“ငရဲ”ဆိုတာ ကိုယ်မမြင်ရလို့ မရှိဘူးလို့ ပြောလို့ မရဘူး၊
လူ့လောကမှာ မကောင်းတာတွေ လုပ်နေတာကို
မြင်ရရင် မတူညီတဲ့ လုပ်ရပ်တွေကြောင့်
မတူညီတဲ့ အကျိုးတွေဖြစ်မယ်ဆိုတာ ထင်ရှားတယ်၊
အကုသိုလ်ကမ္မပထတရား ၁၀-ပါးကို
အရှိန်အဟုန်နှင့် ပြုလုပ်နေတဲ့သူဟာ သေတဲ့အခါ
ငရဲကို ရောက်တယ်ဆိုတာ ထင်ရှားတယ်၊
အဲဒီထက် သက်သာတဲ့ တိရစ္ဆာန်ဘုံမှာ ဖြစ်တယ်၊
အဲဒီထက် သက်သာတဲ့ ပြိတ္တာ၊
အသူရကာယ်ဘုံတို့မှာ ဖြစ်ကြရတယ်၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့ဆိုတာ
အကုသိုလ် ကမ္မပထတရား ၁၀-ပါးရဲ့ အကျိုးဆက်တွေပဲ။

ဓမ္မကို မကျင့်သုံးသည့်အတွက်ကြောင့်
အပါယ်ဘုံရောက်နေတဲ့ သတ္တဝါဦးရေသည်
လူ့ဘုံနတ်ဘုံမှာရှိတဲ့ ဦးရေထက် များတယ်။

လူတွေက ထင်ကြတယ် - လူ့လောကမှာ
လူဦးရေတွေ အင်မတန်မှ များတယ်လို့၊
လူဦးရေတိုးလာတယ်လို့ ပြောကြတယ်။

တချို့နိုင်ငံဆို လူတောင်ဖြစ်ခွင့်မပေးချင်ဘူး၊
လာချင်တာတောင် လာခွင့် မပေးတာတွေ ရှိတယ်နော်၊
အဲဒီလို လာခွင့်မပေးတာက လူဦးရေများတယ် ထင်လို့။

သို့သော် တိရစ္ဆာန်အမျိုးမျိုးကို မကြည့်နဲ့ဦး၊
တိရစ္ဆာန်တစ်မျိုးတည်းကိုပဲ နှိုင်းစာကြည့်လိုက်လျှင်
အတိုင်းအတာ အလွန်ကွာခြားတယ်။
ငါးတစိကောင်ရဲ့ ၀မ်းထဲမှာ ဥတွေ သန်းချီရှိနေတာ၊
ဒါက ငါးတစ်မျိုးတည်းပဲ၊
ငါးသေးသေးလေးက လူဦးရေထက် မများပေဘူးလား။
ဒီတော့ တိရစ္ဆာန်ဦးရေက များနေတော့
“အဓမ္မဆိုတဲ့ တရား”ကို ကျင့်သုံးနေတဲ့သူက
ပိုများနေတယ်ဆိုတာ ထင်ရှားတယ်။

လောကမှာ ကုသိုလ်ကမ္မပထတရား ၁၀-ပါးလုပ်သူ
များတယ်လို့ အောကိမေ့နေပေမယ့် ကိုယ့်ဘ၀ကိုယ်
ပြန်စဉ်းစားကြည့် -

●နံနက်မိုးသောက် အလင်းရောက်တဲ့အချိန်က စပြီး
“ငါ ဘာမဟုတ်တာ လုပ်မိသလဲ”
“အကုသိုလ်ကမ္မပထတရား ၁၀-ပါးထဲက တစ်ခုခုများ
ကျူးလွန်မိသလား”လို့ မသုံးသပ်ထိုက်ဘူးလား၊
မသုံးသပ်ရင် မသိနိုင်ဘူးလေ။

●နံနက်မိုးလင်းကနေ ညအိပ်ရာဝင်ထိ တစ်နေ့တာ
ဖြတ်ကျော်လာတဲ့ ငါ့ရဲ့ဘ၀ဟာ တစ်နေ့တာ အချိန်အတွင်း -

●“သူများအသက်ကို သတ်မိသလား၊
●သူများဥစ္စာကို မပေးဘဲနဲ့ ယူမိတာ ရှိသလား၊
●သူများသားမယားကို စိတ်နဲ့ ပြစ်မှားမိတာရော ရှိလား၊
●လိမ်ပြီး ပြောမိသလား၊
●ရိုင်းပြဆဲရေးတဲ့စကား ပြောမိသလား”
လို့ ကိုယ့်ကိုယ်ကို ပြန်စစ်။

“သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုမှု
လောဘနဲ့ တွေးမိသလား၊
လူတစ်ဦးတစ်ယောက်ကို ပျက်စီးအောင် တွေးမိသလား၊
ကံကံ၏အကျိုးကို ယုံကြည်မှုကင်းမဲ့တဲ့
အတွေးအမြင်များ ပေါ်မိသလား”
ကိုယ့်ကိုယ်ကို အမှန်အတိုင်း ဆန်းစစ်ကြည့်ဖို့ လိုတယ်။

ဒီလို ဆန်းစစ်ကြည့်ရင် ကိုယ်လုပ်တဲ့
အလုပ်တွေ ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မယ်။
ပေါ်လာတဲ့အခါကျရင် မကောင်းတဲ့
အကုသိုလ်အလုပ်တွေ လုပ်မိခဲ့ရင် ပြောင်းလုပ်ဖို့၊
ကောင်းတာ လုပ်မိရင် ဆက်လုပ်ဖို့၊
“ကိုယ့်ကိုယ်ကို အားကိုးတယ်”ဆိုတာ အဲဒါကို ပြောတာ။
မကောင်းတာလုပ်မိရင် ကိုယ့်ကိုယ်ကို ဆုံးမရတယ်
“ဒါမျိုး မလုပ်နဲ့” လို့။

-【ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ】
Posted by ►
www.facebook.com/youngbuddhistassociation.mm