အစုံစုံ တန်ခိုးပြာဋိဟာ ~ ယမကပါဋိဟာရိယ
************************************
ကောသလမင်းကြီး၏ ဥယျာဉ်မှူးကား ကဏ္ဍ အမည်ရှိ လေသည် ။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍက အနံ့အရသာ နှင့် ပြည့်စုံသော ရွက်ပုံးသီး သရက်သီး တစ်လုံးကို ရရှိသောအခါ ထိုသရက်သီးကို ဘုရားရှင်အား ဆပ်ကပ်လှူဒါန်း ပူဇော်လေသည် ။ အရှင် အာနန္ဒာ မထေရ်မြတ်က ယင်း သရက်သီး ကို အဖျော်ပြုလုပ်ကာ ဘုရားရှင်အား ဆပ်ကပ်တော် မူလေသည် ။ ထိုဥယျာဉ်မှူး မောင်ကဏ္ဍအား ထို သရက်စေ့ကို ဘုရားရှင်က အဖျော်ယမကာကို ဘုဉ်းပေးတော်မူရာ လမ်းခုလတ် တစ်နေရာမှာပင် ကြဲချစိုက်ပျိုးစေလေသည် ။ တစ်ခဏချင်း အတွင်းမှာပင် အတောင် ( ၅ဝ ) ခန့်မြင့်၍ ၊သရက်ကိုင်း တစ်ကိုင်းတစ်ကိုင်းတွင် အတောင် ( ၅ဝ ) ခန့် ရှည်သော အကိုင်းအခက် အရွက်အသီးတို့ ဖြင့် ပြည့်နှက်နေသော သရက်ဖြူပင်ကြီး ဖြစ်လာလေသည် ။ ထို ကဏ္ဍမ္ဗ သရက်ဖြူပင် ရင်းကို အခြေခံကာ ဘုရားရှင် သည် ယမကပါဋိဟာရိက ( = ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ) ကိုပြတော်မူလေသည် ။

ရှေးဦးစွာ အလွန်ကြီးမားသော ရတနာစင်္ကြ ံတော်ကြီးကို ကောင်းကင်တွင် ဖန်ဆင်းတော်မူလိုက်၏ ။ အဘိညာဏ် စတုတ္ထဈာန်ဖြင့် ပျံတက်တော်မူ၏ ။ မီးအလျှံ ထွက်ဖို့ရန် တေဇော ကသိုဏ်းလျှင် အာရုံရှိသော တေဇောကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူရ၍ ရေအယဉ် တသွင်သွင် စီးထွက်ဖို့ရန် အာပေါကသိုဏ်းလျှင် အာရုံရှိသော အာပေါကသိဏဈာန် သမာပတ်ကို ဝင်စားတော်မူကာ ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ကိုပြတော်မူလေသည် ။ အဘိညာဏ်ဝင်စားမှု စွမ်းအားက အလွန်လျင်မြန် သောကြောင့် ရေနှင့်မီးတို့သည် အစုံလိုက် အစုံလိုက် ပြိုင်တူထွက်နေသည် ဟု ဖူးမြင်ရသူတို့၏ စိတ်တွင် တွေ့မြင်နေရပေသည် ။

(၁) အထက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွား ထွက်၍ အောက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏ ။ တဖန် အောက်ပိုင်း ကိုယ်တော်မှ မီးအလျှံများ တဖွားဖွား ထွက်၍ အထက်ပိုင်း ကိုယ်တော်မှ ရေအယဉ် တသွင်သွင် စီးလျက်ရှိ၏ ။
(၂) ရှေ့မှဖြစ်သော ရူပကာယတော်မှ မီးအလျှံ ၊ နောက်မှဖြစ်သော ရူပကာယတော်မှ ရေအယဉ် ၊ တဖန် နောက်မှဖြစ်သော ရူပကာယတော်မှ မီးအလျှံ ၊ ရှေ့မှဖြစ်သော ရူပကာယတော်မှ ရေအယဉ် ။
(၃) လက်ျာမျက်လုံးတော်မှ မီးအလျှံ ၊ လက်ဝဲမျက်လုံးတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲမျက်လုံးတော်မှ မီးအလျှံ ၊ လက်ျာမျက်လုံးတော်မှ ရေအယဉ် ။
(၄) လက်ျာနားတွင်းတော်မှ မီးအလျှံ ၊ လက်ဝဲနားတွင်းတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနားတွင်းတော်မှ မီးအလျှံ ၊ လက်ျာ နားတွင်းတော်မှ ရေအယဉ် ။
(၅) လက်ျာနှာခေါင်းပေါက်တော်မှ မီးအလျှံ ၊ လက်ဝဲနှာခေါင်းပေါက်တော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနှာခေါင်းပေါက်တော်မှ မီးအလျှံ ၊ လက်ျာ နှာခေါင်းပေါက်တော်မှ ရေအယဉ် ။
(၆) လက်ျာပခုံးတော်မှ မီးအလျှံ ၊ လက်ဝဲပခုံးတော်မှရေအယဉ် ၊ တဖန် လက်ဝဲပခုံးတော်မှ မီးအလျှံ ၊ လက်ျာ ပခုံးတော်မှ ရေအယဉ် ။
(၇) လက်ျာလက်တော်မှ မီးအလျှံ ၊ လက်ဝဲလက်တော်မှ ရေအယဉ် ၊ တဖန် လက်ဝဲလက်တော်မှ မီးအလျှံ ၊ လက်ျာ လက်တော်မှ ရေအယဉ် ။
(၈) လက်ျာနံပါးတော်မှ မီးအလျှံ ၊ လက်ဝဲနံပါးတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲနံပါးတော်မှ မီးအလျှံ ၊ လက်ျာ နံပါးတော်မှ ရေအယဉ် ။
(၉) လက်ျာခြေတော်မှ မီးအလျှံ ၊ လက်ဝဲခြေတော်မှ ရေအယဉ် ၊ တဖန် လက်ဝဲခြေတော်မှ မီးအလျှံ ၊ လက်ျာ ခြေတော်မှ ရေအယဉ် ။
(၁ဝ) လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့၏ အကြားအကြားမှ မီးအလျှံ ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့မှ ရေအယဉ် ။ တဖန် လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့မှ မီးအလျှံ ၊ လက်ချောင်းတော် ခြေချောင်းတော် ဆယ်ဆူဆယ်ဆူ တို့၏ အကြားအကြားမှ ရေအယဉ် ။
(၁၁) တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ မီးအလျှံ ၊ အခြား တစ်ခုတစ်ခုသော မွေးညင်းတွင်းတော်မှ ရေအယဉ် ။
(၁၂) တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ မီးအလျှံ ၊ အခြား တစ်ဆူတစ်ဆူသော မွေးညင်းတော်မှ ရေအယဉ် တသွင်သွင် ပြောင်းလဲကာ ဖူးလိုက်တိုင်း အဆင်ကွဲသဖြင့် အံ့အဲ၍ မဝ ချီးပ၍မကုန် ရောင်ခြည်တော် ခြောက်ပုံ တို့နှင့်တကွ အစုံစုံသော ရေမီး အစုံအစုံ တန်ခိုးပြာဋိဟာ ကိုပြတော်မူလေသည် ။

ဖားအောက်တောရဝတ်ရွတ်စဉ် ( နှာ ၂၀၃ ၊ ၂၀၄ ) မှ