ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂၅၀၀ ကျော်ပြီ။ မရှိတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား။ ကိုးကွယ်နေလို့ကော အကျိုးရှိပါမလား။

ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား..ဆင်းတုတွေ ရုပ်ပုံတွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ။

ဒါတွေက အနောက်နိုင်ငံသားတွေ ဘာသာခြားတွေမေးတက်တဲ့ မေးခွန်းတွေပဲ။

ဂေါတမ မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့ သူဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပဲ။ သူဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့ပဲ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို ညွှန်ပြပေးခဲ့ဖို့ပဲ။

ဒါတွေက အခု အကုန်ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစားရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြုနိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ ၄ မျိုးကို သတ်မှတ်ပေးတော်မူခဲ့တယ်။

ဓာတုစေတီ… ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိၤုဟ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင် ကိုယ်စားကိုးကွယ်နိုင်တယ်။

ဓမ္မစေတီ… ဗုဒ္ဓမြတ်စွာ ၄၅ နှစ်တိုင်တိုင် ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်ဆည်းကပ်နိုင်တယ်။

ဥဒ္ဒိဿစေတီ… သက်တော်ထင်ရှား မြတ်ဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်၊ ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ၊ ဒီအရာတွေအားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော်နိုင်တယ်။

ပရိဘောဂစေတီ… မဟာဗောဓိပင် အပါအဝင် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ တောင်ဝှေးစသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်ကိုးကွယ်နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီအဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်းဖြစ်တယ်။ ပန်းချီကားအနေနဲ့ ရုပ်ထု၊ ဆင်းတုတော်များအနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ… ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာမဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းဖြစ်တယ်။ မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကိုထင်မြင်လာအောင် အထောက်အပံ့ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူးပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့ မိဘတို့ရဲ့ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကိုကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော်တိုဟာ အထောက်အပံ့ ပစ္စည်းမျှသာဖြစ်တယ်။ ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့်လဲ မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို ရည်မှန်းပြီး ရှိခိုးပူဇော်နိုင်ပါတယ်။ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ ရည်မှန်းပြီး ပူဇော်ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်းတူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များစုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့မြင်အောင် အာရုံပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာမဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂဝါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထိုမြတ်စွာဘုရားဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ်လို့ဆိုတဲ့အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဩဝါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဒီဘုရား၊ တရား၊ သံဃာလို့ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံးရတနာ သုံးပါးဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

{ ဗုဒ္ဓဘာသာက ဆင်းတုတွေ၊ ရုပ်ပုံပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလို့ပြောတဲ့ ဘာသာခြားတွေကို ဒီ Post လေးကို Share ခြင်ဖြင့်ရှင်းပြပေးစေလိုပါသည်...}

(ဒေါက်တာမင်းတင်မွန်)