မေတ္တာဖြန့်ရာတွင် ရည်ညွှန်းသော “သြဒိသမေတ္တာ”၊
မရည်ညွှန်းသော “အနောဓိသမေတ္တာ”နှစ်မျိုးရှိရာ
“အနောဓိသမေတ္တာ”ထက် “သြဒိသမေတ္တာ”ကစူးရှသည်။
သြဓိသတွင်လဲ မြင်ဖူးသူ၊ မမြင်ဖူးသူရှိပြန်ရာ
မမြင်ဖူးသူထက် မြင်ဖူးသူကို စူးရှသည်။
မြင်ဖူးသူတွင်လဲ အမြင်နည်းသူထက် ၊
အမြင်များသူကို စူးရှသည်။ အမြင်များသူတွင်လဲ
အကျွမ်းမဝင်သူထက် အကျွမ်းဝင်သူကို စူးရှသည်။

အကျွမ်းဝင်သူတွင်လဲ နေ့အခါထက် ညအခါ စူးရှသည်။
ညအခါတွင်လဲ မေတ္တာအပို့ခံရသူက လှုပ်ရှားနေသူထက်၊
ငြိမ်နေသူကို စူးရှသည်။
ငြိမ်နေသူတွင်လဲ အမှတ်တမဲ့ဖြန့်ခြင်းထက်
ချိန်၍ ဖြန့်ခြင်းက စူးရှသည်။
သို့ဖြစ်လေရကား မကျန်းမာ၍ဖြစ်စေ ၊တစ်စုံတစ်ခုကြောင့်ဖြစ်စေ၊
ဆင်းရဲဒုက္ခတွေ့နေသူအား နေ့ရက် ၊အချိန် ၊မျက်နှာပုံ ၊နေထိုင်ပုံ
စသည်တို့ုကိုသိအောင် ချိန်းဆိုပြီး ထိုသူ၏ နှလုံးအိမ်ကိုဖြစ်စေ၊
ခံတွင်းပေါက်ကိုဖြစ်စေ သေသေချာချာ ချိန်လျှက်
“မည်သူချမ်းသာပါစေ” ဟူသော မေတ္တာဓာတ်ကို
ထပ်တလဲလဲ စွဲစွဲမြဲမြဲ ဇွဲသန်သန်နှင့် ဖြန့်ဖြူးသွန်း
လောင်းနိုင်ပါမူ သိသိသာသာ စူးရှသည်ကို
တွေ့မြင်ရပါလိမ့်မည်။

သေဒကသုတ် ပါဠိတော်အရ “သူ့အကျိုးဆောင်၍
ကိုယ့်အကျိုးအောင်” ဟူသောအလုပ်သည် “ဗြဟ္မာ့ဝိဟာရ”
လုပ်ငန်းသာလျှင် ဖြစ်ကြောင်း ဟောတော်မူ၏။
မိမိမေတ္တာပွားပို့ခြင်းကြောင့် ကမ္ဘာသူကမ္ဘာသား (၃၁)ဘုံသူ၊
(၃၁)ဘုံသားတို့ အအေးဓာတ်ကူးကာ ချမ်းသာနိုင်သည့်
သဘောသည် မည်သည့်ရှုထောင့် ၊မည်သည့်အမြင်အရ မဆို
ထင်ရှားလှပေသည်။ ကျေနပ်ထိုက်လှပေသည်။
ယုံကြည်အားကိုးထိုက်လှပေသည်။

မေတ္တာပွားခြင်းဖြင့် သတ္တဝါများအတွက် အကောင်းဆုံးသော
အကျိုးဆောင်ခြင်း ၊ဆုလာဘ်ကြီးများကို ဝေငှနေခြင်းပင်ဖြစ်၍
တန်ဖိုးကြီးမြတ်လှသော အသက်ရှင်ရခြင်းဖြစ်ကြောင်း
ထင်ရှားလှပေသည်။

“ မေတ္တာပို့စဉ် စိတ်ထားနည်း ”
••••••••••••••••••••••••••••••••••••••••
(၁)။ မေတ္တာမပွားပို့မီ မိမိတစ်ကိုယ်လုံး သန့်စင်သွားစေရန်
ဦးစွာသီလဖြင့် ဆေးကြောပါ။(ငါးပါးသီလ၊ရှစ်ပါးသီလခံယူပါ)။
ပို့လွှတ်ရာ၌ ပို၍ အင်အားကြီးအားစေရန် ဂုဏ်တော်များကို
ပွားများကာ တစ်ကိုယ်လုံး မွှမ်းထုံ ထားရမည်။

(၂)။မေတ္တာ၏ သဘောအဓိပ္ပါယ်ကို ကျေညက်အောင်
လေ့လာ၍ မေတ္တာအင်အားကို အကြွင်းမဲ့ ယုံကြည်ရမည်။

(၃)။ အသက်ထင်ရှား ကျေးဇူးများ၍ လေးစားထိုက်သော
ဆရာသမား ဘိုးဘွားမိဘနှင့် သာသနာ့အကျိုး ၊
သတ္တဝါ အကျိုးတို့ကို ဆောင်ရွက်တော်မူကြသော
ဆရာတော်ကြီးများ ၊ အရိယာသူတော်ကောင်းကြီးများအား
အနည်းဆုံး ၊ဆယ်ဦးခန့် သီးသန့်ရွေးချယ်၍ ဦးစွာပို့သရမည်။

(၄)။ပြီးလျှင် တိုင်းပြည် မြို့ရွာ အကြီးအကဲများနှင့်
အရပ်ဆယ်မျက်နှာရှိ သတ္တဝါများကို မေတ္တာပို့လွှတ်ရမည်။

(၅)။ သတ္တဝါအများ ကောင်းစားချမ်းသာစေလိုသော
မိမိပို့လွှတ်သည့် မေတ္တာလှိုင်းများ မိမိပို့လွှတ်ရာသို့
အမှန်တကယ် ရောက်ရှိသွားပြီ၊
မေတ္တာခံသူများ အမှန်တကယ် ချမ်းသာနေကြပြီဟု
စိတ်ထဲကယုံကြည်ထင်မှတ် နေရမည်။
မေတ္တာခံသူထံ မိမိမေတ္တာရောက်ကြောင်း သင်ကိုယ်တိုင်
သိလာပါလိမ့်မည်။

(၆)။ ငါသည် တစ်လောကလုံး ငြိမ်းချမ်းသာယာရေးအတွက်
၆၄ ကမ္ဘာတိုင်တိုင် အာနိသင်အား မကုန်ဆုံး နိုင်အောင်
အင်အားကြီးမားသော အကောင်းဆုံး ၊အမြတ်ဆုံး
ကုသိုလ်ကြီးကို လုပ်နေသူဖြစ်သည် ဟု ဝမ်းမြောက်ကာ
အသက်မှန်မှန်ရှူ သက်သာသော အနေအထားဖြင့်
အဆက်မပြတ် ပို့လွှတ်ရမည်။

(၇)။ကိစ္စတစ်စုံ တစ်ရာ ဆောင်ရွက်ရန်ရှိသောအခါ
သွားမည့် နေရာ သွားကိစ္စနှင့်စပ်သမျှ
တစ်ဦးချင်း မြင်အောင် ကြည့်ပြီး
“ချမ်းသာပါစေ”ဟု မေတ္တာအအေးဓာတ်များကို
ကြိုတင်ပို့လွှတ်ထားရမည်။သတ္တဝါတစ်စုံတစ်ဦးနှင့်
ကြုံတွေ့ရာ၌လဲ အလျင်ဦးအောင် မိမိက
စတင်မေတ္တာပို့ပေးပါ။
(သို့သော် မိမိအကျိုးရမှု ၊မိမိအားအနှောင့်အယှက်
မပေးစေလိုမှုများ အလျှင်းမပါရှိစေရ။
ထိုသူများ ချမ်းသာကောင်းစားစေချင်သည့်
စိတ်ကိုသာ ဖြစ်ပွားနေစေရမည်။)

(၈)။တတ်နိုင်လျှင် မေတ္တာခံယူသူ တည်ငြိမ်အေးဆေးစွာ
နေချိန်မျိုး( ဥပမာ- ညအိပ်နေချိန်မျိုးမှာ) ပို့လွှတ်ရမည်။
(သို့ရာတွင် အိပ်မွေ့ချသကဲ့သို့ အမိန့်ပေးခြင်း ၊
စုံစမ်း စမ်းသပ်ခြင်းမျိုး မဖြစ်စေရ)။
လိုအပ်လျှင် နိမိတ်ထင်လွယ်အောင် ထိုသူ၏
တစ်ကိုယ်လုံးပေါ် ဓာတ်ပုံကို အသုံးပြုနိုင်သည်။

(၉)။မေတ္တာခံယူသူကို မိမိအနီးအပါး၌ မျက်နှာချင်းဆိုင်
ထိုင်လာနေသကဲ့သို့ စိတ်ညွှတ်ယူ၍ ထိုသူ၏
မျက်စိ ၊မျက်နှာ၊ ပုံပန်းသဏ္ဍာန်ကို ဓာတ်ပုံရိုက်သကဲ့သို့
ခြေဆုံးခေါင်းဆုံး ကွက်ကွက်ကွင်းကွင်း ထင်အောင်မြင်အောင်
ကြည့်ပြီး အထပ်ထပ်ပွားပို့ရမည်။

[မှတ်ချက်။ ။ “အရှင်ပညာစက္က”၏ ပရိတ်တော်၊
ဂါထာတော်များ စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍
လိုရာဆန္ဒပြည့်ဝကြပါစေ။]
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်၊ အိန္ဒိယနိုင်ငံ)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

“မေတ္တာသုတ် သမိုင်း(သို့)
မေတ္တာအခါတော်နေ့(ဝါခေါင်လပြည့်နေ့)”
•••••••••••••••••••••••••••••••••••••••••••••
ဘုရားရှင်လက်ထက်တော်အခါက ကမ္မဋ္ဌာနယောဂီ
ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံကမ္မဋ္ဌာန်း
ယူကြပြီး၊ မြတ်စွာဘုရား၏ သြဝါဒအတိုင်း
ဟိမဝန္တာတောအရပ်ကိုမှီကာ ဂန္ဓဓူရခေါ်
ရဟန်းတရားကို အားထုတ်ပြီး သီတင်းသုံးနေကြကုန်၏။

ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် တောစောင့်နတ်၊
တောင်စောင့်နတ်တို့သည် မိမိတို့နေရာ သစ်ပင်၊
တောတောင်တို့၌ မနေဝံ့ကြသည့်အတွက်
ရဟန်းတော်များအား စိတ်ဆင်းရဲကာ
တရားအားမထုတ်တော့ဘဲ တောမှ
ပြန်သွားအောင် ညအခါ ကြောက်မက်ဖွယ်သော
အဆင်း၊ အသံတို့ဖြင့် နည်းမျိုးစုံသုံးကာ
ခြောက်လှန့်ကြသောကြောင့် ရဟန်းတော်များမှာ
ဖြောင့်မတ်စွာ တရားကို နှလုံးမသွင်းနိုင်၊
သမာဓိ မရနိုင် ဖြစ်ကြ၍ မြတ်စွာဘုရားထံ
ပြန်၍အကြောင်းစုံကို လျှောက်ထားကြရာ..

မြတ်စွာဘုရားရှင်က နတ်များ အနှောင့်အယှက်
ပေးခြင်းမှ ကင်းဝေးစေရန်နှင့်မေတ္တာ
ကမ္မဋ္ဌာန်း-ပွားများ တတ်ရန်အလို့ငှာ၊
ဤမေတ္တာသုတ်ပရိတ်တရားတော်ကို
သင်ကြားပေးပြီး ပြန်လွှတ်လိုက်လေ၏။

ရဟန်းတော်တို့သည် မိမိတို့ သီတင်းသုံးရာ
ဟိမန္တာတောအရပ်သို့ ပြန်ကြွသွားကြပြီးလျှင်
မေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်
သရဇ္ဈာယ်ကြပြီး မေတ္တာကမ္မဋ္ဌာန်းကို
စီးဖြန်းမှုကြောင့် တောစောင့်နတ်
တောင်စောင့်နတ်များ ချစ်ခင်မြတ်နိုးလာကြကာ
ကူညီစောင့်ရှောက်မှုကိုပင် ရကြ၍
ဝိပဿနာတရားများကို ရှေးကထက် ပိုပြီး
အားထုတ်နိုင်ကြသဖြင့် သီတင်းကျွတ်သောအခါ
ထို-အရညဝါသီ တောကျောင်းနေ ရဟန်းငါးရာ
တို့သည် အရဟတ္တဖိုလ်သို့ရောက်၍
ရဟန္တာများဖြစ်ကြကြောင်း ခုဒ္ဒကပါဠိသုတ္တနိပါတ်
တို့ကို ဖတ်ရှုသောအားဖြင့်သိနိုင်ပါသည်။
ဒုတိယ ပဝါရဏာပြုအပြီးမှာ ဘုရားဖူးဖို့၊
ပြန်လည်အစီရင်ခံဖို့ ဇေတဝန်သို့ ပြန်ခဲ့ကြပါတယ်။
ထိုသို့သော အကြောင်းအရာများကို ထောက်ဆ
ကြည့်မည်ဆိုပါလျှင် နတ်များခြောက်လှန့်သဖြင့်
ဇေတဝန် ပြန်ရောက်တာ ဝါခေါင်လပြည့်
ဒုတိယဝါဆိုနေ့ဖြစ်သလို မေတ္တာသုတ်တော်ကို
နာကြားခွင့်သည့်နေ့၊ မေတ္တာသုတ်တော်
ဖြစ်ပေါ်လာသည့်နေ့ပင် ဖြစ်တော့၏။
ထို့ကြောင့် ဝါခေါင်လပြည့်နေ့ကို
မေတ္တာသုတ်တော်နေ့၊ မေတ္တာအခါတော်နေ့ရယ်လို့
ခေါ်ဆို နိုင်ခြင်း ဖြစ်ပါတယ်။ထို့ပြင် အဂုၤတ္တရနိကာယ်
ဧကဒသကနိပါတ် အနုဿတိဝဂ် ၅ခုမြောက်သုတ်၌လည်း
မေတ္တာတရားကို အဖန်ဖန် ပွားများကြပါလျှင်..
ရရှိမည့်အကျိုးကျေးဇူးများကို ဖော်ပြထားပါတယ်။
(မေတ္တာ၏အကျိုးကျေးဇူးများ နှင့် လက်တွေ့ကျင့်စဉ်
ပို့စ်အဟောင်းသို့ အကျယ်ဖတ်ရှုပါရန်..)

၎င်းအပြင် သုဝဏ္ဏသာမဇာတ်တော်၌လည်း
ဘုရားလောင်းသုဝဏ္ဏသာမသည် ခြင်္သေ့၊ သစ်ကျား၊
တောကျွဲ၊ တောဝက်၊ သမင်များနှင့် တော၌
အတူခြံရံနေသည်မှာမေတ္တာစွမ်းရည်ကြောင့်ပင်
ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မေတ္တာသုတ်တရားတော်မှာ
လွန်စွာ အာဏာတန်ခိုး ကြီးမားလှသော
ပရိတ်တော်ဖြစ်၍ ရဟန်း ရှင် လူပုဂ္ဂိုလ်အများ
မေတ္တာအကျိုးကို ယုံကြည်စွာဖြင့်
ရွတ်ဖတ်ပူဇော်ကြပါကုန်။

“မေတ္တာသုတ် မြန်မာပြန်”
(၁ + ၂)။ မေတ္တာသုတ်ပရိတ်တော်၏ အာနုဘော်ကြောင့်
နတ်ကြမ်း၊ ဘီလူးကြမ်းတို့သည် ကြောက်မက်ဖွယ်
အာရုံအမျိုးမျိုးကို မပြဝံ့ကြကုန်။ မေတ္တာသုတ်
ပရိတ်တော်ကို နေ့၌ဖြစ်စေ၊ ညဉ့်၌ဖြစ်စေ၊
မပျင်းမရိ အထပ်ထပ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်
ချမ်းသာစွာ အိပ်စက်ရခြင်း၊ အိပ်ပျော်သောသူအား
အိပ်မက်ဆိုးများ မမြင်မက်ခြင်း စသော အကျိုးများကို
ရရှိနိုင်၏။ အို-သူတော်ကောင်းတို့ ထိုကဲ့သို့
အာနိသင်နှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို
ကျွန်ုပ်တို့ ရွတ်ဖတ်ကြပါကုန်စို့။

(၃)။ ငြိမ်းအေးသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် သက်ဝင်၍
နေလိုသော အကျိုးစီးပွား၌ လိမ္မာသော သူသည်
ဤ ဆိုလတ္တံ့သော စည်းကမ်းနည်းလမ်းကို
ပြုကျင့်အပ်၏။
(၁) အကျင့်ကို ကျင့်နိုင်သော စွမ်းရည်ရှိရမည်။
(၂) ကောက်ကျစ်ဉာဏ်မရှိရ။
(၃) စိတ်နေစိတ်ထား ကောင်းစွာ ဖြောင့်မတ်ရမည်။
(၄) ဆိုဆုံးမ လွယ်ရမည်။
(၅) စိတ်ထား နူးညံ့သိမ်မွေ့ရမည်။
(၆) လွန်ကဲမြင့်မောက်သော မာန မရှိရ။
၄။(၇) ရှိတာလေးနှင့် ရောင့်ရဲလွယ်ရမည်။
(၈) ပြုစုမွေးမြူလွယ်ရမည်။
(၉) အမှုကိစ္စ နည်းပါးရမည်။
(၁၀) အသုံးအဆောင် နည်းပါးရမည်။
(၁၁) ငြိမ်သက်သော ဣန္ဒြေရှိရမည်။ (မတည်ငြိမ်သူ မဖြစ်ရ)
(၁၂) ရင့်ကျက်သော ပညာရှိရမည်။
(၁၃) ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရ။
(၁၄) မိဘဆွေမျိုးတို့၌ တပ်မက်မှု ကင်းရမည်။

၅။ ပညာရှိတို့ ကဲ့ရဲ့စွပ်စွဲနိုင်မည့် ဒုစရိုက်ကို စိုးစဉ်း
အနည်းငယ်မျှလည်း မပြုကျင့်ရာ။
(ဤ ၁၄ပါးတို့ကား မေတ္တာမပွားမီဖြည့်ကျင့်ရမည့်
ရှေ့ပြေး ကျင့်စဉ်များဖြစ်သည်) ခပ်သိမ်းသောသတ္တဝါ
တို့သည်ချမ်းသာခြင်း နှင့် ပြည့်စုံကုန်သည်၊
ဘေးကင်းကုန်သည်ဖြစ်၍ ချမ်းသာသော
ကိုယ်စိတ်ရှိကြပါစေကုန်သတည်း။

၆။ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော(သက်ရှိသက်မဲ့)
သတ္တဝါတို့သည်လည်းကောင်း၊ ထိတ်လန့်တတ်သော
(ပုထုဇဉ်)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
စိတ်ဓာတ်ခိုင်ခံ့သော(ရဟန္တာ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
ရှည်သောကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊
ကြီးသော ကိုယ်ရှိသောသတ္တဝါတို့သည်လည်းကောင်း၊
အလတ်စား ကိုယ်ရှိသော သတ္တဝါတို့သည်လည်းကောင်း၊
ပုတိုသော ကိုယ်ရှိသော သတ္တဝါ တို့သည်လည်းကောင်း၊
သေးဖွဲသိမ်မွေ့သောကိုယ်ရှိသော သတ္တဝါတို့သည်
လည်းကောင်း၊ နုပျိုသော ကိုယ်ရှိသော သတ္တဝါ
တို့သည်လည်းကောင်း။

၇။ မြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊
မမြင်ဖူးသော သတ္တဝါတို့သည်လည်းကောင်း၊
အဝေး၌ နေသော သတ္တဝါတို့သည်လည်းကောင်း၊
အနီး၌နေသော သတ္တဝါတို့သည်လည်းကောင်း၊
(ရဟန္တာ)ပုဂ္ဂိုလ် တို့သည်လည်းကောင်း၊
(ပုထုဇဉ်သေက္ခ)ပုဂ္ဂိုလ်တို့သည်လည်းကောင်း၊
ခပ်သိမ်းသော သတ္တဝါတို့သည်
ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေကုန်သတည်း။

၈။ တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊
တစ်စုံတစ်ယောက်သော အရာ၌တစ်စုံတစ်ယောက်ကိုမျှ
ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း၊ ရန်လိုသောစိတ်ဖြင့်
လည်းကောင်း မထီမဲ့မြင် မပြုပါစေလင့်၊
အချင်းချင်း ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၉။ မိခင်သည် ရင်၌ဖြစ်သော တစ်ဦးတည်းသော
သားကို မိမိအသက်တမျှ အစဉ် စောင့်ရှောက်ဘိသကဲ့သို့
ဤအတူပင် သတ္တဝါ ခပ်သိမ်းတို့၌ အတိုင်း
အရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၀။ အထက်ဘဝဂ် အောက်အဝီစိ ဖီလာကန့်လန့်
အလုံးစုံသော လောက၌ ကျဉ်းမြောင်းခြင်း မရှိသော
အတွင်းရန် အပြင်ရန် ကင်းသော
အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားများရာ၏။

၁၁။ ငိုက်မျဉ်းခြင်းကင်း၍ ရပ်နေသမျှ၊ သွားနေသမျှ၊
ထိုင်နေသမျှ၊ လျောင်းနေသမျှ၊ ကာလပတ်လုံး
ဤ(မေတ္တာနှင့်ယှဉ်သော) သတိကို ပွားများအံ့ဟု
ဆောက်တည်ရာ၏။ ဤသာသနာတော်၌ မေတ္တာ
နှင့်ယှဉ်သော သတိဖြင့်နေခြင်းကို မြတ်သောနေခြင်း
အထက်တန်းကျသောနေခြင်း “ဗြဟ္မဝိဟာရ”
ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူကုန်၏။

၁၂။ (ထိုမေတ္တာ ကမ္မဋ္ဌာန်း စီးဖြန်းသော သူသည်)
သက္ကာယဒိဋ္ဌိအစွဲပြုတ်ပြီး (လောကုတ္တရာ) သီလရှိသည်
ဖြစ်လျက် သောတာပတ္တိမဂ်ဉာဏ်အမြင်နှင့်
ပြည့်စုံသည်ဖြစ်၍ ဝတ္ထုကာမတို့၌ တပ်မက်တွယ်တာမှုကို
အပြတ်ရှင်းနိုင်ပါက အမိဝမ်း၌ တစ်ဖန်(ပဋိသန္ဓေ)
နေခြင်းသို့ မရောက်တော့ပေ။

မေတ္တာသုတ် မြန်မာပြန်ပြီး၏။
မှတ်ချက်။ ။ ဓမ္မရံသီ ၏ ဖော်ဝတ်မေလ်းအား
တစ်ဆင့်မျှဝေလိုက်ပါသည်။စာဖတ်သူအားလုံး
သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ
တစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
Posted by►
www.facebook.com/youngbuddhistassociation.mm