“ဒိဋ္ဌိ၏ သဘော”
••••••••••••••••
ဒိဋ္ဌိ ဟူသော စကားလုံးသည် ပါဠိစကား ဖြစ်သည်။
၎င်း၏ အဓိပ္ပာယ်သည် မြန်မာစကားအားဖြင့်
အယူ၊ အမြင် ဖြစ်ပေသည်။

မှားသောအယူ၊ မှားသောအမြင် ကို မိစ္ဆာဒိဋ္ဌိဟုခေါ်ပြီး၊
မှန်သောအယူ၊ မှန်သောအမြင် ကို သမ္မာဒိဋ္ဌိဟုခေါ်သည်။
သာမန်အားဖြင့် နားလည်ထားကြသည်မှာ
ဒိဋ္ဌိ ဟု ပြောလိုက်လျှင် မိစ္ဆာဒိဋ္ဌိ ဟုသာသိကြပေသည်။
ဒိဋ္ဌိ ဟု ပြောလိုက်လျှင် မိစ္ဆာဒိဋ္ဌိ ဟု အဘယ်ကြောင့်
သိနေကြသနည်း ဟု ဆိုလျှင် ဗုဒ္ဓအဘိဓမ္မာ၏
အကုသိုလ် စေတသိက်များတွင် မိစ္ဆာဒိဋ္ဌိ ကို
ဒိဋ္ဌိစေတသိက်ဟု အမည်တပ်ပေးထားသောကြောင့်ဖြစ်သည်။

ဒိဋ္ဌိ စကားလုံးသည် အကုသိုလ် စေတသိက်များတွင်
ပါဝင်နေသဖြင့်မိစ္ဆာဒိဋ္ဌိ ဟုပင် အလွယ်တကူ
နားလည်ထားကြပေသည်။

မိစ္ဆာဒိဋ္ဌိသည် အမှားကို အမှန်မြင်သည်။
အမှန်ကို အမှားမြင်သည်။ မမှန်သော နှလုံးသွင်းမှု ရှိသည်။
အနတ္တကို အတ္တ၊
အနိစ္စကို နိစ္စ၊
ဒုက္ခကို သုခ၊ အသုဘကို သုဘ စသည်ဖြင့်လည်းကောင်း၊
ခန္ဓာငါးပါး ရုပ်နာမ် အစုအဝေး ခန္ဓာကိုယ်ကို
ငါ ဟူ၍လည်းကောင်း၊
ဖန်ဆင်းသူ မရှိဘဲ ရှိသည် ဟူ၍လည်းကောင်း၊
ကံ ကံ၏ အကျိုးကို မယုံကြည်ခြင်း၊
အကြောင်းကြောင့် အကျိုးဖြစ်ခြင်းကို
မှန်ကန်စွာ မသိခြင်း စသဖြင့် ရှုမြင်နေပေသည်။
ထိုကြောင့် အယူမှား၊ အမြင်မှား၊ အမှတ်မှား၊
အသိမှား၊ မှားယွင်းစွာ ရှုမြင်တတ်သဖြင့် ဒိဋ္ဌိ ဟု ခေါ်ရပေသည်။
သုတ္တန်များတွင် ဟောကြားထားသော
ဒိဋ္ဌိအမျိုးအစားပေါင်းသည် (၆၂) မျိုး ရှိသည်။

အဆိုးဆုံး ဒိဋ္ဌိများသည် (၃) မျိုးပင် ဖြစ်သည်။ ၎င်းတို့မှာ-
(၁) နတ္ထိကဒိဋ္ဌိ၊
(၂) အဟေတုကဒိဋ္ဌိနှင့်
(၃) အကိရိယဒိဋ္ဌိ တို့ပင် ဖြစ်သည်။

(၁)။“နတ္ထိကဒိဋ္ဌိ”သည် “အကျိုးကို လက်မခံသောအယူ”
ဖြစ်သည်။ ကုသိုလ်ပင်ဖြစ်စေ၊ အကုသိုလ်ပင် ဖြစ်စေ ဘာပဲ
လုပ်လုပ် ထိုအကျိုးမရှိဟုလက်ခံသည့်အယူဖြစ်သည်။
ကောင်းတာလုပ်လည်း ကောင်းကျိုးဆိုတာမရှိဘူး၊
မကောင်းတာလုပ်လည်း အပြစ် မရှိဘူး ဟု
ခံယူ စွဲမှတ်ထားခြင်းဖြစ်သည်။
“ကုသိုလ် စေတနာ၏ အကျိုးသည် မရှိသလို
အကုသိုလ် စေတနာ၏ အကျိုးသည်လည်း မရှိ ”
ဟု အယူမှား၊ အမြင်မှားအား အယူမှန်၊ အမြင်မှန် ဟု
လက်ခံထားသည်။

“နတ္ထိကဒိဋ္ဌိဝါဒ” ကို လက်ခံထားသူများအား
နတ္ထိကဝါဒီများဟု ခေါ်သည်။ ထိုသူတို့သည် နောင်ဘဝ
မရှိ ဟု ယုံကြည်ထားသူများ ဖြစ်သည်။
နောင်ဘဝမရှိ ဟု ယုံကြည်ထားသဖြင့် ဒီဘဝတွင်
ကိုယ်ကြိုက်ရာ ကိုယ်လုပ်နိုင်သည် ဟူသော
အယူဖြစ်သွားပေသည်။ ကောင်းကျိုး၊ ဆိုးကျိုးအတွက်
နောင်ဘ၀ မရှိ ဟု ယူဆထားသောကြောင့် ဖြစ်သည်။
ပုထုဇဉ် မှန်သမျှ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ကြ ဟု
ဆိုရင် အကုသိုလ်များကို သာ လုပ်ရန် ဆန္ဒမဲသာနေပေသည်။
ကုသိုလ်ရေးတွင် ဆန္ဒမဲပေးရန် ဝန်လေးနေတတ်သည်။

ထိုနတ္ထိကဝါဒီ တို့သည် မိဘကျေးဇူးကိုလည်း မသိတတ်၊
မိဘတို့သည် အချင်းချင်း ချစ်ကြိုက်ပြီးမိမိတို့ကို
မွေးဖွားလာခြင်း ဖြစ်သဖြင့် ကျေးဇူးတင်ရန် မလို
ဟု စွဲမှတ်ထားကြသည်။ ထိုကြောင့် မိဘကျေးဇူးပင်
မသိတတ်လျှင်တော့ တခြားပုဂ္ဂိုလ်များ၏
ကျေးဇူးတရားများ အတွက်ဆိုလျှင်လည်း မည်သို့မျှ
သိတတ်လိမ့်မည် မဟုတ်ပေ။

နတ္ထိကဒိဋ္ဌိ အယူဝါဒကို အကျဉ်းချုံး သုံးသပ်
စိစစ်လိုက်လျှင် ကောင်းတာလုပ်သော်လည်းကောင်းကျိုးမရှိ၊
မကောင်းတာ လုပ်သော်လည်း အပြစ် မရှိ ဟုပင်ဖြစ်သည်။
ထိုကြောင့် နတ္ထိကဒိဋ္ဌိသည် လောကကို ဖျက်ဆီးတတ်သည့်
ဒိဋ္ဌိများတွင် တစ်ခု အပါအဝင် ဖြစ်သည်။

(၂)။အထက်က ပြဆိုပြီး ဖြစ်သော အဆိုးဆုံး ဒိဋ္ဌိ (၃)မျိုးတွင်
ဒုတိယမြောက်သည် “ အဟေတုကဒိဋ္ဌိ ” ဖြစ်သည်။
အကြောင်းကြောင့် အကျိုးဖြစ်သည် ဟု
ဗုဒ္ဓသည် ဟောကြားထားသော်လည်း အဟေတုကဒိဋ္ဌိသည်
“အကြောင်းကို ပယ်သော ဝါဒ”ပင်ဖြစ်သည်။
လူဖြစ်လာရသည်မှာ အမျိုးသားနှင့် အမျိုးသမီး
အိမ်ထောင်ပြုခဲ့သောကြောင့် လူများကို မွေးဖွားလာရသည်။
ချမ်းသာသည်၊ဆင်းရဲသည်မှာလည်း အတိတ်မှ ကုသိုလ်၊
အကုသိုလ်ကြောင့် မသက်ဆိုင်ဘဲ လက်ရှိအခြေအနေ
ကြိုးစားမှုကြောင့်သာ ဖြစ်သည် ဟု
အဟေတုက ဒိဋ္ဌိဝါဒီ လူများက မှတ်ယူထားကြသည်။

“ကံ၊ ဉာဏ်၊ ဝီရိယ” သုံးခုတွင် အတိတ်နှင့်
ပစ္စုပ္ပန်တွင် ပြုလုပ်ထားသော ကုသိုလ်၊
အကုသိုလ်ကိုကား ထည့်တွက် စဉ်းစားထားခြင်း မရှိပေ။
ဉာဏ်နှင့် ဝီရိယကြောင့်သာ ဖြစ်သည်ဟု ယုံကြည်ကြသည်။
အတိတ်မှ ကုသိုလ်၊ အကုသိုလ်တို့ကို မယုံကြည်ခြင်းသည်
“အဟေတုကဒိဋ္ဌိ” အုပ်စုတွင် ပါဝင်သွားပေသည်။
အကြောင်းကို ပယ်လိုက်ခြင်း ဖြစ်သည်။

“အကြောင်းတရားနှင့် အကျိုးတရား” တွင် အကြောင်းကို
ပယ်လိုက်ပြီ ဖြစ်သည့်အတွက် အကျိုးတရားပါ
ပယ်ပြီးသား ဖြစ်သွားပေတော့သည်။
“အကြောင်းကံတရား” မရှိဘဲ ကောင်းကျိုး၊
ဆိုးကျိုးများကို ခံကြ၊ စံကြရသည် ဟု မှားယွင်းစွာ
ယူဆမိခြင်းကြောင်း “အဟေတုကဒိဋ္ဌိ”ဟု
ခေါ်ဆိုကြပေသည်။

(၃)။“အကိရိယဒိဋ္ဌိ ” သည် “ကုသိုလ်၊ အကုသိုလ်
ဆိုသည်မှာ လုံး၀ မရှိ ” ဟုယူခြင်း ဖြစ်သည်။
ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့သည် မရှိ ဟု
အယူစွဲလိုက်သည်နှင့် ကံ ကံ၏အကျိုးလည်း
လုံး၀ မရှိတော့ပေ။

✤အကြောင်းတရားနှင့် အကျိုးတရားတို့တွင်
နတ္ထိကဒိဋ္ဌိ သည် အကျိုးတရားကို ပယ်သည်။
✤အဟေတုကဒိဋ္ဌိ သည် အကြောင်းတရားကို ပယ်သည်။
✤အကိရိယဒိဋ္ဌိ သည် ကောင်းမှု၊ မကောင်းမှုကို
ပြုသော်လည်း ပြုသည်မမည်၊ ပြုရာမရောက်
ဟု မှားယွင်းစွာ စွဲမြင်သော အယူ တစ်မျိုး ဖြစ်သွားသည်။

အကိရိယ ဒိဋ္ဌိဝါဒီ လူများသည် ကုသိုလ်၊ အကုသိုလ်ကံကို
ပယ်သော မိစ္ဆာဒိဋ္ဌိများ ဖြစ်သည်။ လောကတွင်
ရရှိလာသော ကာမဂုဏ်များဖြင့် ပျော်အောင်သာ
နေကြမည် ဖြစ်သည်။ ထိုကြောင့် ကုသိုလ်၊
အကုသိုလ်များကို ထည့်တွက် စဉ်းစားခြင်း မရှိဘဲ
လုပ်ချင်ရာသာ လုပ်နေကြတော့သည်။

ဒိဋ္ဌိများထဲတွင် နောက်ထပ် ထင်ရှားသော
ဒိဋ္ဌိသုံးမျိုး ရှိပြန်သည်။၎င်းတို့မှာ-
“သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ နှင့် ဥစ္ဆေဒဒိဋ္ဌိ”တို့ ဖြစ်သည်။

“သက္ကာယဒိဋ္ဌိ” သည် ရုပ်နာမ် နှစ်ပါး ဖြစ်သော
ခန္ဓာငါးပါးကို “ငါ” ဟု စွဲယူထားသော အယူမှား ဖြစ်သည်။
တစ်နည်းဆိုရသော် ဤခန္ဓာကိုယ်ကို ငါ့ခန္ဓာ ဟု
စွဲနေသော အယူဖြစ်သည်။
“ငါ့ပစ္စည်း၊ ငါ့ဥစ္စာ၊ ငါ့သား၊ ငါ့သမီး၊ ငါ့ခင်ပွန်း၊ ငါ့မယား”
စသည်စသည်ဖြင့် ငါ စွဲ စွဲထင်နေခြင်းသည်လည်း
သက္ကာယဒိဋ္ဌိပင် ဖြစ်သည်။

ထိုသက္ကာယဒိဋ္ဌိကို မူတည်ပြီး ခန္ဓာကိုယ်ထဲ၌
“ငါကောင်၊ ဝိညာဏ်ကောင်၊ အတ္တကောင်”ရှိသည် ဟု
ဆက်ပြီး ယူဆကာ ထို “ငါကောင်၊ ဝိညာဏ်ကောင်၊
အတ္တကောင်”သည် မပျက်မစီးဘဲ ခန္ဓာတစ်ခု
သေလျှင် နောက်ခန္ဓာ အသစ် တစ်ခုသို့ ကူးပြောင်းကာ
အမြဲတည်နေသည် ဟု စွဲယူသော “သဿတဒိဋ္ဌိ”
ပေါ်ပေါက်လာသည်။ ထိုဒိဋ္ဌိ၏ အယူဝါဒသည်
“ငါကောင်၊ ဝိညာဏ်ကောင်၊ အတ္တကောင်”သည်
မသေဘဲ တစ်ဘဝပြီး တစ်ဘဝသို့
ကူးပြောင်းနေခြင်းပင် ဖြစ်သည်။

“ဥစ္ဆေဒဒိဋ္ဌိ” သည် “သေလျှင်ပြတ်သည်”ဟု စွဲယူသည်။
လူများသည် မွေးခြင်းက အစဖြစ်ပြီး သေခြင်းက
အဆုံးဖြစ်သည်။ နောင်ဘဝဆိုတာလည်း မရှိပေ။
တစ်ချို့လူများသည် သိပ္ပံနှင့် နှိုင်းယှဉ်ကြည့်ပြီး
ပြောတတ်ကြသည်။ ဤခန္ဓာကိုယ်သည်
အဖိုနှင့် အမတို့၏ ခရိုမိုဆုမ်း နှစ်ခုပေါင်းစပ်၍
မွေးဖွားလာကြပြီး၊သေလျှင် ပြီးပြတ်သွားသည်
ဟု ယူဆသည်။ထိုအယူအဆသည် ဥစ္ဆေဒဒိဋ္ဌိပင်
ဖြစ်သည်။

ဒိဋ္ဌိသည် အရိယာအဆင့်တွင် အနိမ့်ဆုံးဖြစ်သော
“သောတာပန်” ဖြစ်ရန်ပင် အတားအဆီး ဖြစ်ပေသည်။
ဒိဋ္ဌိမပြုတ်ဘဲ သောတာပန် မဖြစ်နိုင်ပေ။

“အကြောင်းတရားနှင့် အကျိုးတရား”တို့ကို ဆင်ခြင်
သုံးသပ်နိုင်ပြီး “ကံနှင့် ကံ၏ အကျိုး”တို့ကို
ယုံကြည်သက်ဝင်လာလျှင်ပင် ဒိဋ္ဌိပြုတ်ရန်
လမ်းကြောင်းပေါ် ရောက်လာခြင်းဖြစ်သည်။

“ငါ”ဟူသော သက္ကာယ အပေါ်တွင် မှန်ကန်သော
အမြင်ဖြင့် ကြည့်နိုင်ပြီး ဤခန္ဓာကိုယ်အတ္တဘောသည်
ခန္ဓာငါးပါး အစုအဝေးကြီးဟု ခံစားသိမြင်လာလျှင်
ရုပ်နှင့် နာမ်မျှသာ တွေ့ရလိမ့်မည်။
ထို ရုပ်နှင့် နာမ်သည်လည်း အမြဲသည့်သဘော
အနိစ္စ၊ ဆင်းရဲသည့် သဘော ဒုက္ခ၊
အစိုးမရသည့် သဘော အနတ္တ စသည့်
လက္ခဏာရေး သုံးပါးနှင့် ယှဉ်တွဲ၍ ရှုမှတ်ရပေသည်။
ထိုအခါ “သက္ကာယဒိဋ္ဌိ” ပြုတ်နေပေလိမ့်မည်။

သက္ကာယဒိဋ္ဌိပြုတ်နိုင်မှသာ စိတ်အစဉ်တွင်
မဂ်စိတ်၊ ဖိုလ်စိတ် တို့သည် ဖြစ်လာပေလိမ့်မည်။
ပထမဦးဆုံး မဂ်စိတ်၊ ဖိုလ်စိတ်သည် သောတာပတ္တိမဂ်နှင့်
သောတာပတ္တိဖိုလ် တို့ပင် ဖြစ်သည်။
တရားကျင့်နေသော ပုဂ္ဂိုလ်တို့တွင် ထိုမဂ်စိတ်၊
ဖိုလ်စိတ် ဖြစ်မှသာ သောတာပန်ပုဂ္ဂိုလ် ဖြစ်ပြီ ဖြစ်သည်။

ဒိဋ္ဌိ ဖြုတ်နိုင်ရန်အတွက် မြတ်စွာဘုရားရှင်၏
တရားတော်များကို ဟောကြား ဆိုဆုံးမနိုင်သော
ရဟန်း သံဃာတော်များထံတွင် ဆည်းကပ်
နည်းနာယူခြင်း မရှိလျှင် ဒိဋ္ဌိ အားကြီးလာနိုင်ခြင်း၏
အကြောင်းပင်ဖြစ်သည်။ ဗုဒ္ဓတရားတော်များကို
နာယူ ကျင့်ကြံ အားထုတ်ခြင်းမရှိဘဲ ဒိဋ္ဌိပြုတ်ရန်
အကြောင်းမရှိချေ။

ဝိပဿနာတရားများအား နည်းပေါင်းစုံဖြင့်
အချိန်များစွာပေးကာ မည်မျှပင် တရားအားထုတ်
နေစေကာမူ ဒိဋ္ဌိဖြုတ်ရန် လမ်းကြောင်းကို မသိလျှင်
ကုသိုလ် အလုပ်များ လုပ်သော်လည်း၊ ကုသိုလ်များ
ရရှိသော်လည်း နိဗ္ဗာန် အဆင့်သို့
မျက်မှောက်ပြုရန် အခက်အခဲ ရှိပေသည်။

သံသရာကို ချဲ့ထွင်တတ်သော ပပဉ္စတရား သုံးပါး
“တဏှာ၊ မာန၊ ဒိဋ္ဌိ” တွင် ဒိဋ္ဌိသည်လည်း သံသရာကို
ရှည်စေသည့် အခန်းကဏ္ဍ တစ်ရပ်တွင် ပါဝင်နေသည်။
ထိုကြောင့် ဒိဋ္ဌိ၏ သဘော၊ သဘာဝတို့ကို သိရှိအောင်
ပြုလုပ်ပြီး ဒိဋ္ဌိကင်းစင်ကြောင်း တရားများကို
အားထုတ်နိုင်လျှင်ဖြင့် ဒိဋ္ဌိပြုတ်လျှက် နိဗ္ဗာန်သို့
ရောက်ရှိကြရပေတော့မည် ဖြစ်ပေသည်။
- [အရှင်ဉာဏဒီပ (ဓမ္မရတနာ)ဒေလီတက္ကသိုလ်၊ အိန္ဒိယ]