“အပါယ်ဘေးကို ဆင်ခြင်ပါ။”
••••••••••••••••••••••••••••••••
ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည်
၃-ဂါဝုတ် ပမာဏရှိ၏။
မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။
ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို
အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌
ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌
ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။
ဗယ်ဘက် လက်ဝါး၌လဲ နည်းတူပင် ရိုက်နှက်သွင်းကုန်၏။
ညာဘက်ခြေ ဗယ်ဘက်ခြေ ခါးလယ်တို့၌လဲ
နည်းတူပင်ရိုက်နှက်သွင်းကုန်၏။
ထိုအတူ မှောက်လျက် အိပ်စေ၍၎င်း၊
စောင်းလျက်အိပ်စေ၍၎င်း ၊
ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို
ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။

အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။
ဤသို့ အညှင်းဆဲခံရသော ငရဲသားတို့သည်
●ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လဲ
များစွာစိတ်ဆင်းရဲရ၏။
●အလွန်ကြမ်းတမ်းရက်စက်စွာ
ကြိမ်းမောင်းပြောဆိုသော ငရဲထိန်းတို့၏
အသံကို ကြားရ၍လဲ စိတ်ဆင်းရဲရ၏။
●သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲ၍သိပ်ခြင်း၊
●မီးလောင်ခံရခြင်း၊
●သံစို့ကြီးများဖြင့် ရိုက်နှက်မည်ကို မြင်ရခြင်း၊
●ရက်စက်စွာ သံစို့ရိုက်နှက်ခံရခြင်းတို့ကြောင့်လည်း
အတိုင်းမသိကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို
ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊
ချမ်းသာပေးပါ စသည်ဖြင့်မျက်ရည်စီးယိုငိုကြွေးမြည်တမ်းလျက်
တောင်းပန်သော်လဲ မည်သူကမျှ မကယ်၊ မသနား၊
ချမ်းသာ မပေးချေ။
မိမဲ့ ဘမဲ့ဆွေမျိုးမဲ့ အဆွေခင်ပွန်းမဲ့၍ တကိုယ်တည်းသာ
ဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော
ဆင်းရဲတွေကို အော်မြည် ယောင်ယမ်းလျက် မိနစ်စက္ကန့်မျှ
မခြားဘဲ ခံစား၍ နေရရှာလေတော့၏။

ထိုသို့သော ကာလ၌ ဝိပဿနာ အလုပ်ကိုအားထုတ်ခွင့်
မရနိုင်တော့ချေ။ထို့ပြင် သံစို့ငါးချက်နှက်၍ မသေသေးသော
ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတဘက်ခန့်ရှိသော
တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ ၊ခြောက်မြှောင့်ပုံ
စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။
သွေးတို့သည် မြစ်ဖြစ်၍စီးလေကုန်၏။
ထိုသွေးတို့မှ မီးတောက်ထပြန်၍ ရွေခုတ်ရာ
ကိုယ်၌ စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို
ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို
အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍
ဗန်းကြီးခန့်ရှိ ပဲဂွပ်တို့ဖြင့် ပါးပါး ပါးပါးလွှာလျက်
ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လဲ မသေသေးလျှင်
မီးလျှံရဲရဲတောက်သောသံရထား၌ နွား မြင်း တို့ကဲ့သို့
တပ်၍ မီးကြီးခဲ တောင်ကြီးပေါ်သို့ တက်စေကုန်၏။
မတက်ဘဲ နေလျှင် ရဲရဲတောက်သောသံဒုတ်ကြီးများဖြင့်
အပြင်းရိုက်၍ တက်စေကုန်၏။
တောင်ထိပ်သို့ ရောက်လျှင် တဖန် ဆင်းစေကုန်၏။

ဤသို့ တက်ချည်ဆင်းချည် အဖန်ဖန် ပြုစေကုန်၏။
ထိုမျှဖြင့်လဲ မသေသေးလျှင် ကျိုက်ကျိုက်
ဆူပွက်လျက် ရဲရဲတောက်သော လောဟကုမ္ဘီခေါ်
သံရည်ပွက် အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။
ထိုငရဲသားသည် သံရည်ပွက်ထဲ၌ ရှဲ-ကနဲကျ၍ ၊
အမြှုပ်တစီစီထလျက်နစ်မြုပ်သွားရှာလေ၏။
အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏ အောက်စသို့ရောက်၏။
တဖန် အနှစ်သုံးသောင်းကြားမှ ငရဲအိုး၏အထက်နခမ်းဝသို့
ရောက်လျက် ပေါ်လာ၏။ ဘေးအရပ် မျက်နှာများသို့လဲ
ဖီလာသွား၏။ ထမင်းအိုးပွက်သော အခါ၌
ဆန်စေ့ကလေးများ ကဲ့သို့ပင်တည်း။
အတိုင်းမသိသော ဆင်းရဲနှင့် ရင်ဆိုင်တွေ့နေရလေ၏။
ထိုစဉ်အခါ၌ အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။

ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင်
သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည်
မီးတဟုန်းဟုန်းအမြဲတောက်လောင်လျက်ရှိသော
ငရဲကြီးထဲသို့ ပစ်သွင်းလိုက်ကြပြန်၏။
ထိုငရဲကြီးသည်ကား အလျား အနံ အမြင့် ယုဇနာတရာစီရှိ၏။
လေးထောင့်ညီသော သံသေတ္တာကြီးနှင့်တူ၏။
အရှေ့ဘက်နံရံမှ မီးလျှံသည် အနောက်နံရံကို ဖောက်ပြီးလျှင်
အပြင်ဘက်၌ ယူဇနာ တရာတိုင်အောင် ပူလောင်၏။

အနောက်နံရံ တောင်နံရံ မြောက်နံရံ အထက်သံမိုး
အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်းသာတည်း။
ထိုငရဲကြီးအတွင်း၌ ထိုမှ ဤမှ ပြေးလွှားလူးလိမ့်
ဟစ်အော် မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို
ခံစားရလေ၏။ နှစ်ပေါင်းများစွာ ကြာသော် တခါတရံ၌
ထိုငရဲကြီး၏ တံခါးဝတခုခုသည် ပွင့်၏။

ထိုအခါ၌ ငရဲသားတို့သည် ထွက်ရန် ထိုတံခါးဆီသို့
အတင်းပြေးကြ၏။ အချို့မှာ လမ်းခရီးတွင်ပင်မောပန်း
လူးလိမ့်လျက် ရှိကုန်၏။ အချို့မှာ တံခါးဝသို့ ရောက်ကုန်၏။
အနှစ်သိန်းပေါင်းများစွာကြာလျှင်
ထိုတံခါးကြီးသည်ပိတ်သွားလေ၏။

ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့်
တပြိုင်နက် “ဘင်ပုပ် ငရဲ” ထဲသို့ ကျသွားလေ၏။
မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်
လှေလုံးခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေ၏။
ထိုဘင်ပုပ်ငရဲမှ လွတ်ပြန်လျှင် ပြာပူငရဲသို့ ကျရောက်သွားပြန်၏။
ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီးခဲ၊
ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍
ဆင်းရဲကြီးစွာကို ခံစားရပြန်၏။

ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတော ငရဲသို့ရောက်ပြန်၏။
လက်ပံပင်တို့မှာ ၁၆လက်မ ရှည်သော ဆူးရှိကုန်၏။
ငရဲထိန်းတို့က “ရိုက်နှက်၍ ထိုလက်ပံပင်တို့၌တက်ချည်
ဆင်းချည် ပြုစေကုန်၏။ လက်ပံဆူးတို့သည်
တက်သောအခါ၌ အောက်ဘက်သို့ လှည့်၍ နေကုန်၏။
ဆင်းသောအခါ၌ အထက်သို့ လှည့်၍ နေကုန်၏။
ကြောက်လန့်တကြား လျင်စွာ တက်ရ ဆင်းရသော ငရဲသား၏
ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြတ်ပြဲလျက် ရှိလေ၏။

ထိုငရဲမှလွတ်ပြန်လျှင် သံလျက်တောငရဲသို့ ရောက်ပြန်လေ၏။
ရောက်သည်နှင့်တပြိုင်င်နက် သံလျက်နှင့်တူစွာ နှစ်ဘက်သွား
ရှိသော အရွက်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်ပေါ်၌
ကျလေကုန်၏။ လက်၊ ခြေ ၊ နား၊ နှာ၊ ကိုယ်အင်္ဂါတို့သည်
အပိုင်းအပိုင်း ပြတ်လေကုန်၏၊ ထ၍ ပြေးပြန်လျှင်
သံမြေပြင်၌ သင်ဓုန်းသွားတို့သည် ထွက်ပေါ်လျက်ရှိကုန်၏။
ရှေ့မှ သံတံတိုင်လည်း ကာရံလျက် ရှိလေ၏။
ထိုအခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
ထိုငရဲမှလွတ်ပြန်လျှင် “ဝေတ္တရဏီ” မည်သော
ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။
ထိုငရဲမှာ ကျိုက်ကျိုက်ဆူသော သံရည်အထိ ပြည့်၏။
သင်ဓုန်းသွားနှင့် တူသော နွယ်များ ကြာရွက်များရှိ၏။
အောက်မြေပြင်၌ သင်ဓုန်းသွားခင်းလျက် ရှိ၏။
ကမ်းပါးတို့၌လည်း သင်ဓုန်းသွားကဲ့သို့ ထက်သော
ကြိမ်နွယ်များ သမန်းမြက်များ ရှိကြ၏။

ငရဲသားသည်ထိုချောင်းကို ဆင်းမိလျှင်-မြေပြင်မှ
သင်ဓုန်းသွား ရှိသောကြောင့်၎င်း၊ သံရည်ပူဖြင့် လောင်ခြင်း
စပ်ခြင်းကြောင့် ၎င်း ဗိုင်းကနဲလဲရှာလေ၏။
လဲလျှင် ကျိုက်ကျိုက်ဆူလျှက် ပူစပ်သော
သံရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။
ကမ်းပါး၌ ရှိသောကြိမ် သမန်းမြက်တို့ဖြင့်လဲ ရှ၏၊
ချောင်းထဲ၌ ရှိသော နွယ်နှင့် ကြာရွက်တို့ဖြင့်လဲ ရှိ၏။
ငရဲသား၏ ကိုယ်သည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။
ထိုစဉ်အခါ၌ အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
စုန်ချည် ဆန်ချည် မျောလျက် အတိဒုက္ခ ရောက်နေသော
ထိုငရဲသားကို ငရဲထိန်းတို့ တွေ့လျှင် သံ ငါးမျှားချိတ်ကြီးဖြင့်
ဆယ်တင်၍ “ဘာအလိုရှိသလဲ”ဟု မေးကုန်၏။
တမင်းဆာသည်ဟု ဆိုလျှင် ရဲရဲတောက်သော
သံတုံးသံခဲတို့ဖြင့်ပြည့်သော သံခြင်းတောင်းကြီးကို
ယူလာကုန်၏။

ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကို
အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတယောက်က
ပေါက်ချွန်းကြီးဖြင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။
အခြား ငရဲထိန်းတယောက်က ထိုနည်းတူပင် တဘက်မှ
ပေါက်၍ ဖွင့်၏။ ထိုသို့ဖွင့်၍ ပါးစပ် ဟင်းလင်းပွင့်နေသောအခါ၌
ရဲရဲတောက်သောထို သံတုံး သံခဲတို့ကို တခုပြီးတခု ပစ်ထည့်၍
ကျွေးကြလေ၏။ ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်းလျှာ
အာခေါင် လည်ချောင်းအူတို့ကို လောင်ကျွမ်းပြီးလျှင်
အောက်ဒွါရမှ ထွက်သွားကုန်၏ ရေငတ်သည်ဟု
ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သောသံရည်တို့ကို
လောင်းထည့်၍ ပေးကုန်၏။

ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍
အောက်ဒွါရမှ ထွက်သွားကုန်၏။ ငရဲသားသည်
မလှုပ်နိုင်ဘဲ ဆင်းရဲကြီးစွာကို ခံစားရလေ၏။
ကံမကုန်၍ မသေသေးပြန်လျှင် ထို ငရဲသားကို
ငရဲကြီးထဲသို့တဖန် ပစ်သွင်းလိုက်ကြပြန်၏။
ဤ ငရဲဒုက္ခတို့ကို “ဥပရိပဏ္ဏာသ ဗာလပဏ္ဍိတသုတ်၊
ဒေဝဒူတသုတ်” စသည်တို့၌ကျယ်ဝန်းစွာ ဟောထား၏။
ထိုသုတ်တို့မှယူ၍ ဤ၌ အကျဉ်းမျှ ပြဆိုခြင်း ဖြစ်သည်။

ဤသို့ ငရဲ၌ဖြစ်၍ ဆင်းရဲကြီးစွာတို့နှင့်ရင်ဆိုင်တွေ့နေရသော
သူတို့သည် ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်ရှာချေ။
သို့ဖြစ်၍ မိမိစိတ်ကို ဤသို့ ဆုံးမအားပေးအပ်၏။

■ဝိပဿနာ ရှုနေသော
အို-သူတော်ကောင်း၊ သင်မမေ့နဲ့၊
မပျင်းနဲ့၊ မေ့လျော့ ပျင်းရိနေလျှင် သင်သည်
သံသရာမှ ထွက်မြောက်နိုင်လိမ့်မည် မဟုတ်၊
မလွတ်မြောက်နိုင်လျှင် တရံတခါ၌ ငရဲသို့ ကျရောက်လိမ့်ဦးမည်၊
ရှေးကလဲ ခံစားခဲ့ရလှလေပြီ၊ ငရဲဒုက္ခနှင့် ဧကံတွေ့နေစဉ်မှာ
မျက်ရည်ကြီးငယ်ကျ၍ ဘယ်လိုပင် ငိုကြွေး တောင့်တ
နေသော်လည်း သင်သည် ဤဝိပဿနာအလုပ်ကို
အားထုတ်ခွင့် ရမည်မဟုတ်ပေ။

■ယခုလို အခါသည်သာလျှင် အားထုတ်ခွင့်
ရသောအခါ ပေတည်း။သို့ဖြစ်၍ သင်မပျင်းပါနဲ့၊
မမေ့ပါနဲ့၊ ဝိပဿနာ အလုပ်ကို ထက်သန်စွာ
အားထုတ်ပါလော့ =
ဤသို့သော အဓိပ္ပါယ်ကိုပင်ရည်၍
ပေးတော်မူခဲ့သော အောက်ပါ ဘုရားအဆုံး
အမတော်ကို ရိုသေစွာ လိုက်နာပါလော့။
“ဈာယ (တုဝံ) ဘိက္ခု မာ ပမာဒေါ၊မာ တေ ကမာဂုဏေ
ရမေဿု စိတ္တံ၊မာ လောဟဂုဠံ ဂိလီ ပမတ္တော၊
မာ ကန္ဒိ ဒုခ မိဒန္တိ ဒယှမာနော။”
(ဓမ္မပဒ ၃၇၁-ဂါထာ)
ဘိက္ခု- ရဟန်း။
တုဝံ-သင်သည်။
ဈာယ-မနားမဆုတ် အားထုတ်ညီညာ ရှုမှတ်ပါလော့။
မာ ပမာဒေါ - မေ့၍မနေလေလင့်။
တေ စိတ္တံ - သင်၏စိတ်ကို။
ကာမဂုဏေ - ငါးပါးအာရုံ ကာမဂုဏ်ထဲ၌။
မာရမေဿု - မွေ့လျော်နှစ်ခြိုက်က်ပျော်ပိုက်၍ မနေစေလင့်။
ပမတ္တော - မေ့မေ့လျော့လျော့ ပေါ့တော့တော့ နေမိသောကြောင့်။
နိရဟံပတွာ - တရံတခါ ငရဲရွာသို့ရောက်လတ်၍။
လောဟဂုဠံ - မီးလျှံ တဟုန်းဟုန်းနှင့် သံတုံးသံခဲကို။
မာဂိလီ - အလိုမကျဘဲ မမျိုရမိ ပါစေလင့်။

ဒယှမာနော - ငရဲမီးတပြောင်ပြောင် အပူလောင်ခံရသည်ဖြစ်၍။
ဣဒံ ဒုက္ခန္တိ - ဒီဟာက ဆင်းရဲလှပါတကား ဟူ၍၊
မာ ကန္ဒီ - ဟစ်အော်ယောင်ယမ်းလျက်
မမြည်တမ်း မငိုကြွေးရပါစေလင့်။

■တိရစ္ဆာန်ဘုံတွင် ပိုက်ကွန် မြှုံး စသည်ဖြင့်
မိနေစဉ်ကာလ၌လည်း အားထုတ်ခွင့်မရနိုင်။
အဖျား၌ သံချွန်တပ်သောနှင်တံ ၊ ရိုးရိုး နှင်တံတို့ဖြင့်
ထိုးဆွရိုက်နှက်ခံရလျက် ရထားဝန် လှည်းဝန်တို့ကို
ရုန်းဆောင်နေရသော မြင်း နွား ကျွဲဖြစ်စဉ်၌လည်း
အားထုတ်ခွင့်မရနိုင်။
■ပြိတ္တာဘုံတွင် အနှစ် သိန်းပေါင်းများစွာ
ကာလပတ်လုံး ဆာလောင်
ငတ်မွတ်နေစဉ်၌လဲအားထုတ်ခွင့် မရနိုင်။
■ကာလကဉ္စိက အသုရကာယ် ဘုံတွင် အရိုး အရေမျှဖြင့်
အတောင် ခုနစ်ဆယ် ရှစ်ဆယ် ပမာဏ ခန္ဓာကိုယ်ရှိလျက်
မစားရ မသောက်ရဘဲ လေ နေပူ စသည်တို့ဖြင့်
ပင်ပန်း ဆင်းရဲ နေစဉ်၌လဲ အားထုတ်ခွင့် မရနိုင်။

ထိုတိရစ္ဆာန် ၊ ပြိတ္တာ၊အသူရကာယ်တို့သည်
အားထုတ်သော်လည်း
ဝိပဿနာဉာဏ် မဂ်ဖိုလ်ညာဏ်တို့ကို မရနိုင်ကုန်။
အိုသူတော်ကောင်း- လူဖြစ်နေစဉ် ယခုအခါသည်သာလျှင်
“ဝိပဿနာအလုပ်” ကို အားထုတ်နိုင်သည့် အခါပေတည်း။
သို့ဖြစ်၍သင်မပျင်းနဲ့၊မမေ့နဲ့၊အားထုတ်ပါလော့။
ဤသည်ကား အပါယ်ဘေးကို ဆင်ခြင်၍ စိတ်ကို
အားပေးပုံတည်း။
-【ဆဋ္ဌသင်္ဂီတိ ပုစ္ဆက၊ အဂ္ဂမဟာပဏ္ဍိတ၊
ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီး
ဝိပဿနာရှုနည်း မှ- 】