ကိုယ်ကျင့်သီလကို ကုသိုလ်တရားအားလုံးရဲ့
နိဒါန်းအစလို့ မြတ်စွာဘုရားရှင်က
မိန့်ကြားတော်မူထားပါတယ်။
ကိုယ်ကျင့်သီလ ဖြူစင်ရင် အစကောင်းတဲ့အတွက်
သမာဓိ၊ ပညာ ဆိုတဲ့ အနှောင်းသေချာသွားပါပြီ။
ကိုယ်ကျင့်သီလ မည်းညစ်နေရင်တော့
အစမကောင်းတဲ့အတွက် သမာဓိ၊ ပညာ ဆိုတဲ့
အနှောင်းနဲ့ အဝေးကြီး ဝေးသွားပါပြီ။
အနှောင်းနဲ့ နီးစပ်ချင်ရင် အစကောင်းဖို့
ကြိုးစားရပါမယ်။

သီဟိုဠ်ခေတ်တုန်းက “အရှင်မဟာသီဝ”အမည်ရတဲ့
မထေရ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ တောတောင်ထဲက
လိုဏ်ဂူတစ်ခုမှာ “ဒီဝါတွင်းတော့ ရဟန္တာဖြစ်စေရမယ်ဟဲ့”
လို့ ကြုံးဝါးပြီး အပြင်းအထန် တရားအားထုတ် ပေမယ့်
ဝါသာကျွတ်သွားတယ်၊ ရဟန္တာ မဖြစ်တဲ့အတွက်
သီတင်းကျွတ်တိုင်း ၊ သီတင်းကျွတ်တိုင်း
မျက်ရည်သွင်သွင် စီးကျပြီး ငိုပွဲကြီးဆင်လိုက်ရတာ
နှစ်ပေါင်းသုံးဆယ်တိုင်တိုင်ပါပဲ။
အကြိမ်သုံးဆယ်မြောက် အပြင်းထန်ဆုံး
ဝမ်းနည်းကြေကွဲပြီး ရှိုက်ကြီးတငင် ငိုကြွေးနေချိန်မှာ
နတ်သမီး တစ်ယောက်ကလည်း
လိုဏ်ဂူအိုနံဘေး ပြိုင်တူငိုကျွေးလို့
မျက်ရည်ဖော်ညှိလာပြန်ပါတယ်။

“ဒီနားမှာ လာငိုနေတာ ဘယ်သူလဲ”

“တပည့်တော်မ နတ်သမီးပါဘုရား”

“ဘာလို့ ဒီနားလာငိုနေတာလဲ”

“အရှင်ဘုရား ငိုနေတာမြင်လို့၊ ပြီးတော့ ငိုရင်
မဂ်ဖိုလ်ရနိုင်မယ်ထင်လို့ နှစ်မဂ်၊
သုံးမဂ်လောက်များ ရမလားဆိုပြီး
လာငိုနေတာပါဘုရား”

မထေရ်ကြီးလည်း နတ်သမီးရဲ့ ပြောင်လှောင်
ပညာပေးခံရတာကို ရှက်လွန်းလို့ မျက်ရည်တွေ
ကပျာကယာ သုတ်ပြီး စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှုကို
“စိတ်ဆင်းရဲတယ်၊ စိတ်ဆင်းရဲတယ်” ၊
“၀မ်းနည်းတယ်၊ ၀မ်းနည်းတယ်” လို့
သတိပဋ္ဌာန်နည်းကျ စိတ္တာနုပဿနာ ရှုပွား
ပယ်ဖျောက်လိုက်ပါတယ်။

စိတ်ဆင်းရဲမှု၊ ၀မ်းနည်းမှု ပြေပျောက်ပြီး
စိတ်လက်ပေါ့ပါးသွားတာနဲ့ တစ်ပြိုင်နက်
ကောင်းကင်ယံက လမင်းကြီးကို
တစ်ချက်လှမ်းမျှော်ကြည့်လိုက်ပါတယ်။

သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ည
ဆိုတော့ လမင်းကြီးကလည်း
ပြည့်ပြည့်ဝန်းဝန်းနဲ့ အစွမ်းကုန်
ထွန်းလင်းတောက်ပနေတာပေါ့။
“အင်း . . . ဒီလမင်းကြီးနဲ့ ငါ့ရဲ့ သီလ
ဘယ်အရာကများ ပိုပြီး သန့်စင်ပါလိမ့်၊
ဘယ်အရာကများ ပိုပြီး ထွန်းလင်းတောက်ပပါလိမ့်”

“အို . . . ငါ့ရဲ့သီလက ပိုပြီး သန့်စင်နေပါလား၊
ငါ့ရဲ့ သီလက ပိုပြီး ထွန်းလင်းတောက်ပနေပါလား၊
လမင်းကြီးက သန့်စင်တယ် ဆိုပေမယ့် သူ့မှာ
ယုန်ရေးလက္ခဏာ မှိုင်းပြာပြာ
အညစ်အကြေးလေး ရှိနေသေးတယ်လေ။
အညစ်အကြေး လုံးဝမကင်းတော့
အပြည့်အ၀ ဘယ်ထွန်းလင်းတောက်ပပါ့မလဲ”

“ငါ့ရဲ့သီလကတော့ ရဟန်းပြုတဲ့အချိန်ကစပြီး
ဒီနေ့ ဒီအချိန်အထိ အညစ်အကြေး လုံးဝမရှိ ၊
ပကတိ သန့်စင်နေတယ်။
ညှိုးခြောက်ပြောက်ကျားခြင်းမရှိ၊
ပကတိ စင်းလုံးချော ဖြူစင်နေတယ်၊
အညစ်အကြေး လုံးဝမကင်းတဲ့ လမင်းကြီးထက်
အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင်
ထွန်းလင်းတောက်ပတာပေါ့”

မထေရ်ကြီးဟာ ကိုယ့်သီလကိုယ် ဆင်ခြင်းရင်း
တဖွားဖွားဖြစ်ပေါ်လာတဲ့ ပီတိသောမနဿတွေကို
ရှုပွား ပယ်ဖျောက်ပြီး မိမိခန္ဓာရဲ့ ရုပ်တရား၊
နာမ်တရားတွေကို သတိပဋ္ဌာန်နည်းကျ ဆက်ပြီး
ဝိပဿနာ ရှုပွားလိုက်တာ အဲဒီညမှာပဲ
ပဋိသမ္ဘိဒါဉာဏ် လေးပါးနဲ့တကွ ရဟန္တာ
ဖြစ်တော်မူသွားခဲ့ပါတယ်။

“အရှင်မဟာသီဝမထေရ်ကြီး” ရဟန္တာဖြစ်သွားတာဟာ
သူ့ရဲ့ အကြွင်းမဲ့ဖြူစင်တဲ့ “ကိုယ်ကျင့်သီလ” ကို
အာရုံပြု ၀မ်းမြောက်ပြီး ပီတိသောမနဿတွေ
ဖြစ်ပွားသွားလို့ပါ။

●“ငါတို့က ၀ိပဿနာသမား”
ဆိုပြီး “ကိုယ်ကျင့်သီလ”ကို ပေါ့ပေါ့တန်တန်
သဘောထားသူတွေ အလေးအနက်
သတိပြုသင့်ပါတယ်။

●“ကိုယ်ကျင့်သီလ” ဆိုတာ မြေကြီးနဲ့ တူပါတယ်။
ရှင်သန်ကြီးထွား ပြန့်ပွားစည်ပင်နေတဲ့
သစ်ပင်ပန်းပင်မှန်သမျှ မြေကြီးကို
တည်မှီပြီးတော့ပဲ ရှင်သန်ကြီးထွား
ပြန့်ပွားစည်ပင်လာရပါတယ်။
အားအင်နဲ့ ပြုလုပ်ရတဲ့ အလုပ်ကိစ္စမှန်သမျှ
မြေကြီးပေါ်မှာ ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရသလို
သတိဦးဆောင်တဲ့ သူတော်ကောင်း
အလုပ်မှန်သမျှကိုလည်း သီလပေါ်မှာ
ရပ်တည်ပြီးတော့ပဲ ပြုလုပ်ရပါတယ်။

“သီလ” တည်းဟူသော မြေကြီးပေါ်မှာ
ရပ်တည်ပြီး ပြုလုပ်အားထုတ်တဲ့
သူတော်ကောင်းအလုပ်ကသာ မိမိရည်မှန်းရာ
အောင်မြင်မှု အသီးအပွင့်တွေကို ရည်မှန်းတဲ့အတိုင်း
သီးပွင့်ဝေဆာစေနိုင်ပါတယ်။

သမထလုပ်ငန်း၊ ၀ိပဿနာလုပ်ငန်းဆိုတာ
အသာထားလိုက်ပါဦး။
အခြေခံအကျဆုံး ဒါနလုပ်ငန်းမှာတောင်မှ
သီလမပါရင် လိုရာအကျိုး မပြီးစီးစေနိုင်ပါဘူး။
●ဒါနပြုပြီး လောကီ၊ လောကုတ္တရာ
လိုရာအကျိုးကို ဆုတောင်းရင် အဲဒီဒါနက
မိမိဆုတောင်းကို ပြည့်ဝစေနိုင်ပါတယ် တဲ့။
ဒါပေမယ့် ဆုတောင်းသူ ဒါနရှင်ဟာ
“သီလရှိသူ”ဖြစ်ရပါမယ် တဲ့။
“သီလ မရှိရင်” တော့ မိမိဆုတောင်းတာ
“မပြည့်ဝနိုင်ပါဘူး” တဲ့။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်ရဲ့
မိန့်ကြား ထားတော်မူချက် ဖြစ်ပါတယ်။

ကိုယ်ကျင့်သီလဟာ ဒါနရဲ့
အကျိုးပေးကိုလည်း ခိုင်မြဲစေသလို
သမာဓိ၊ ပညာရဲ့ စွမ်းရည်ကိုလည်း
ထက်မြက်စေပါတယ်။ ကိုယ်ကျင့်သီလ မပါဘဲ ၊
အားထုတ်နေတဲ့ ဒါနလုပ်ငန်း၊ သမထ၊
ဝိပဿနာ လုပ်ငန်းတွေဟာ မဂ်ဖိုလ်နိဗ္ဗာန်ရဲ့
အနီးအနားကို အိပ်မက်ထဲမှာတောင်မှ
မရစ်သီနိုင်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်
အသာထား ကောင်းရာသုဂတိနဲ့တောင်
အဝေးကြီးဝေးနေဦးမှာပါပဲ။

အရှင်မဟာသီဝမထေရ်ကြီးရဲ့
သီလဂုဏ်ရည်က ရဟန္တာဖြစ်ရုံနဲ့ မပြီးသေးပါဘူး။
ရဟန္တာဖြစ်ပြီးတဲ့နောက်မှာလည်း အထူးပေါ်လွင်
ထင်ရှားခဲ့ပါတယ်။ သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊
ဣရိယာပုတ်သုံးမျိုးနဲ့ အပြင်းအထန်
တရားအားထုတ်ရင်း နှစ်ပေါင်းသုံးဆယ်လုံးလုံး
ခြေမဆေးခဲ့တဲ့ ခြေတော်တွေကို
ရဟန္တာ ဖြစ်ပြီးတဲ့နောက်၊ရေဆေးလိုက်ဦးမယ်
ဆိုပြီး၊ခြေဆေးအင်ပျဉ်ခုံပေါ်မှာ ရပ်နေတုန်း
နတ်တို့သနင်း “သိကြားမင်းကြီး”ရောက်လာပါတယ်။

“ဒကာတော် သိကြားမင်း၊ ဘာကိစ္စများပါလိမ့်”

“အရှင်ဘုရားရဲ့ ခြေတော်တွေကို
တပည့်တော်များဆေးပေးချင်လို့ပါဘုရား”

“အို … ဘယ်ဖြစ်ပါ့မလဲ ဒကာတော်
သိကြားမင်းရယ်၊ တို့ရဲ့ ခြေထောက်တွေက
မဆေးမကြောဘဲထားတာ နှစ်ပေါင်းသုံးဆယ်တောင်
ရှိနေပြီလေ။ ပြီးတော့ သင်တို့ နတ်တွေဆိုတာက
အလိုလိုကမှ လူနံ့ကို ခံနိုင်ကြတာမှ မဟုတ်ဘဲ၊
လူနဲ့ ယူဇနာတစ်ရာလောက် ဝေးတဲ့နေရာမှာ
ရပ်နေတာတောင် လည်ပင်းမှာ ခွေးသေကောင်ပုပ်
အဆွဲခံထားရသလို သင်တို့နတ်တွေ လူနံ့ကို
နံစော်ကြတယ်၊ ရွံရှာကြတယ် မဟုတ်လား၊
နေပါ့စေ၊ မဆေးပါနဲ့၊ တို့ဘာသာတို့ပဲ ဆေးပါ့မယ်ကွယ်။”

“အရှင်ဘုရား . . . လူနံ့ နံတယ်ဆိုတာ ဘာမှ
မပြောပလောက်ပါဘူး၊ အခုအရှင်ဘုရားရဲ့
သီလရနံ့ဟာ တပည့်တော်တို့ရဲ့
နတ်ပြည်ခြောက်ထပ်ကိုတောင်
ကျော်တက်ပြီးတော့ အထက်ဘ၀ဂ်ထိအောင်
သင်းပျံ့ကြိုင်လှိုင်နေပါတယ်ဘုရား၊ သီလရနံ့ထက်
သာလွန်မွှေးပျံ့တဲ့ရနံ့ လောကမှာ မရှိပါဘုရား။
အရှင်ဘုရားရဲ့ မွှေးပျံ့တဲ့ သီလရနံ့ကြောင့်ပဲ
တပည့်တော် ခြေတော်ဆေးကုသိုလ်ယူဖို့
အရောက်လာခဲ့ရခြင်း ဖြစ်ပါတယ်ဘုရား”

သိကြားမင်းကြီးဟာ ပြောပြောဆိုဆိုပဲ
ဘယ်ဘက်လက်နဲ့ မထေရ်ကြီးရဲ့ ခြေဖမိုးကို ကိုင်ပြီး ၊
ညာဘက်လက်နဲ့ ခြေဖ၀ါးတော်ကို စောင်းငဲ့
ပွတ်တိုက်ပေးလိုက်ပါတယ်။
အရှင်မဟာသီဝမထေရ်ကြီးရဲ့ ခြေတော်တွေလည်း
ကလေးငယ်လေးတွေရဲ့ ခြေတော်တွေလို
နူးညံ့ပျော့အိသွားပါတော့တယ်။

အင်မတန် ညစ်ပတ်နံစော်ပြီး ရွံစရာကောင်းလှတဲ့
လူနံ့ကိုတောင် လွှမ်းမိုးနိုင်တဲ့ သီလရနံ့ကိုမှ
“အနှိုင်းမဲ့ ရနံ့”လို့ မပြောရင် ဘယ်ရနံ့ကိုများ
အနှိုင်းမဲ့ ရနံ့ လို့ ပြောဦးမှာလဲ။

■သီလရနံ့ဟာ မွှေးပျံ့ကြိုင်လှိုင်တဲ့နေရာမှာ
အနှိုင်းမဲ့ ဖြစ်သလို သီလပျက်အနံ့ဟာလည်း
ညစ်ပတ်ပုပ်ဟောင်တဲ့နေရာမှာ “အနှိုင်းမဲ့ အပုပ်နံ့”ပါပဲ။
ဘာလို့လဲဆိုတော့ သီလပျက်သတင်းဟာ
လူ့ပြည်၊ နတ်ပြည်သာမက ဗြဟ္မာ့ပြည်တိုင်အောင်
ပုပ်ဟောင်ပျံ့နှံ့သွားတတ်လို့ပါပဲ။

မြတ်စွာဘုရားရှင်လက်ထက်တုန်းက “အရှင်သုဒိန္န”
ဆိုတဲ့ ရဟန်းတော်တစ်ပါး ရှိခဲ့ဖူးပါတယ်။
တစ်ဦးတည်းသောသားဖြစ်တဲ့သူဟာ မိဘနှစ်ပါးကို
ခုနစ်ရက်တိုင်တိုင် အစာငတ်ခံ ဆန္ဒပြခွင့်တောင်းပြီးမှ
သဒ္ဓါတရားအပြည့်အ၀နဲ့ သာသနာ့ဘောင်
ဝင်ရောက်လာခဲ့ရသူပါ။ သာသနာ့ဘောင်ရောက်တော့လည်း
ဓုတင်အကျင့်တွေကို အတတ်နိုင်ဆုံး ဆောက်တည်ပြီး၊
တရားဘာဝနာ ကျင့်ကြံအားထုတ်နေခဲ့ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ မိဘနှစ်ပါးဟာ ပစ္စည်းဥစ္စာနဲ့
ဖြားယောင်းပြီးတော့လည်း လူထွက်ခိုင်းလို့မရ၊
မယားဟောင်းနဲ့ ဖြားယောင်းပြီးတော့လည်း
လူထွက်ခိုင်းလို့မရတဲ့ သားဖြစ်သူ သုဒိန္နဆီက
နောက်ဆုံး အခွင့်အရေးအဖြစ် အမွေဆက်ခံမယ့်
သားမျိုးစေ့ တောင်းကြပါတော့တယ်။

အရှင်သုဒိန္နလည်း တရားဖြောင့်ဖြောင့်
အားထုတ်ချင်တဲ့စိတ်နဲ့ နားငြီးသက်သာ ပြီးရောဆိုပြီး
ဥတုပန်း ပွင့်နေတဲ့ မယားဟောင်းရဲ့ ခန္ဓာကိုယ်ထဲကို
မဟာဝုန်တောကြီးထဲမှာ သုံးကြိမ်တိုင်တိုင်
သားမျိုးစေ့ ပေးလိုက်ပါတယ်။
အရှင်သုဒိန္နရဲ့ အဲဒီသတင်းဟာ
မဟာဝုန်တောကြီးထဲက ဘုမ္မစိုးနတ်တွေက စပြီး၊
အဆင့်ဆင့် ပျံ့နှံ့သွားလိုက်တာ နတ်ပြည်၊
ဗြဟ္မာ့ပြည်အနှံ့ အထက်ဘ၀ဂ်တိုင်အောင်
ရောက်ရှိသွားပါတယ်။ နတ်ဗြဟ္မာအားလုံးက
အကြီးအကျယ် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြောကြပါတယ်။

တကယ်တော့ အရှင်သုဒိန္နဟာ သဒ္ဓါတရား
ကြီးမားစွာနဲ့ ရဟန်းပြုလာသူ၊
ဓုတင်တွေဆောင်ပြီး တရားအားထုတ်နေသူ၊
တကယ့် သူတော်ကောင်းကြီးပါ။
ဒါပေမယ့် စဉ်းစားဆင်ခြင်းဉာဏ် ခေါင်းပါးတဲ့
“မိမိုက် ၊ ဘမိုက် (ပါပမိတ္တ)” ရဲ့ စကား
နားထောင်မိလိုက်တဲ့အတွက်
ကိုယ်ကျင့်သီလပျက်ပြီး ၊
သတင်းအပုပ်နံ့ ထွက်ခဲ့ရပါတယ်။
ဒီဘ၀မှာ မဂ်ဖိုလ်ရထိုက်သူ ဖြစ်ပါလျက်
သီလပျက်ခြင်းကြောင့် ဖြစ်ရတဲ့ နောင်တတရားတွေနဲ့
စိတ်နှလုံးပူပန်ပြီး အဖိုးတန်ရဟန်းဘ၀ကို
အချည်းနှီး အဆုံးသတ်ခဲ့ရပါတယ်။

ကိုယ်ကျင့်သီလ ပျက်စီးရခြင်းရဲ့
အကြောင်းရင်းတွေထဲမှာ “ပါပမိတ္တ” နဲ့
ပေါင်းဖော်ခြင်းဆိုတဲ့ အကြောင်းတရားလည်း
တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

■“ပါပမိတ္တ” ဆိုတာ မိတ်ဆွေဆိုး၊ မိတ်ဆွေညံ့၊
မိတ်ဆွေယုတ်၊ မိတ်ဆွေမိုက်ကို ပြောတာပါ။
သက်သက်ညှာညှာ ပြောရရင်တော့ မကောင်းတဲ့မိတ်ဆွေပေါ့။
မိတ်ဆွေတု၊ မိတ်ဆွေမှားပေါ့။ မလုပ်သင့်တာ လုပ်ဖို့
တိုက်တွန်းတဲ့သူ၊ နည်းမှားလမ်းမှား ညွှန်ပြတဲ့သူ၊
ဆုံးဖြတ်ချက် အမှားတွေ ချပေးတဲ့သူဟာ ပါပမိတ္တပါပဲ။
ပါပမိတ္တနဲ့ ပေါင်းရင် သီလပျက်တတ်ပါတယ်။

စာသင်တိုက်ကြီးတစ်ခုက စာသင်သား
ရဟန်းပျိုတစ်ပါးကို သူ့ရဟန်းဒကာမကြီးတစ်ယောက်က
“စာချည်းပဲ ဖိလုပ်မနေနဲ့၊ အဂ္ဂမဟာပဏ္ဍိတစတိုင်
ဖမ်းမနေနဲ့၊ လူငယ်ဆိုတာ စိတ်ကို ချုပ်တည်းမထားရဘူး။
စိတ် လွတ်လွတ်လပ်လပ် နေရတယ်။
လာ.. ဗီဒီယိုကြည့်ရအောင်”
ဆိုပြီး၊တစ်ခါတစ်ရံ သူ့အိမ်ပင့်လို့
ဗီဒီယိုအခွေ အတင်းကြည့်ခိုင်းပါသတဲ့။

ကွယ်ရာကျတော့ အဲဒီရဟန်းပျိုလေးကို
“ဗီဒီယိုကြည့်ပါတယ်၊၀ိနည်းလည်း
မလေးစားဘူး” ဆိုပြီး အတင်းပြော အပုပ်ချပါသတဲ့။
စာသင်သားဘ၀က လွန်မြောက်ပြီး
“ဆရာတော်တစ်ပါး”ဖြစ်သွားတဲ့အခါ မှာတောင်
အဲဒီကိစ္စကို ငယ်ကျိုး၊ငယ်နာတစ်ခုအနေနဲ့
ပါးစပ်အရသာခံ အပုပ်ချနေတုန်းဆိုပဲ။
ဪ . . . ပါပမိတ္တများ
တယ်ကြောက်စရာကောင်းပါလား. ..။

တချို့ ကိုယ့်ကို ချစ်သလိုလို၊
ကိုယ့်အကျိုးကို လိုလားသလိုလိုနဲ့
ကိုယ့်ရဲ့ သီလကို ဖျက်ဆီးတတ်ပါတယ်။
ကိုယ့်ရှေ့မှာတော့ ပြုံးပြုံးပြုံးပြုံးနဲ့ ပျော်ရွှင်ရယ်မောလို့၊
အလိုတူကျေနပ်လို့။ ကွယ်ရာကျတော့မှ
“ပေါင်းကြည့်မှ အကြောင်းသိတယ်”ဆိုပြီး
အတင်းပြော၊ အပုပ်ချတတ်ပါတယ်။
ကိုယ့်သတင်းလည်း ပုပ်၊ သူ့ပါးစပ်လည်း ပုပ်၊
ကိုယ်ပုပ်သူပုပ် နှစ်ယောက်လုံး ပုပ်တော့
ဘယ်မှာလာ ကောင်းပါတော့မလဲ။

သီလပျက်အပုပ်နံ့ဟာ “တစ်ခါတစ်ရံ”
ဆိုပြီးတော့လည်း ချမ်းသာမပေးပါဘူး။
“စ တာ၊ နောက်တာပါ” ဆိုပြီးတော့လည်း
ညှာတာခြင်း မရှိပါဘူး။ “အချင်းချင်းမို့”
ဆိုပြီးတော့လည်း နားလည်ခွင့်လွှတ်ခြင်း မရှိပါဘူး။

ကိုယ်ကျင့်သီလနဲ့ ပတ်သက်လာရင် ဘယ်သူ့မှ
မယုံကြည်တာ၊ ဘယ်သူ့မှ အားမနာတာ၊
ဘယ်သူ့မှ မလိုက်လျောတာ၊ ဘယ်သူ့မှ
မစ မနောက်တာ၊ဘယ်သူ့မှ မချစ်ခင်တာ
အကောင်းဆုံးပါပဲ။ပါပမိတ္တနဲ့ တွေ့သွားရင်
လိုတာထက်ပိုပြီး “အပုပ်နံ့”ထွက်သွားပါလိမ့်မယ်။

သီလရနံ့ဟာ အမွှေးပျံ့ဆုံးရနံ့လို့ သီလကို ခေါင်းတပ်ပြီး
ဆိုထားပေမယ့် သီလတစ်ခုတည်းတော့ မဟုတ်ပါဘူး။
“သတိ၊ သမာဓိ၊ ပညာ” စတဲ့ သူတော်ကောင်းတရားတွေ
အားလုံး ပါဝင်ပါတယ်။ သီလဆိုတာ ကိုယ်ပေါ်၊
နှုတ်ပေါ်မှာ ထင်ရှားလို့ ထင်ထင်ရှားရှားတစ်ခုကို
ပဓာနပြု ခေါင်းတပ်ပြီး “သီလရနံ့” လို့ ဆိုထားတာပါ။

တကယ်တော့ “သီလ” မရှိဘဲနဲ့ “သမာဓိ၊ ပညာ”
မပြည့်စုံနိုင်သလို သမာဓိ၊ ပညာ မရှိဘဲနဲ့လည်း
သီလမပြည့်စုံ နိုင်ပါဘူး။ သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါးဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်
ဆက်စပ်နေပါတယ်။ အဆင့်အမြင့်ဆုံး သီလဟာ
ရဟန္တာပုဂ္ဂိုလ်ရဲ့ သီလပါ။ သမာဓိ၊ ပညာ မကျင့်ဘဲနဲ့
ရဟန္တာ မဖြစ်နိုင်ပါဘူး။ ဒါဆို သီလ အကြွင်းမဲ့
ဖြူစင်ချင်ရင် သမာဓိ၊ ပညာအကျင့်တွေကို မဖြစ်မနေ
ကျင့်ကိုကျင့်ရမယ်ဆိုတာ သေချာသွားပါတယ်။

“ကိုယ်ကျင့်သီလ အကြွင်းမဲ့ ပြည့်စုံချင်ရင်
သတိပဋ္ဌာန်တရား ပွားများရမယ်” လို့ မြတ်စွာဘုရား
ကိုယ်တော်တိုင် ဟောကြားတော်မူထားပါတယ်။
ကိုယ်ကျင့်သီလရဲ့ သဘောတရား၊
အကျိုးအပြစ်ကိုလည်း ဆင်ခြင်နှလုံးသွင်းမယ်။
ကိုယ်ကျင့်သီလ ချိုးဖောက်လိုတဲ့ စိတ်ကိုလည်း
သတိပဋ္ဌာန်နည်းကျ ရှုပွားသွားမယ်ဆိုရင်
“ကိုယ်ကျင့်သီလ ဖြူစင်သူ”ဖြစ်လာနိုင်ပါတယ်။

သီလဆိုတာ ကိုယ်နဲ့ နှုတ်ကို စောင့်ထိန်းတာလို့
ဆိုပေမယ့် စိတ်မနိုင်လို့သာ ကိုယ်နှုတ်
လွန်ကျူးနေကြတာမို့ စိတ်ကို နိုင်နင်းစေနိုင်ရာမှာ
အကောင်းဆုံးနည်းဖြစ်တဲ့ သတိပဋ္ဌာန်
ဝိပဿနာတရားကို သီလဖြူစင်လိုသူတိုင်း
ကြိုးကြိုးစားစား ပွားများအားထုတ်ကြဖို့
အထူး အရေးကြီးလှပါတယ်။

တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့
မြတ်စွာဘုရားရှင်က “ကိုယ်ကျင့်သီလရနံ့” ဟာ
“အနှိုင်းမဲ့ ရနံ့” ဖြစ်ပါတယ်လို့ “သီလဂန္ဓောအနုတ္တရော”
ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့
လူသားတိုင်း လူသားတိုင်း “ကိုယ်ကျင့်သီလရနံ့” ဆိုတဲ့
“အနှိုင်းမဲ့ ရနံ့”နဲ့ အကြွင်းမဲ့ပြည့်စုံအောင်
ကြိုးစားအားထုတ်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်。。。။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association 】
Posted by
www.facebook.com/youngbuddhistassociation.mm
အပ္ပမာဒေန သမ္ပာဒေထ။
-【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
၏ “အနှိုင်းမဲ့ ရနံ့”နှာ ၅၄ - ၆၅ မှ ကူးယူပူဇော်ပါသည်။】