်းပေါ့။
ဟိုတုန်းက ဝေဒေဟိကာကို တသသ ချီးမွမ်းခဲ့တဲ့သူတွေက
အခုတော့ တဟဟ ကဲ့ရဲ့ကုန်ကြပါတယ်။
များများချီးမွမ်းခဲ့တဲ့သူတွေက များများကဲ့ရဲ့ ကြတာပေါ့။
ချီးမွမ်းတုန်းက တစ်ဆချီးမွမ်းရင် ၊
ကဲ့ရဲ့ချိန်မှာ ဆယ်ဆမက ကဲ့ရဲ့တတ်ကြတာဟာ ပုထုဇဉ်
လူသားအများစုရဲ့ စရိုက် ဝါသနာ ဓမ္မတာပါပဲ။

စိတ်ချမ်းသာမှုနဲ့ ချီးမွမ်းဖွယ် ဂုဏ်သတင်းတွေကို
ပြိုလဲပျက်သုဉ်းသွားစေနိုင်တဲ့လက်နက်ဟာ ဒေါသတရားပါ။
ဒေါသတရား နှလုံးသားမှာ ဝင်လာပြီဆိုရင်၊
စိတ်ချမ်းသာမှုတွေ ပျောက်ပျက်သွားပြီး၊စိတ်ဆင်းရဲရပါတယ်။
စိတ်အေးချမ်းမှုတွေ လွင့်စင်သွားပြီး၊
စိတ်ပူလောင်မှုတွေ နေရာယူလာပါတယ်။

ဒေါသအခြေခံတဲ့အပြောမှား၊အပြုမှားတွေကြောင့် မိမိရဲ့
ချီးမွမ်းဖွယ်ဂုဏ်သတင်းတွေ ပျက်စီးဆုံးရှုံး သွားပြီး ၊
ကဲ့ရဲ့ဖွယ်အပြစ်တွေ အဆမတန် ဖြစ်ပေါ်တိုးပွားလာပါတယ။်
ဒါ့ကြောင့် ဒေါသတရားဟာ “ဓား” နဲ့တူပါတယ်။
ဓားဆိုတာ အရာဝတ္ထုတွေကို ဆက်စပ်ပေးတဲ့အရာ၊
ပေါင်းစည်းပေးတဲ့အရာ မဟုတ်ပါဘူး။
အရာဝတ္ထုတွေကို ပြတ်တောက်စေတဲ့အရာ၊
ပျက်စီးစေတဲ့အရာသာ ဖြစ်ပါတယ်။
ဒေါသတရားဟာလည်း အကောင်းမှန်သမျှကို
ပြတ်တောက် ပျက်စီးစေပါတယ်။

ဒေါသဆိုတဲ့ဓားဟာ စိတ်ကောင်းစိတ်မြတ်တွေကိုလည်း
ပြတ်တောက် ပျက်စီးသွားစေနိုင်ပါတယ်။
ကာယကံ အပြုအမူကောင်း၊
ဝစီကံ အပြောအဆို ကောင်းတွေကိုလည်း
ပြတ်တောက် ပျက်စီးသွားစေနိုင်ပါတယ်။
မိမိကို ကောင်းကျိုးပြုနေတဲ့ မိတ်ကောင်း ၊
ဆွေကောင်းတွေကိုလည်း ပြတ်တောက်
ပျက်စီး သွားစေနိုင်ပါတယ်။
မိမိကို မြတ်နိုးကြင်နာနေတဲ့ ချစ်သူ၊
ခင်သူတွေကိုလည်း ပြတ်တောက်
ပျက်စီးသွားစေနိုင်ပါတယ်။
မိမိပိုင်ဆိုင်တဲ့ စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာစတဲ့
ကောင်းကျိုးချမ်းသာတွေ ကိုလည်း
ပြတ်တောက်ပျက်စီးသွားစေနိုင်ပါတယ်။

ဒေါသကို လက်ခံသိမ်းပိုက်ထားသူက
အစပထမတော့သူတစ်ပါးပျက်စီးအောင်၊
သူတစ်ပါး ဒုက္ခရောက်အောင် လုပ်လိုက်တာပါပဲ။
ဒါပေမဲ့ သူတစ်ပါး မပျက်စီးခင် ကိုယ်အရင်ပျက်စီးပါတယ်။
သူတစ်ပါး ဒုက္ခ မရောက်ခင် ကိုယ်အရင်
ဒုက္ခရောက်ပါတယ်။

သူတစ်ပါးကို မီးခဲနဲ့ ပေါက်ဖို့ မီးခဲကောက်ကိုင်သူ ဟာ
သူတစ်ပါး မပူလောင်ခင် ကိုယ်အရင် ပူလောင်ရသလိုပါပဲ။
သူတစ်ပါးကို မစင်နဲ့ ထွေးဖို့ မစင်ပါးစပ်ထဲ ငုံတဲ့သူဟာ
သူတစ်ပါး မညစ်ပတ်၊မနံစော်ခင် ကိုယ်အရင်
ညစ်ပတ်နံစော်ရသလိုပါပဲ။

လူသားတွေရဲ့ လက်တွေ့ဘဝမှာ နေ့စဉ်လိုလို
အဖြစ်များတဲ့ ဒေါသရဲ့ သဘာဝတစ်ခုကတော့
“သည်းမခံနိုင်ခြင်း၊ ခွင့်မလွှတ်နိုင်ခြင်း” ပါပဲ။
မိမိနဲ့ အနီးကပ် ထိတွေ့ဆက်ဆံနေရသူတွေရဲ့
အမှားအယွင်းတစ်ခု၊ အချွတ်အလွဲတစ်ခုကို
ဧရာမ အပြစ်ကြီးတစ်ခုအဖြစ် ပုံကြီးချဲ့
စွဲတေးတတ်တဲ့သူတွေမှာ
ဒီသဘာဝပိုပြီး အဖြစ်များပါတယ်။

အမှားဆိုတာ “မောဟ”မကုန်သေးတဲ့
လူသားမှန်သမျှမှာ အနည်းနဲ့အများ ရှိတတ်စမြဲပါ။
တစ်ခါတစ်ရံ တမင်ရည်ရွယ်ပြီး မှားတာရှိသလို၊
တစ်ခါတစ်ရံတော့လည်း လုံးဝ မရည်ရွယ်ဘဲ ၊
မတော်တဆ မှားသွားတတ်ပါတယ်။
ဘယ်လိုပဲမှားမှား မှားတယ်ဆိုမှတော့
မသိလို့ မှားတာပါ။

မသိတဲ့သူရဲ့အမှားကို သိတဲ့သူက သည်းခံခွင့်လွှတ်ရပါမယ်။
မသိလို့ မှားတာကို သည်းခံ ခွင့်လွှတ်နိုင်စွမ်းမရှိဘူးဆိုရင်
ကိုယ်ကလည်း မသိတဲ့သူ စာရင်းထဲ ဝင်သွားပါလိမ့်မယ်။
တကယ်တော့ မသိလို့ မှားသူထက်၊ အမှားကို
ခွင့်မလွှတ်နိုင်သူက ပိုပြီး မသိရာရောက်ပါတယ်။
အမှားကျူးလွန်မိသူထက် အမှားခွင့်မလွှတ်နိုင်သူက
အမှားပိုပြီးကြီးပါတယ်။

ကိုယ့်ကိုယ်ကိုယ် စိတ်ကောင်းရှိတယ်၊
သဘောထားကြီးတယ်လို့ ယူဆထားရင်
ကြီးတဲ့အပြစ်သေးအောင်၊
သေးတဲ့အပြစ်ပပျောက်အောင် ပြုလုပ်နိုင်စွမ်း ရှိရပါမယ်။
အဲဒီလိုမှ မဟုတ်ဘဲ မရှိတဲ့အပြစ် သေးအောင်၊
သေးတဲ့အပြစ် ကြီးအောင် ပြုလုပ်နေမယ်
ဆိုရင်တော့ ကိုယ့်ကိုယ်ကို စိတ်ကောင်းရှိသူ၊
သဘောထားကြီးသူလို့ ယူဆမနေပါနဲ့တော့။
ယူဆနေရင် အမှားတစ်ခု၊အပြစ်တစ်ခု
ထပ်ကျူးလွန်ရာရောက်နေပါအုန်းမယ်။

“ဒေါသ” ဆိုတဲ့ စကားလုံးကိုယ်တိုင်ကိုက “အပြစ်”
လို့ အဓိပ္ပါယ်ထွက်နေတော့ ဒေါသသမားတစ်ယောက်က
သူတစ်ပါးအပေါ် အရာရာ အပြစ်မြင်တတ်တာဟာ
သိပ်တော့မဆန်းလှပါဘူး။

ဒါပေမဲ့ သူတစ်ပါးရဲ့ အမှား (ရံခါအမှန်) ကို အပြစ်မြင်၊
အပြစ်တင်ပြီး စိတ်ဆိုးမယ်ကြံတိုင်း၊
ပြဿနာ ရှာမယ်ကြံတိုင်း ၊
“ငါကရော ဘယ်လောက် အမှားကင်းနေလို့လဲ၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား” လို့
ဆင်ချင်နှလုံးသွင်းနိုင်မယ် ဆိုရင်တော့
သူတစ်ပါးရဲ့ လုပ်ရပ်အပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း
တိုးပွါးလာမှာ အမှန်ပဲ။

ဒေါသငြိမ်းကြောင်း နည်းလမ်းကောင်းတွေ
အများကြီးရှိတဲ့အထဲက အလွယ်ကူဆုံး နဲ့
အရှင်းလင်းဆုံး နည်းလမ်းနှစ်ခုကတော့
“အကောင်းမြင်ဝါဒ လက်ကိုင်ထားခြင်း နဲ့ မေတ္တာဘာဝနာ၊
သတိပဋ္ဌာန် ဘာဝနာ ပွားများခြင်း” တို့ပါပဲ။
သက်ရှိ၊ သက်မဲ့ အရာရာတိုင်းမှာ
အကောင်း နဲ့ အဆိုး ဒွန်တွဲနေပါတယ်။
နိဗ္ဗာန်ကလွဲရင် အကောင်းချည်းသက်သက်၊
အဆိုးချည်းသက်သက် ဆိုတာ မရှိပါဘူး ။
ဘယ်အရာမဆို ကောင်းကွက်ကိုသာ ကြည့်တတ်ရင်
ဆိုးကွက်ကိုလည်း အဆိုးဘက်က မကြည့်ဘဲ၊
အကောင်းဘက်ကနေ ကြည့်တတ်ရင်၊
အကောင်းမြင်ဝါဒသမားတစ်ယောက်ရဲ့
နှလုံးသားမှာ ဒေါသမီး လောင်မြှိုက်ခွင့် ရမှာ
မဟုတ်တော့ပါဘူး။

ဒူရင်းသီးရဲ့ ဆူးနဲ့ အနံ့ဆိုတဲ့ အဆိုးကိုပဲ
အပြစ်မြင်နေမယ် ဆိုရင်တော့ ဒူရင်းသီးရဲ့
ချိုဆိမ့်တဲ့ အရသာ နဲ့ ခွန်အားပြည့်ဖြိုးမှု ဆိုတဲ့
အကောင်းတွေကို လက်လွှတ်ဆုံးရှုံးရမှာ
သေချာပါတယ်။အရသာနဲ့ ခွန်အားဆိုတဲ့
ကောင်းကွက်ကို မြင်တတ်တော့လည်း ဒူးရင်းသီးဟာ
ဈေးကြီးပေးဝယ်စားရတဲ့ အမြတ်တနိုးသစ်သီး အဖြစ်
စားထိုက်သူတွေရဲ့ ချစ်ခြင်း ခံယူနေရတော့တာပါပဲ။

●လောကမှာ ကိုယ်ပြုဆိုးပြီး နှုတ်ပြောကောင်းတဲ့သူ၊
●ကိုယ်ပြုကောင်းပြီး နှုတ်ပြောဆိုးတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြောဆိုးပြီး စိတ်ထားကောင်းတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြော စိတ်ထားသုံးမျိုးဆိုးတဲ့သူ၊
●ကိုယ်ပြုနှုတ်ပြောစိတ်ထား သုံးမျိုးလုံးကောင်း
တဲ့သူရယ်လို့ “လူငါးမျိုး” ရှိပါတယ်။
မှော်ဖုံးနေတဲ့ ရေကန်ကို တွေ့ရင် မှော်တွေကို
လက်နှစ်ဖက်နဲ့ အသာဖယ်ပြီး၊
လက်ခုပ်နဲ့ ရေကို ယူသောက်ရသလိုပဲ
အဆိုး၊ အကောင်း တွဲနေတဲ့ လူတွေကိုတွေ့ရင်
အဆိုးကို လျစ်လျူရှုပြီး အကောင်းကို
နှလုံးသွင်းနိုင်ရပါမယ်။

အဆိုးချည်းပဲ ထင်ရှားနေတဲ့ လူတွေကို တွေ့ရင်
“ရောဂါပြင်းထန်နေတဲ့ ကူရာမဲ့ ခရီးသွားဖော်”
တစ်ယောက်လို့ သဘောထားပြီး ၊
သနားကရုဏာစိတ် မွေးမြူနိုင်ရပါမယ်။
အဲဒီလိုဆိုရင် ဘယ်သူ့ အပေါ်မှာမှ
ဒေါသ အပြစ် မဖြစ်တော့ဘဲ ၊
လူသားအားလုံးအပေါ် မေတ္တာသက်ဝင်
ချစ်ခင်နိုင်လာပါလိမ့်မယ်။

အကောင်းမြင်ဝါဒ လက်ကိုင်ထားနိုင်တဲ့သူအတွက် မေတ္တာ
ဘာဝနာပွားများဖို့ အခက်အခဲမရှိပါဘူး။
သတ္တဝါအားလုံး ချမ်းသာကြပါစေ လို့
မေတ္တာဘာဝနာ အမြဲပွားနေသူရဲ့ သန္တာန်မှာ
မေတ္တာဓာတ်အား ကောင်းလာတာနဲ့အမျှ ဒေါသဓာတ်လည်း
တဖြည်းဖြည်း လျော့ပါးလာရပါတယ်။
မေတ္တာ ပွားနေချိန်မှာ တကယ်ချမ်းသာစေချင်တဲ့စိတ်
ဖြစ်နေဖို့တော့ လိုတာပေါ့။
အကောင်းမြင်စိတ်၊ မေတ္တာစိတ် မွေးနေတဲ့ကြားထဲက
ဒေါသစိတ် ဖြစ်လာသေးတယ်ဆိုရင်တော့
ဒေါသရဲ့အာရုံ၊ ဒေါသဖြစ်စရာ အကြောင်း
အချက်တွေကို နှလုံးမသွင်းဘဲ၊ ဖြစ်နေတဲ့
ဒေါသစိတ်ကိုပဲ တည့်တည့်စိုက်ကြည့်ပြီးတော့
“စိတ်တိုတယ်၊ စိတ်ဆိုးတယ်” စသည် အားဖြင့်
သတိပဋ္ဌာန် နည်းလမ်းအတိုင်း ဝိဿနာရှုပွါးလိုက်ရပါမယ်။

“ဒေါသစိတ်”ကိုမတွေ့ဘဲ “ဒေါသဖြစ်စရာ
အကြောင်းအချက်”တွေကသာ
လွှမ်းမိုးနေမယ်ဆိုရင်လည်း
မြင်-မြင်တယ်၊ ကြား- ကြား တယ်၊
သွား- သွားတယ်၊ထိုင် - ထိုင်တယ် စသည်အားဖြင့်
လက်ရှိထင်ရှားရာ တစ်ခြားအာရုံ တစ်ခုခုကို
ရှုပွါးရပါမယ်။နှာသီးဝ လေထိရာ အရပ်မှာ သတိကပ်ပြီး၊
ဝင်-ဝင်တယ်၊ ထွက်-ထွက်တယ်လို့ ရှုမှတ်မယ် ဆိုရင်လည်း
ကောင်းပါတယ်။မမိ-မိတဲ့ အာရုံတစ်ခုခုကို
သတိပဋ္ဌာန်နည်းကျ စူးစိုက် ရှုပွားနိုင်ပြီဆိုရင်
ဒေါသစိတ်တွေ တဖြည်းဖြည်း လျော့ပါး
ပျောက်ကွယ်သွားပါလိမ့်မယ်။
ဒေါသစိတ်ရဲ့ ဖြစ်ပျက်သဘော မမြဲ၊
မကောင်းမပိုင်တဲ့ သဘောတွေကိုပါ
မြင်တွေ့လာပြီဆိုရင်တော့ ဉာဏ်ရင့်ကျက်တဲ့တစ်နေ့မှာ
ဒေါသစိတ်ကိုအရှုခံထားပြီးတော့ မဂ်ဉာဏ်၊
ဖိုလ်ဉာဏ်တောင် ဆိုက်ရောက်နိုင်ပါတယ်။

■တချို့လူတွေ့ရဲ့ ဒေါသက ကျောက်ဖျာပေါ်ရေးထားတဲ့
စာနဲ့တူပါတယ်။ကျောက်ဖျာပေါ်ရေးထားတဲ့ စာတို့၊
အစင်းကြောင်းတို့ဟာ ရေကြောင့်၊လေကြောင့်
အလွယ်တကူ ပျောက်ပျက်မသွားဘဲ ကြာမြင့်စွာ
တည်နေသလို တချို့လူတွေရဲ့ ဒေါသဟာလည်း
အလွယ်တကူ ပျောက်ပျက်မသွားဘဲ၊အငြိုးအတေး
(အာဃာတ) အဖြစ် နဲ့ စိတ်ထဲမှာ ကြာမြင့်စွာတည်နေပါတယ်။
■တချို့လူတွေရဲ့ ဒေါသကတော့ မြေပြင်ပေါ်ရေးထားတဲ့
စာနဲ့တူပါတယ်။ ကြာမြင့်စွာ စွဲတည်မနေပါဘူး။
အလွယ်တကူ ပျောက်ပျက်သွားပါတယ်။
■တချို့လူတွေရဲ့ ဒေါသကတော့ ရေပြင်ပေါ်ရေးထားတဲ့
စာနဲ့တူပါတယ်။ရေပြင်ပေါ်စာရေးပေမယ့် စာလုံးဝမထင်သလို၊
တချို့လူတွေဟာ မိမိကို ဒေါသထွက်အောင် ဘယ်လိုနည်းနဲ့ပဲ
လုပ်လုပ်၊ ဒေါသ လုံးဝမထွက်တော့ပါဘူး။

ကြမ်းတမ်းတဲ့ စကားတွေ ဘယ်လိုပဲ ပြောပြော၊
ကြမ်းတမ်းတဲ့ လုပ်ရပ်တွေ ဘယ်လိုပဲ ပြုပြု၊
ဒေါသစိတ် လုံးဝမဖြစ်တော့ပါဘူး။
ဒေါသအပြစ် ဆင်ခြင်နေစရာလည်း မလိုသလို ၊
ဒေါသစိတ်ကို ရှုမှတ်နေစရာလည်း မလိုပါဘူး။
ဒေါသဖြစ်အောင် ဖန်တီးနေသူ အပေါ်လည်း
မေတ္တာ လုံးဝမပျက်ပါဘူး။

စကားအရသာရေပြင်ပေါ်ကစာ၊
ရေပြင်ပေါ်ကစာနဲ့တူတဲ့ ဒေါသလို့
ပြောရပေမယ့် စာလည်း မရှိပါဘူး ။
ဒေါသလည်း မရှိပါဘူး ။ သတိပဋ္ဌာန်တရား
ရှုပွားလို့ အနာဂါမ်၊ ရဟန္တာ ဖြစ်သွားရင်တော့
ဒီလိုအဆင့်မျိုးကို ရောက်ရှိနိုင်ပါတယ်။
မရောက်သေးသမျှတော့ မေတ္တာနဲ့ သတိပဋ္ဌာန်
ဘာဝနာနှစ်မျိုးကို ကြိုးစားပမ်းစား ပွားများနေရဦးမှာပါပဲ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က ဒေါသအပြစ်ဟာ
အနှိုင်းမဲ့အပြစ်ဖြစ်တယ်လို့ “နတ္ထိ ဒေါသသမော ကလိ”
ဆိုတဲ့ စကားတော်နဲ့ ဟောကြား ညွှန်ပြထားတာမို့
လူသားတိုင်း၊လူသားတိုင်း ဒေါသအပြစ်ဆိုတဲ့
အနှိုင်းမဲ့အပြစ်ကို အကြွင်းမဲ့ ပျောက်ပျက်အောင်
ဖျောက်ဖျက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်။
-【ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)】
၏ “အနှိုင်းမဲ့ချမ်းသာ”နှာ - ၅၆ - ၇၅ မှ
ကောက်နှုတ်ကူးယူပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။။
【ဆရာတော်အရှင်ဆန္ဒာဓိက၊
အပ္ပမာဒမဂ္ဂဇင်း၊ဇွန်လ၊၂၀၀၀】