လောကမှာ အချစ်မခံရတဲ့သူဆိုတာ မရှိသလို၊
အမုန်းမခံရတဲ့ သူဆိုတာလည်း မရှိနိုင်ဘူး။
အချစ်ခံရရင် “လောဘ”ဖြစ်ပြီး၊
အမုန်းခံရရင် “ဒေါသ” ဖြစ်တတ်တယ်။

တကယ်တော့ . . .
အဲဒီအချစ်အမုန်းဆိုတာတွေကို
ဘဝတိုးတက်ရာ တိုးတက်ကြောင်းတွေအတွက်
အရင်းအနှီးအနေနဲ့ အသုံးချလိုက်လို့ရတယ်။

●အချစ်ခံရတဲ့ အခါ....
သူက ငါ့ကို ချစ်တယ်၊ ငါ့ကို ကောင်းစေချင်တယ်။
ဒါကြောင့် သူချစ်ရကျိုးနပ်အောင်၊
ငါကောင်းအောင် နေလိုက်မယ်...။
“ဒါဆိုရင် ချစ်တဲ့ သူလည်း အကျိုးရှိ၊
အချစ်ခံရတဲ့ သူလည်း အကျိုးရှိ”

●အမုန်းခံရတဲ့ အခါ...
သူက ငါ့ကို မုန်းတယ်။
ငါ မကောင်းဖြစ်တာကို မြင်ချင်တယ်။
သူ့ဆန္ဒပြည့်ဝသွားရင် ငါလည်း မကောင်းဘူး။
သူလည်း အကုသိုလ်ဖြစ်မယ်။
ဒါကြောင့် ငါ့အတွက်လည်း မနစ်နာ၊ သူ့အတွက်လည်း
အကုသိုလ်ထပ်မဖြစ်အောင် ငါကောင်းအောင် နေလိုက်မယ်။
“ ဒါဆိုရင် မုန်းတဲ့သူလည်း အကျိုးရှိ၊
အမုန်းခံရတဲ့ သူလည်း အကျိုးရှိပေါ့ ”

အချစ်နဲ့ အမုန်းဆိုတာ “ရေနဲ့ မီး” လိုပါပဲ။
အသုံးချတတ်ရင် အကျိုးရှိပါတယ်၊
●အချစ်က “ခွန်အား”ကို ဖြစ်စေပြီး၊
●အမုန်းက “တွန်းအား” ကို ဖြစ်စေပါတယ်။
-【အရှင်တေဇာနန္ဒ- “စေတနာပန်းခင်း ဆရာတော်”】