“ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ။”
လောကဓံတရား(၈)ပါးနှင့် တွေ့ကြုံရသည့်အခါစိတ်ကို
မတုန်မလှုပ်နေနိုင်ခြင်းသည် “မြတ်သောမင်္ဂလာ”မည်၏။
ဆင်းရဲ့ချမ်းသာသဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တလဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ “ဝေရဉ္ဇ”
ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ ပင့်ဖိတ်မှုအရ ဝေရဉ္ဇာပြည်မှာ
ဝါဆိုဖြစ်ပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
မြတ်စွာဘုရားဝါဆိုတဲ့ နှစ်မှာပဲ
ဝေရဉ္ဇာပြည်ဟာ “ဒုဗ္ဘိက္ခန္တရကပ်”ဆိုက်ရောက်ပါတော့တယ်။
လူတွေငတ်မွတ်ပြီဆိုတော့ ရဟန်းတွေလည်း
ဆွမ်းခံလို့မရတော့ပါဘူး။
အဆိုးထဲက အကောင်းတစ်ခုဝင်လာတာကတော့
ဥတ္တရာပထ တိုင်းက မြင်းကုန်သည်တွေ မြင်းငါးရာနဲ့
ဝေရဉ္ဇာပြည်မှာ တစ်ဝါတွင်းလုံးလာပြီး စတည်းချတာပါပဲ။

ရဟန်းတွေဟာ ဝေရဉ္ဇာပြည်ထဲမှာ ဆွမ်းခံဖို့
အခက်အခဲတွေ့တော့မြင်းကုန်သည်တွေဆီသွားပြီး
ဆွမ်းခံပါတယ်။ မြင်းကုန်သည်တွေကလည်း
သဒ္ဓါတရားမညံ့ပါဘူး။ ဒါပေမဲ့မုယောဆန်ကြမ်းကြမ်းကိုပဲ လောင်းနိုင်ရှာပါတယ်။
မြတ်စွာဘုရားအပါအ၀င် ရဟန်းတွေအားလုံးဟာ
မုယောဆန်ကြမ်းကြမ်းကိုပဲ နေ့စဉ် ဘုဉ်းပေးနေရပါတယ်။
မြတ်စွာဘုရား မုယောဆန်ကြမ်းကို ဘုဉ်းပေးနေရတော့
အရှင်မောဂ္ဂလာန်က မကြည့်ရက်တော့ပါဘူး။
ဒါကြောင့် မြတ်စွာဘုရားဆီးဝင်လျှောက်ရပါတော့တယ်။

●မြတ်စွာဘုရား . . .
ဝေရဉ္ဇာပြည်ဟာ ဒုဗ္ဘိက္ခန္တရကပ်ဆိုက်ပြီး ရဟန်းတွေ
ဆွမ်းအခက်အခဲတွေ့နေရပါတယ်ဘုရား။
မြေကြီးရဲ့ အောက်အပြင်မှာ ပျားသကာလိုချိုမြိန်တဲ့
“မြေဆီမြေနှစ်”တွေ ရှိနေပါတယ်ဘုရား။
မြေကြီးကို ဘုရားတပည့်တော် ပြောင်းပြန်လှန်လိုက်ပါမယ့်ဘုရား။

●ချစ်သား မောဂ္ဂလာန် . . .
ဒါဆို မြေကြီးထည်မှာ တည်နေတဲ့
သတ္တ၀ါတွေကို ဘယ်လိုလုပ်မလဲ။
●ဘုရားတပည့်တော် လက်တစ်ဖက်ကို မြေကြီးဟန်ဖန်ဆင်းပြီး၊
အဲဒီဖန်ဆင်းထားတဲ့ မြေကြီးပေါ်မှာ နေစေပါမယ်ဘုရား။
●ချစ်သား မောဂ္ဂလာန် . . .
“သင့်ဒါကို မနှစ်သက်နဲ့ ၊ ဖောက်ပြန်ချင်ဆိုတဲ့
လောကဓံတရားကို သတ္တ၀ါတိုင်းရကြမှာပဲ။”
●“ဒါဆို မြောက်ကျွန်းကို ဆွမ်းခံကြရင်ကောဘုရား။”
●“ချစ်သားမောဂ္ဂလာန်. . . သင့်ဒါလည်း မနှစ်သက်ပါနဲ့။

အရှင်မောဂ္ဂလာန်က ဘယ်လောက်ပဲ လျှောက်လျှောက်
မြတ်စွာဘုရားက လက်မခံခဲ့ပါဘူး။
လောကဓံဆိုးကို ရှောင်လွဲခွင့်ရနိုင်ပေမယ့် ၊
မရှောင်လွှဲဘဲ တစ်ဝါတွင်းလုံး မုယောဆန်ကိုပဲ
သည်းခံဘုဉ်းပေးခဲ့ပါတယ်။

-(ပါရာဇိကပါဠိတော်၊ ဝေရဉ္ဇကဏ္ဍ။)

တန်ခိုးတော် အနန္တနဲ့ပြည့်စုံတော်မူတဲ့ မြတ်စွာဘုရားတောင်
လောကဓံ ကြုံရသေးတာဆိုတော့ သာမာန်လူသားတွေ
လောကဓံတရားနဲ့ ကြုံရတာ ဘာမှမပြောပလောက်ပါဘူး။
စာလည်းမဖွဲ့လောက်တော့ပါဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေရာဋ္ဌာနတစ်ခုမှာ
စာသင်ခွင့်ရဖို့လေး သွားလျှောက်ဖြစ်ပါတယ်။ မရခဲ့ပါဘူး။
ထပ်ကံဆိုးချင်တော့ အပြန်မှာ မီုးရွာချလိုက်တာ တစ်ကိုယ်လုံး
ရွှဲစိုသွားပါတယ်။၊ ကိုယ့်ကိုယ်ကို သေချင်စော်ကို နံသွားတာပါပဲ။
ဒီကြားထဲစာမေးပွဲက ထပ်ကျလိုက်ပါသေးတယ်။
အဲဒီရက်တွေမှာ နေ့တိုင်းနီးပါးကို စိတ်ဆင်းရဲနေခဲ့ရပါတယ်။
တစ်ခုကံကောင်းသွားတာက စာရေးသူမှာ အတွေးတစ်ခု
ခိုင်ခိုင်မာမာ ရှိနေခဲ့တာပါ။ အဲဒီအတွေးကတော့ ၊
“ငါ စာမေးပွဲကျနေလို့ ဒီဒုက္ခတွေခံစားနေရတာ၊
စာမေးပွဲ အောင်သွားရင် အလိုလိုအဆင်ပြေသွားမှာပဲ။
ဒုက္ခတစ်ခုဟာ အမြဲတော့ တည်တံ့မနေပါဘူး။”အတွေးပါ။
ဟုတ်လည်းဟုတ်ပါတယ်။
စာမေးပွဲ အောင်သွားတော့လည်း အစစ၊
အရာရာ အဆင်ပြေသွားတာပါပဲ။

ဟိုတစ်လောဆီက ဆရာဖေမြင့်ရဲ့
“စာသမား၏ မှတ်စုများ”ဆိုတဲ့ စာအုပ်ကလေးဖတ်ဖြစ်ပါတယ်။
တစ်ခါက ဘုရင်တစ်ပါးဟာ စိတ်ဆင်းရဲစရာတွေ့ကြုံနေရလို့
သူ့ရဲအမတ်ပညာရှိတွေကို ဆောင်ပုဒ်တစ်ခု ရေးသွင်းစေပါတယ်။
အဲဒီဆောင်ပုဒ်ဟာ တိုလည်းတိုရမယ်။
အောင်မြင်နေတဲ့အခါမှာရော၊
နိမ့်ပါးနေတဲ့ အခါမှာရော သုံးစွဲနိုင်ရမယ်လို့ ဆိုပါတယ်။

မှူးမတ်ပညာရှိတွေ အမျိုးမျိုးဆက်သပေမယ့်
ဘုရင်ကသဘောမကျပါဘူး။
နောက်ဆုံးသမီးတော်က ရေးပြီးဆက်သလိုက်မှ
သဘောကျသွားပါတယ်။

■သမီးတော် ဆက်သတဲ့ ဆောင်ပုဒ်က 。。。
“This ,too , will pass. ဒါလည်းပြီးသွားမှာပါ” တဲ့။

■အိန္ဒိယနိုင်ငံမှာ ပထမဦးဆုံး အင်္ဂလိပ်ဘုရင်ခံချုပ်လုပ်သွားတဲ့
ဝါရင်ဟေစတင်း(စ်)ဟာ အင်္ဂလန်ပြန်ရောက်တဲ့ အခါ သူ့ရဲ့
နိုင်ငံရေးပြိုင်ဘက်တွေက ဘုရင်ခံဘ၀က အာဏာ
အလွှဲသုံးစားလုပ်တယ်ဆိုပြီး အမှုတင်ကြပါတယ်။
ဒီတော့ ဟေးစတင်း(စ်)ဟာ သူ့မှာအပြစ်မရှိဘူးဆိုတာ
သိထားပေမဲ့ တရားရုံးမှာ ခုနစ်နှစ်တိုင်တိုင် အချိန်ကုန် ၊
ငွေကုန်အမှုရင်ဆိုင်ခဲ့ရပါတယ်တဲ့။

အဲဒီအမှုရင်ဆိုင်နေရတဲ့ ခုနစ်နှစ်အတွင်း
“ဒါလည်းပြီးသွားမှာပါ”
ဆိုတဲ့ ဆောင်ပုဒ်ကလေးနဲ့ ကိုယ့်ကိုယ်ကို
အားပေးမြှင့်တင်ခဲ့ရတာပါတဲ့။

ဒုက္ခတွေ ဘယ်လောက်ရောက်နေရောက်နေ၊
ဒါလည်းပြီးသွားမှာဖြစ်လို့ စိတ်တုန်လှုပ်မသွားဖို့နဲ့
သုခတွေ၊ အောင်မြင်မှုတွေနဲ့ကြုံရတဲ့ အခါမှာလည်း
ဒါလည်းပြီးသွားမှာဖြစ်လို့ သိပ်ပြီးမာနတွေ ဘ၀င်တွေ
မြင့်မနေဖို့ သတိပေးထားတဲ့ ဆောင်ပုဒ်ကလေးပါ။

ဆရာဖေမြင့် ဒီစာအုပ်ကလေးကို လွန်ခဲ့တဲ့
ဆယ်နှစ်လောက်ကသာရေးခဲ့ရင် သိပ်ကောင်းမှာပါပဲ
လို့တောင် တွေးဖြစ်ပါသေးတယ်။
ဘာဖြစ်လို့လည်းဆိုတော့ စာရေးသူက လွန်ခဲ့တဲ့
ဆယ်နှစ်လောက်က ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကိုး။

■တကယ်တော့ ဒီဆောင်ပုဒ်ကလေးက အဆိုးလောကဓံနဲ့
ကြုံရတဲ့ အခါမှသာ နှလုံးသွင်းရမှာ မဟုတ်ပါဘူး။
အကောင်းလောကဓံတွေ့ကြုံရတဲ့ အခါတွေမှာလည်း
အောက်ခြေလွတ်မသွားဖို့ သတိပေးနေတဲ့ ဆောင်ပုဒ်ကလေးပါ။
ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ မင်္ဂလာအရလည်း
အဆိုးလောကဓံကြုံတဲ့အခါမှာရော၊ အကောင်းလောကဓံနဲ့
ကြုံတဲ့အခါမှာရော စိတ်တုန်လှုပ်မသွားဖို့၊
စိတ်တုန်လှုပ်မသွားအောင်နေနိုင်တာဟာ “မင်္ဂလာ” ဖြစ်ပါတယ်တဲ့။
မြတ်စွာဘုရားက -
၁။ လာဘ=ရခြင်း။
၂။ အလာဘ=မရခြင်း။
၃။ ယသ=အခြွေအရံရှိခြင်း။
၎။ အယသ=အခြွေအရံမရှိခြင်း။
၅။ နိန္ဒာ=ကဲ့ရဲ့ခံရခြင်း။
၆။ ပသံသာ=ချီးမွမ်းခံရခြင်း။
၇။ သုခ=ချမ်းသာခြင်း။
၈။ ဒုက္ခ=ဆင်းရဲခြင်း ဆိုတဲ့
လောကဓံတရား(၈)ပါးကို လောကထဲမှာနေတဲ့ သတ္တ၀ါတိုင်း
တလှည့်စီကြုံရမယ်။ ကြုံရတဲ့အခါ စိတ်မတုန်လှုပ်ဖို့၊
ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတဲ့ လောကဓံတရားတွေနဲ့
ဥပမာ သာဓကတွေပြပြီး ဟောထားပေးပါတယ်။

ပုထုဇဉ်တွေဆိုတော့ အဆိုးလောကဓံကို ဘယ်သူမှ
မကြုံချင်ကြပါဘူး။ ဒီတော့ ကြုံလာရင် စိတ်ညစ်မယ်။
ပုထုဇဉ်ပဲညစ်ပေါ့။ တစ်နေရာမှာ သေချာထိုင်ပြီး ၊
ဒါမှမဟုတ် ခုတင်ပေါ်မှာ သေချာလှဲပြီး အချိန်လေးလည်း
သီးသန့်ယူပြီး အားရပါးရ ကျေနပ်အောင် စိတ်ကို ညစ်ပစ်လိုက်ပါ။
ကိုယ်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့
ကိုယ့်လုပ်စရာလေးတွေ ဆက်လုပ်ဖို့ပါပဲ။
စိတ်ညစ်စရာလည်းညစ်၊ တစ်နေတာ ကိုယ်လုပ်စရာရှိတာလည်းလုပ်ပေါ့။
အဓိက ကတော့ စိတ်ညစ်စရာရှိပေမဲ့ တစ်နေတာ
ကိုယ့်လုပ်ရမယ့်အလုပ်တွေ ပျက်မသွားဖို့ဘဲ အရေးကြီးပါတယ်။
စိတ်ညစ်တဲ့အခါ အဲဒါ အရေးအကြီးဆုံးပါပဲ။

ဘ၀မှာ ဘယ်လောက်ပဲ အဆိုးလောကဓံတွေနဲ့ပဲ ကြုံရကြုံရ၊
ဘယ်လောက်ပဲ အကောင်း လောကဓံတွေနဲ့ ကြုံရကြုံရ
တစ်ချိန်ချိန်ကျရင် “ဒါလည်းပြီးသွားမှာပါ” ပဲလေ။

-【ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ် -အင်းမ)】
(အလင်းတန်းဂျာနယ် ၂၁.၆.၂၀၀၄)
-【Admin Team of YBAM】
[ဆရာတော်အရှင်ရာဇိန္ဒ - ရဝေနွယ် (အင်းမ) ၏
“မင်္ဂလာအတွေးများ(၃၅)” နှာ ၂၃၂- ၂၃၇ မှ ကောက်နှုတ်
ကူးယူပူဇော်ပါသည်။]
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm