“သေစာ”
••••••••••••••••
“ညီငယ် စူဠလောဟိတ၊
ဒီမုနိကဟာ အစားကောင်းတွေကို စားနေရတယ်။
ငါလည်း မုနိကလို ဘယ်တော့မှ ချမ်းသာရပါ့မလဲလို့
မုနိကရဲ့ ဘဝကို မတောင်းတနဲ့။
မုနိကဟာ သေစာတွေကို စားနေတယ်။
ညီငယ်ရဲ့ ဖွဲ၊မြက်၊ကောက်ရိုးကို ကြောင့်ကြမဲ့စွာ စားပါ။
အဲဒါဟာ အသက်ရှည်ခြင်းရဲ့ အကြောင်းပဲ။”
-【ဇာတက၊ ဧကက၊ ၃ ကုရုင်္ဂဝဂ္ဂ၊ ၁၀ မုနိကဇာတက】

“မုနိက”ဆိုတဲ့နာမည်ဟာ “ဝက်တစ်ကောင်” ရဲ့နာမည်
ဖြစ်ပါတယ်။ ရွာငယ်တစ်ရွာမှာ သူကြွယ်တစ်ယောက်ရဲ့
အိမ်တစ်အိမ်မှာ မုနိကဆိုတဲ့ ဝက်ရယ်၊
“စူဠလောဟိတ နဲ့ မဟာလောဟိတ” ဆိုတဲ့
နွားညီနောင် နှစ်ကောင်ရယ် ရှိပါတယ်။
အဲဒီ နွားညီနောင် နှစ်ကောင်ကို အမှီပြုပြီး၊
အဲဒီအိမ်က လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရပါတယ်။

အဲဒီအိမ်မှာ သမီးပျိုတစ်ယောက် ရှိပါတယ်။
အဲဒီသမီးပျိုကို မြို့သားတစ်ယောက်က သူ့သားနဲ့
လက်ထပ်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီသမီးပျိုရဲ့ မိဘတွေက
“သမီးပျိုရဲ့ မင်္ဂလာပွဲမှာ လာကြမယ့် ဧည့်သည်တွေအတွက်
လက်သုပ်ဟင်းလျာ ဖြစ်လိမ့်မယ်” လို့ တွေးကာ
ယာဂုထမင်းကို ကျွေးပြီး မုနိကဆိုတဲ့ ဝက်ကို
မွေးမြူထားကြပါတယ်။

❖မုနိကကို မြင်တဲ့အခါ 。。。。
ညီငယ်နွားဖြစ်တဲ့ “စူဠလောဟိတ” က
သူ့နောင်တော်ကြီး “မဟာလောဟိတ”ကို-
“ဒီအိမ်မှာ အလုပ်တာဝန်ပေါ်လာရင်
ငါတို့ ညီနောင်နှစ်ယောက်ကိုပဲ ခိုင်းတယ်။
ဒီအိမ်သူအိမ်သားတွေက ငါတို့အား မြက်၊
ကောက်ရိုးစတာတွေကိုသာ ကျွေးကြတယ်။
ယာဂု၊ထမင်း နဲ့ မုနိကကို ကျွေးကြတယ်။
ဘာကြောင့် မုနိကဟာ ဒီအစာကို ရပါလိမ့်”
လို့ မေးပါတယ်။

အဲဒီအခါ အထက်ပါစကားကို နောင်တော်
မဟာလောဟိတက ညီငယ်စူဠလောဟိတ
အားပြောပြပါတယ်။

❖“နောင်တော် မဟာလောဟိတ” ဟာ
“ဘုရားလောင်းတော်”ဖြစ်ပါတယ်။
► “ညီငယ် စူဠလောဟိတ ၊ ဒီကနေ့က နောက်ရက်
အနည်းငယ်ကြာတဲ့အခါ လူတွေ လာကြလိမ့်မယ်။
အဲဒီအခါ ဒီမုနိကကို ခြေထောက်က ကိုင်ဆွဲပြီး၊
ညောင်စောင်းအောက်က ထုတ်၍ သတ်ကာ
ဧည့်သည်တွေရဲ့ ဟင်းလျာအလုပ်ခံရမှာကို
သင် မြင်တွေ့ရလိမ့်မယ်။”လို့ ပြောပါတယ်။

မဟာလောဟိတ ပြောတဲ့အတိုင်းပါပဲ။
မုနိကကို သတ်မယ့်လူတွေ လာကြပါတယ်။
မုနိကကို သတ်ပြီး ချက်စားကြပါတယ်။
ဘုရားအလောင်းတော် မဟာလောဟိတက
ညီငယ်စူဠလောဟိတ ကို “သင်ဟာ မုနိကကို
မြင်ပြီ မဟုတ်လား။ မုနိကရဲ့ အစာထက်
ငါတို့ ရဲ့ မြက်၊ကောက်ရိုး၊ ဖွဲလောက်ကပဲ
အဆတစ်ရာ၊ အဆတစ်ထောင်သာလွန်
မြင့်မြတ်ပါတယ်။ အပြစ်ကင်းပါတယ်။
အသက်ရှည်ခြင်းရဲ့ အကြောင်း ဖြစ်ပါတယ်”
လို့ ပြောပါတယ်။

✤ဒီဇာတ်လမ်းကို အမရပူရမြို့
မဟာဂန္ဓာရုံဆရာတော်ကြီး “အရှင်ဇနကာဘိဝံသ”
က သူ့တပည့်သံဃာတွေကို နံနက်ခင်း
သြဝါဒပေးတဲ့အခါ ပြောကြားတာကို
နာယူခဲ့ရပါတယ်။

❖ဝိနည်းစည်းကမ်းနဲ့ မညီတဲ့ အလုပ်တွေကို လုပ်ပြီး
လာဘ်လာဘပေါများကြတဲ့ သံဃာတွေကို သွားပြီး
အားမကျကြဖို့ ပြောပါတယ်။ အဲဒီလို လာဘ်ပေါတဲ့
သံဃာတွေရဲ့ အစားအစာတွေဟာ ကောင်းပေမယ့်၊
“သေစာတွေ” ဖြစ်ကြောင်းလည်းမိန့်တော်မူပါတယ်။

❖လူပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးပဲ ဖြစ်ဖြစ်
တရားနည်းလမ်း နဲ့အညီ မဟုတ်ဘဲ ရရှိတဲ့
ပစ္စည်းတွေကို စားသောက် သုံးစွဲနေကြရင်
မုနိကလို “သေစာတွေ” ကို စားနေရတာ
ဖြစ်ပါတယ်။ အပါယ်စာတွေ ဖြစ်နေပါတယ်။
ရဟန်း၊ ရှင်၊ လူတွေဟာ သေစာတွေကို မစားမိအောင်
သတိပြုရှောင်ကြရပါမယ်။ ငရဲစာ၊ တိရိစ္ဆာန်စာ၊ပြိတ္တာစာ၊
အသူရကာယ်စာခေါ် အပါယ်စာတွေကို မစားမိအောင်
သတိပြုရှောင်ကြရပါမယ်။ “မုနိက” လို သူတွေ
လူ့လောကကြီးမှာ ရှိနေပါတယ်။ နည်းမယ် မဟုတ်ပါ။

❖တရားနည်းလမ်းနဲ့အညီ ရရှိလာတဲ့ ပစ္စည်းဟာ
မကောင်းမွန်ပေမယ့် အပြစ်ကင်းပါတယ်။
သန့်ရှင်းပါတယ်၊ မြင့်မြတ်ပါတယ်။

❖ဝိနည်းနဲ့အညီ နေထိုင်တဲ့ ရဟန်းရဲ့ ပဲပြုတ်၊
ချဉ်ပေါင်ဟင်းက ဝိနည်းနဲ့အညီ မနေထိုင်တဲ့ရဟန်းရဲ့
ဝက်သားဟင်း၊ ကြက်သားဟင်းထက် ကောင်းပါတယ်။
မြင့်မြတ်ပါတယ်၊ အပြစ်ကင်းပါတယ်။

❖မတရားတဲ့ နည်းလမ်းနဲ့အညီ ရှာဖွေလို့ ရရှိလာတဲ့
ငွေတစ်သိန်းထက် တရားနည်းလမ်းနဲ့အညီ ရှာဖွေလို့
ရရှိလာတဲ့ ငွေတကျပ်က မြင့်မြတ်ပါတယ်။
အပြစ်ကင်းပါတယ်၊ ကောင်းပါတယ်။
မတရားတဲ့နည်းနဲ့ စီးပွားရှာပြီး ကြီးပွားချမ်းသာနေကြတဲ့
သူကြွယ်သူဋ္ဌေးရဲ့ အကောင်းစား အစားအစာတွေဟာ
“သေစာတွေ၊ အပါယ်စာတွေ” ဖြစ်တာမို့ မကောင်းပါ။
တရားသဖြင့် စီးပွားရှာတဲ့ ဆင်းရဲသားတစ်ယောက်ရဲ့
အချာစား ဟင်းတစ်ခွက်လောက် မမြင့်မြတ်ပါ။
အပြစ်မကင်းပါ။

ကိုယ်စားမယ့် အစားအစာကို မစားခင်
ဆင်ခြင်ကြည့်သင့်ပါတယ်။ သေစာ ဖြစ်နေခဲ့ရင်
မစားမိအောင် ရှောင်ကြဉ်ကြရပါမယ်။
“သေစာ”ဟာ သံသရာတစ်ခွင်မှာ
ဒုက္ခအထွေထွေကို ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် သေစာဟာ “ဒုက္ခစာ” ဖြစ်နေပါတယ်။
【လင်္ကာ】
(၁)။ ကိုယ့်စားမယ့် အစာ၊ဆင်ခြင်ပါ၊သေစာ ဖြစ်၏-မဖြစ်၏။
(၂)။ အပြစ် မကင်းပါ၊ထိုအစာ၊ “သေစာ” ခေါ်ပါ၏။
(၃)။ ထိုအစာဟာ၊အပါယ်စာ၊မှန်စွာ ဖြစ်လေ၏။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【သာမဏေကျော်ဆရာတော် ဦးဓမ္မိကာလင်္ကာရာဘိဝံသ-
သာမဏေကျော်မဟာဂန္ဓာရုံကျောင်းတိုက်】