ကာမ ကိစ္စကျတော့ အရင်ကလုပ်ခဲ့ဘူးတော့
ဒီဘဝမှာလည်း ဆရာမပြဘဲနဲ့တောင်
တက်ပါ့ဗျာ။ ဈာန်ကိစ္စကျတော့
ဆရာပြတာတောင် သဘောပေါက်ရဲ့လား။
မလုပ်ခဲ့ဘူးဆိုတာ သေချာတယ်ထင်သဗျာ။
ဒီလိုဆို ကိလေသာကို ရှို့မြိုက်ဖျက်စီးပြီး
ဆန်ပြီးဆန်ပြီး တက်ဘူးတဲ့ ဗြဟ္မာဘုံကို ရောက်ဖူးဘို့တော့ တော်တော်ခဲရင်းလိမ့်မယ်။
နတ်ပြည်ကတော့ တစ်ခါတစ်လေတော့ရောက်ဖူးမှာပေါ့လေ။
သူ့တော့ရောက်ဖူးတယ်ပြောရမှာပေ့ါ။
လူ့ဘုံကတော့ မကြာမကြာလောက်တော့ ရောက်ဖူးတယ်ထင်တယ်။
အမြဲလား၊မကြာမကြာလား။
မကြာမကြာလောက်တော့ဖြစ်မှာပါ။
အမြဲတော့ မဖြစ်နိုင်ပါဘူး။

ဘာဖြစ်လို့တုန်း...
တစ်ရက်အတွင်း ဖြစ်နေတဲ့စိတ်ကို
သုတေသနပြုကြည့်။
မောဟက တိရစ္ဆာန်သွားမှာကွဲ့။
အိပ်ပျော်နေတဲ့ ညတစ်ဝက်က ဘာစိတ်တုန်းဟေ့။
မောဟထင်တယ်။
အိပ်ပျော်နေတုန်း လိုချင်တာရှိလား။
မုန်းတာတွေ ဒေါသတွေရှိလား။ကဲမောဟဗျာ့။
ညတစ်ဝက်ကလည်း တိရစ္ဆာန်ဘုံသွားတာထင်တယ်။
သူလည်း မျောလိုက်သွားတာ ထင်တယ်။
ဆန်တက်သလား?မျောလိုက်သလား?မျောလိုက်တာပါ။
နှိုးတဲ့အချိန်ကျမှ ဒါတောင် သုန်သုန်မှုန်မှုန်နဲ့နေမှာပါ။

လိုချင်တာလေးတစ်ခုရှိမှ လောဘကလာတာ။
လိုချင်တာလေး သူ့လက်ထဲရောက်လို့
သူစိတ်တိုင်းကျရင် လောဘက ပြန်သွားတာ။
ကျန်တဲ့အချိန် မောဟအတိုင်းပဲ။
တွေတွေဝေဝေဘဲ။
မှတ်စိတ်မရှိရင် မောဟထင်တယ်။

ဒေါသကလည်း သူ့မခံချင်စရာလေး
တစ်ခါရှိမှ တစ်ပွက်တစ်ခါ ဖြစ်တာပေါ့။
ငါးပွက်သလိုထင်တယ်။
သူ့စိတ်တိုင်းကျ သူ ပြုကျင့်ရရင်
ကျေနပ်သွားတာ။
ကျန်တာက မောဟပဲကျန်တာ။
အဲ့တော့ နေ့မှာလည်း မောဟပဲ။

ထိုင်နေရင်းနဲ့စိတ်တွေ တောင်စဉ်ရေမရ အတွေးတွေ ဝင်မနေဘူးလား။
တစ်ခါတစ်လေ တစ်ခုတည်းမှာကို
ဝဲလှည့်နေသလို ဒီကိစ္စကို လုပ်ရကောင်းမလား၊မလုပ်ရကောင်းမလား၊
ချီတုံချတုံတွေရော ဖြစ်တက်ဘူးလား။
ဒါလည်း မောဟပဲ။

အဲ့တော့ မောဟက ၂၄နာရီ ဘယ်လောက်ဖြည့်စီးထားသလဲ။
အများဆုံး ၂၃ နာရီလောက်ရှိလိမ့်မယ်။
၂၄ နာရီမှာ မောဟက
တိရစ္ဆာန်ဖြစ်မယ့်မျိုးစေ့က
ဘယ်လောက်ရှိမယ်ထင်တုန်း။
အများဆုံးပါ။ သူသည် ပထမဇောထင်တယ်။

လောဘက လိုချင်တဲ့စိတ်၊
လိုချင်တာလည်း တစ်နေ့တာလုံးလုံး
လယ်လည်း လယ်မို့၊ယာလည်း ယာမို့၊ တို့မြို့မှာလည်း အရောင်းဝယ်မို့၊ရုံးမှာမို့။
သူလိုချင်တာလေးလည်း ဒုတိယတော့ လိုက်လိမ့်မယ်။
လိုချင်တာ မရတဲ့အချိန်ကျမှ
ဒေါသက လာလိမ့်မယ်။
လိုချင်တာ လက်လွှတ်ဆုံးရှုံးတဲ့အခါမှ ဒေါသက လာလိမ့်မယ်။

လူ့ဘဝရောက်တုန်း ကောင်းမှုပြုမယ်ဆို ဆွမ်းတော်ကပ်ဘူးလား။
ဒါတောင် သြကာသ ရလို့ဆိုတာဗျ။
မောဟနယ်ထဲက ဆိုနေတာ။
ကိုယ့်စိတ်နဲ့ကိုယ် ဆိုနေတာလား?
ရလို့ဆိုနေတာလား?
ရလို့ဆိုနေတာပါ။
သြကာသ တစ်ပုဒ်လုံး ဘုရားစီ တည့်တည့်ရောက်သလားဟေ့။
အမယ်..ကောင်းမလားလို့ဆွမ်းထွက်လောင်းတော့လည်း
ဘုန်းကြီးသပိတ်နဲ့ကိုယ့်စိတ်နဲ့တည့်သလား။ တည့်မှာမဟုတ်ပါဘူး။

ကောင်းတာလုပ်တာတောင် မောဟ ကင်းလားဗျ။
ကောင်းမှုလုပ်တဲ့ထဲလည်း
မောဟက နှုတ်ဦးမှာပါဗျ။
ဒါတောင်များများကြီးမလုပ်နဲ့၊
ဒီလောက်ဆို တော်ရောပေါ့တဲ့။
အထက်တက်မှာဆိုးလို့ဗျ။
မောဟက များများကြီးလုပ်ခွင့်ပြုလား။

ဒီလိုဆို မောဟသည် တိရစ္ဆာန်ဖြစ်မှာဆိုတော့
တိရစ္ဆာန်ရဲ့ဉာဉ်ကတော့
ကြိုက် ကြိုက်သလို
လိုက်တော့တာပဲ။
ခွေးကြည့်,မြွေကြည့်,ကျားကြည့်ပါ။
သူတို့ကြိုက် ကြိုက်သလိုဘဲ။
စောင့်စည်းသေးလား။

အော် ငါဒီလိုလိုက်လို့
သူ့ခမျာ ကြောက်လို့ပြေးရှာတာပဲဆိုပြီး
နားနေရစ်သလားဟေ့။

မိပြန်တော့ကော--
ဟိုက တောင်းပန်လိုက်တာ။
သူ့အသက်ကလေးနှမျောလို့တစ်ဖက်က။
အဲ့တော့ ကျားကြီးကရော ကိုယ်ချင်းစာစိတ်နဲ့လွှတ်လိုက်ရောလား။

ကြိုက် ကြိုက်သလို လိုက်တာပေါ့။
မကြိုက်တော့ကော မကြိုက်သလို တိုက်တာပဲ။
မသိတော့ကော မသိသလို လိုက်တာပဲ။
ဒီစိတ်တွေသည် တိရစ္ဆာန်တွေဆီက ပါလာတဲ့ စိတ်တွေ။
တို့စိတ်မဟုတ်သေးဘူး။
လူစိတ် စစ်စစ် ဟုတ်သေးလားဟေ့။

တိရစ္ဆာန် ဘဝတစ်ရာလောက်မှ လူတစ်ဘဝ ပြန်ရသတဲ့။
ဘာလိုဆိုတော့ ဟိုဘက်က မောဟက
အကျိုးပေး ဆက်ဆက် ဆက်ဆက်ပြီး
အားနည်းပြီဆိုမှ ကောင်းတဲ့ကံလေးထပြီး
အလှည့်ကျခွင့်ရသတဲ့ဗျာ။

တိရစ္ဆာန် ဘဝ တစ်ရာလောက်မှ
လူ တစ်ခေါက်တစ်ခေါက်ဆိုတော့
လူ့ပြည်က ဧည့်သည်ဖြစ်နေတယ်တဲ့။
တိရစ္ဆာန်ပြည်က ကိုယ့်အိမ်ဖြစ်နေတယ်။

ရှာဖွေတဲ့ပစ္စည်းတွေ ကောင်းတာဖြစ်ဖြစ်
ဆိုးတာဖြစ်ဖြစ် အရူးလည်း အရူးနဲ့ထိုက်တန်တဲ့ပစ္စည်းလေးတော့ နှမျောတာပဲ။
လိုချင်တာပဲ။ ခင်မင်တာပဲဗျ။
ဒုတိယ ခင်မင်စိတ်လိုက်တဲ့အတွက်ပြိတ္တာဖြစ်တာ ဒုတိယလိုက်တယ်။
အိမ်စွဲ အိမ်နားက မကျွတ်ဘူး။
သားစွဲ သားနား၊သမီးစွဲ သမီးနား။မကျွတ်မလွတ်ပေါ့ဗျ။

စွဲတဲ့နေရာ ငြိတာပဲ။
နည်းသည်ဖြစ်စေ၊များသည်ဖြစ်စေ
စွဲရင် ငြိတာပဲ။ ပြိတ္တာက ခင်မင်စိတ်က ပို့မှာလေ။

တို့ရန်ကုန်တုန်းက တို့နဲ့အတူနေ ပုဂ္ဂိုလ်တစ်ဦးက လျှောက်ဖူးပါတယ်။
ဒကာကြီးပါပဲ။သူ့အဖေက သစ်တောဝန်ထောက်ကြီး။
ရှေးခေတ်က ဘန်ဂလိုဆိုတာ တောထဲမှာရှိတယ်။
အဲ့မှာသူတို့နေတယ်။
နေရင်းနဲ့သူ့အိမ်က အစေခံခေါ်မှာပေါ့လေ၊အမျိုးသားပေါ့။
တောထဲက ဘန်ဂလိုမှာနေရင်း ပျက်စီးသွားတယ်။
ပျက်စီးပြီးညကျတော့ ခြံအပေါက်ထွက်က
ပိတောက်ပင်အောက်က သူ့အသံကြားနေရတာ။
နားထောင်တော့ လူသံပဲ။
သေသေချာချာနားထောင်တော့ လူစကားမဟုတ်ဘူးတဲ့။
သူ့အဖေက ဒီကောင်မကျွတ်ဘူး၊
ဒီနားမှာရှိရမယ်။
မင်းတို့ပိတောက်ပင်အောက်ကို တူးကြည့်ကြစမ်းကွာလို့
နောက်ရက် မနက်ကျခိုင်းတယ်။
ခိုင်းတော့ တူးကြည့်တော့ ဆေးတံ ဘောက်ဗူးလေး တွေ့ဖူးမှာပေါ့။
လင်ကွန်တို့။ဘလူးစတားတို့။
လင်ကွန်းစေးတံက ဘောက်ဗူးလေးထဲမှာ။မြေစေးအိုးမဲမဲလေး။
စေးတံလေးတစ်ခုနဲ့ငွေတမူးကို လင်ကွန်းသံဗူးထဲထည့်ပြီးမြှပ်ထားတာ။
ပိတောက်ပင်အောက် အဲ့တာစွဲလို့၊အဲ့ဒီမှာ ပြိတ္တာဖြစ်သတဲ့။
ဘယ်လောက်တန်ဖိုးရှိသလဲဟေ့။
မရှိပါဘူးနော်။ အဲ့တော့ တန်ဘိုးကြီးမှ စွဲမှာလား။

ကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ
ခင်မင်စိတ်က အဲ့နေရာမှာစွဲ
အဲ့နေရာမှာငြိတယ်။

ပြိတ္တာသည် ဒုတိယအဖြစ်များဆုံးထင်တယ်။
ငရဲကတော့ အလွန့်ကို ဒုစရိုက်မှုကျူးလွန်နေပြီး
ဘာမှမသိတက်တဲ့ဟာမျိုး။
လူ့တိရစ္ဆာန်ခေါ်မှာပေ့ါ။

တိရစ္ဆာန်ဘုံကနေပြီး ကောင်းမှုကုသိုလ်တစ်ခုကြောင့်
လူ့ဘဝရောက်လာပြန်တော့လဲ
တိရစ္ဆာန်ဉာဉ် မပျောက်ကြဘူး။

ကောင်းတဲ့စေတနာလေးက
၂၄ နာရီမှာ မပြောပလောက်စွာပွင့်တာ။
မပြောပလောက်တဲ့ အပွင့်လေးက
အလှည့်ကျလို့လူရယ်လိုဖြစ်လာတာ။

ခက်ခက်ခဲခဲကြားက ရလာတဲ့ လူရယ်လို့ဆိုရမယ်။
လူ မှ လူ
လူ မှ နတ်
လူ မှ ဗြဟ္မာ
လူ မှ အရိယာဘုံထိ သွားခွင့်ဟာ ဒီမှာပဲရှိတယ်။

အဆင့်တက်နိုင်ရင် အဆင့်တက်ခွင့်ခေါ်မလား။
တက်ချင်ရင် တက်ခွင့်ခေါ်မှာပေါ့။
ရောက်မယ်ပြောတာ မဟုတ်ပါဘူး။
တက်ချင်ရင် တက်ခွင့်ရှိတယ်။
ဒါ လူ့အခွင့်အရေးပဲ။

ဘာဖြစ်လို့တုန်းဆိုတော့
ကိုယ်နဲ့စိတ် ကောင်းကံပြုနိုင်တာ
လူ့ဘုံပဲရှိတယ်။

(မဟာဗောဓိမြိုင်ဆရာတော်
ဝနဝါသီ ေဥယျဓမ္မသာမိထေရ်)

မေတ္တာဖြင့် -ကိုသန့်ကြီး