“ဧဟိဘိက္ခုရဟန်းဆိုတာ…”
•••••••••••••••••••••••••••••••••
ဧဟိဘိက္ခုရဟန်းဆိုတာ ဘုရားရှင်ရဲ့
“ရဟန်း၊ လောလော့” ဆိုတဲ့စကားမျှနဲ့
ရဟန်းအဖြစ်ရောက်တဲ့ ပုဂ္ဂိုလ်ပါပဲ။
ချဲ့ပြီး ပြောပါမယ်။

ဘုရားရှင်က ဧဟိဘိက္ခုရဟန်းဖြစ်ဖို့
ကောင်းမှု ရှိသူကို မြင်ပြီး နီးမြန်းတဲ့
ပံသုကူသင်္ကန်းအကြားက
ရွှေ အဆင်းရှိ လက်ယာလက်ကို ထုတ်ဖော်ကာ
ဗြဟ္မာမင်းအသံနဲ့ အသံမြတ်ကို မိန့်မြွှက်လျက်
“ရဟန်း၊ လာလော့”
(သင် အလိုရှိတဲ့ ရှင် ရဟန်းအဖြစ်ကို လက်ခံလော)။
ဝဋ်ဆင်းရဲရဲ့ အဆုံးကို ကောင်းစွာပြုနိုင်ဖို့
အကျင့်မြတ်ကို ကျင့်လှည့်လော့” လို့ မိန့်ပါတယ်။

ဘုရားရှင်ရဲ့စကားနဲ့ တစ်ပြိုင်နက်ပဲ အဲဒီ ပုဂ္ဂိုလ်ရဲ့
လူ့အသွင် (လူ့အဝတ်နဲ့ ဆံမုတ်ဆိတ်ရှည်တွေ)
ကွယ်ပျောက်သွားပါတယ်။
ရှင်၊ ရဟန်းအဖြစ် အထမြောက်သွားပါတယ်။
✤ခေါင်းတုံးရိတ်ပြီး ဖြစ်သွားပါတယ်။
✤သင်္ကန်း ဝတ်ပြီး ဖြစ်သွားပါတယ်။
✤သင်းပိုင်ကို ဝတ်၊ ဧကသီကို ရမ်းကား
သင်္ကန်းကြီးကို ပခုံးပေါ်တင်ထားပါတယ်။
✤လက်ဝဲ ပခုံးမှာ ကြာညိုအဆင်းရှိ
မြေသပိတ်ကို လွယ်ကာ ရပ်တည် နေပါတယ်။
✤ခန္ဓာကိုယ်မှာ ဆင်ထားတဲ့ ပရိက္ခရာရှစ်ပါးနဲ့
ဝါတော် ၆ဝ ရ မထေရ်ကြီးပမာ
ကြည်ညိုဖွယ်အမူအရာနဲ့ပြည့်စုံသွားပါတယ်။

ဘုရားရှင်ပဲ သရဏဂုံ၊ ကမ္မဝါစာ ဆရာအရာမှာရော၊
ဥပဇ္ဈာယ်အရာမှာ တည်သွားပါတယ်။
ဘုရားရှင်ကို ရှိခိုးလျက်သာ ရပ်တည်နေပါတယ်။
-【ပါရာဇိကဏ်၊ ဋ္ဌ၊ ပ၊ ၂၀၅ 】

“ဧဟိဘိက္ခုရဟန်းအရေအတွက်”
••••••••••••••••••••••••••••••••••••••••
ဘုရားရှင်က ပထမဗောဓိမှာ (ဝါတော် ၂၀ အတွင်းမှာ)
ပထမအချိန်တစ်ချိန်မှာ ဧဟိဘိက္ခုရဟန်း
အဖြစ်နဲ့သာ ရဟန်းပြုပေးခဲ့ပါတယ်။
အဲဒီရဟန်းတွေက ၁၃၄၁ ပါး ရှိပါတယ်။
(၁)။ ပဉ္စဝဂ္ဂီရဟန်း ၅ ပါး။
(၂)။ ယသရဟန်း ၁ ပါး။
(၃)။ ယသရဲ့အခြံအရံ ၅၄ပါး။
(၄)။ ဘဒ္ဒဝဂ္ဂီမင်းသားတွေ ၃၀ ပါး။
(၅)။ ရှေ့ရသေ့တွေ ၁၀ဝ၀ ပါး။
(၆)။ အဂ္ဂသာဝကတွေနဲ့တကွ အခြံအရံတွေပါ ၂၅၀။
(၇)။ အဂုၤလိမာလထေရ် ၁ ပါး။

အားလုံးပေါင်း ၁,၃၄၁ ဧဟိဘိက္ခုရဟန်းတွေက
အဲဒီ ၁,၃၄၁ ပါးသာ မကသေးပါ။
အခြားများစွာ ရှိပါသေးတယ်။

(၁)။ ၃၀၀ အခြံအရံရှိတဲ့ သေလပုဏ္ဏား။
(၂)။ ၁ဝဝဝ အခြံအရံရှိတဲ့ မဟာကပ္ပိနမင်း။
(၃)။ ကပိလဝတ်နေ အမျိုးသား ၁၀ဝဝဝ။
(၄)။ ၁၆ဝဝဝ သော ပါရာယနိကပုဏ္ဏားတွေ
စတဲ့ ပုဂ္ဂိုလ်တွေပါပဲ။ ပေါင်းလိုက်ရင် ၂၇,၃၀ဝ ရှိပါတယ်။
ရှေ့က ၁,၃၄၁ နဲ့ ထပ်ပေါင်းလိုက်ကာ
၂၈,၆၄၁ ဖြစ်သွားပါတယ်။
-【ပါရာဇိကဏ်၊ ဋ္ဌ ၊ ပ၊ ၂၀၆】

ဒီ ၂၈,၆၄၁ ပါးသော ရဟန်းတော်တွေဟာ
ပရိက္ခရာ ၈ ပါး၊ (သို့မဟုတ်)
သပိတ်၊ သင်္ကန်းကို လှူဒါန်းခဲ့တဲ့
ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။
သပိတ်၊ သင်္ကန်း (သို့မဟုတ်)
ပရိက္ခရာ ၈ ပါး လှူဒါန်းခဲ့လို့ ဘုရားရှင်ရဲ့
“ဧဟိဘိက္ခု၊ ရဟန်း လာလော့” လို့ မိန့်လိုက်ချိန်မှာ
သပိတ်၊ သင်္ကန်း စတဲ့ ပရိက္ခရာတွေ အလိုလိုရောက်လာတာဟာ
အံ့ဩစရာပါပဲ။ တန်ခိုးကြောင့် ဖြစ်ပေါ်လာတာပါတဲ့။
ကိုယ့်စေတနာက ကိုယ့်ကို ပြန်အကျိုးပေးတာပါပဲ။
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ
-သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】