၁၂၈၇-ခုနှစ် တော်သလင်းလဆန်း ၃ ရက်နေ့ ညနေ ၆ နာရီ အချိန်တွင် ဖက်ပင်အိုင် ဆရာတော် ဘုရားကြီး ကြွလာတော်မူသောအခါ ဆရာတော် ဦးပုည၊ ဦးဇာဂရ စသော ရဟန်း တော်များလည်း ပါကြ၏။
ဒါယကာများ ဆည်းကပ်နေကြစဉ် ဖက်ပင်အိုင် ဆရာတော် ဘုရားကြီးက မြင်းခြံဆရာ တော် ဦးကဝိအား အောက်ပါအတိုင်း မေမြန်းစိစစ်လေသည်။
ဦးကဝိတို့ ကြွလာမယ့် အကြောင်းကို ပင့်စာ၌ ပါသောကြောင့်သာ ယနေ့ညနေ လာခဲ့ရတာ ပါဘုရား။ သို့မဟုတ်လျှင် နက်ဖြန် နေ့ဆွမ်း မှီရုံလောက်မှာသာ လာမယ်ဟု ကြံပါတယ်။ လူကြီးဆို တော့ သွားရလာရတာများ တယ် ဝန်လေးတယ် ဦးကဝိရဲ့။
မှန်လှပါ ဘုရား
ကဲ ဦးပုညတို့ ဦးဇာဂရတို့၊ ဦးကဝိ နှင့် စကားပြောကြပါ ဘုရား၊ တပည့်တော်တော့ မော သေးတယ်။
မှန်လှပါ ဘုရား၊ အမောအပန်းဖြေ၍ နားနေပြီးနောက် ဆရာတော်ဘုရားသာ အမိန့်ရှိ တော်မူပါ ဘုရား ဟု လျှောက်ကြသဖြင့် အမောအပန်းမဖြေဘဲ ဆက်လက်၍ အောက်ပါအတိုင်း ပြောဆိုလေ၏။
ဦးကဝိ၊ တပည့်တော်များသည် တစ်ပါးနှင့်တစ်ပါး ဘွားကနဲ ယခုမှ တွေ့မြင်ကြသော ပုဂ္ဂိုလ်
များလဲ မဟုတ်ကြပေ။ ရှေးကလဲ တွေ့ဖူးမြင်ဖူးသူများ ဖြစ်ကြ၍ တစ်ပါးကိုတစ်ပါး အားနာစရာ လဲမရှိ။ မေးမြန်းစရာရှိသလောက်တော့ မေးမြန်းခွင့် မရပေဘူးလားဘုရား။
မှန်လှပါ ဆရာတော်ဘုရား၏ တပည့်ကို အလိုရှိသရွေ့သာ ဆုံးမတော်မူပါဘုရား။
ကဲ-ဒါဖြင့် ရှေးက ပဲခူးမြို့ အဗျားရွာတွင် တွေ့ကြစဉ်ကတော့ ဗြုန်းကနဲ တွေ့ကြရတာကလဲ တကြောင်း၊ အာဂန္တုကချင်း ဖြစ်နေကြတာကလဲ တကြောင်းမို့ မေးသင့်သလောက်သာ မေးရပေတယ်။ ယခုဆက်၍ မေးရပြန်တာပေါ့။
မေး။ ။ဦးကဝိရဲ့၊ ယခု သီတင်းလဲကျွတ်ခါနီးပြီ။ ယခုဝါတွင်း ဘာကိုများ အာရုံပြု၍ သီတင်း သုံး နေပါသတုံးဘုရား။
ဖြေ။ ။သာသနာတော်ကို အာရုံပြုနေပါတယ် ဘုရား။
မေး။ ။သာသနာတော်ကိုဘယ်ပုံ အာရုံပြုပါသတုံးဘုရား။ သာသနာ ဆိုတာပရိယတ် ပဋိပတ် နှစ်ပါး ရှိပါတယ်။ ထိုနှစ်ပါးတို့တွင် ဘယ်သာသနာကို ဘယ်ပုံအာရုံပြုပါသတုံးဘုရား။
ဖြေ။ ။ဘုရားတပည့်တော်မှာ စာကလဲမတတ်တော့ ပရိယတ္တိ သာသနာကို ချီးမြှင့်ခြင်းငှာ မစွမ်း နိုင်ပါ။ ဒါကြောင့် ပဋိပတ္တိ သာသနာပေါ်တွင်သာ သမာဓိ မရသေးသော ပုဂ္ဂိုလ် များလဲ သမာဓိ ရလေအောင်၊ ရပြီးသော ပုဂ္ဂိုလ်များလဲ ရင့်သည်ထက်ရင့်အောင်၊ ရင့်ပြီးသော ပုဂ္ဂိုလ်များလဲ လိုရင်းကိစ္စ ပြီးစီးကြအောင်သာ အာရုံပြုနေရပါ၏ဘုရား။
မေး။ ။ ဒါဖြင့်လျှင် မေတ္တာပေါ့ ဘုရား။
ဖြေ။ ။မှန်လှပါဘုရား။
မေး။ ။မေတ္တာဆိုတော့သတ္တပညတ် အပေါ်၌ စိတ်ကိုထား၍ လောကီရှိပါသေးတယ်။ လောကုတ္တ့ရာ၌ ကော ဘယ်လို အာရုံပြုပြီးစိတ်ကို ထားပါသတုံးဘုရား။ လောကုတ္တ့ရာ မှာကော စိတ်ကို မထားဘူးလား။
ဖြေ။ ။ လောကုတ္တ့ရာပေါ်မှာ စိတ်ကို ထားပါရဲ့ ဘုရား။
မေး။ ။အဲဒီ လောကုတ္တ့ရာပေါ်မှာချည်းဘဲ စိတ်တွေကိုထားပါတော့လား ဘုရား။ အဘယ်ကြောင့် လောကီ စိတ်တွေသို့ ရောက်နေရသေးသလဲ။
ဖြေ။ ။လောကုတ္တ့ရာပေါ်မှာ ချည်း သက်သက် စိတ်ကို မထားနိုင်ပါဘုရား၊ ခန္ဓာဝန်ကြီးက အလွန်လေးသောကြောင့် လောကီတလှည့်၊ လောကုတ္တ့ရာတလှည့် ပြောင်းခံနေရ ပါ ၏ ဘုရား။
မေး။ ။ကဲ-ဒါဖြင့် လောကီပညတ် အာရုံပြုပုံကိုတော့ ထားလိုက်ပါဦးတော့ ဘုရား၊ လောကုတ္တ့ရာ ပရမတ်ကိုတော့ ဘယ်လို အာရုံပြုပါသတုံးဘုရား။
ဖြေ။ ။မိမိ မြင်ဖူးတာကို အာရုံပြုပါတယ်ဘုရား။
မေး။ ။ဒါဖြင့် တခြားစာတွေ ထားလိုက်ပါဦးတော့၊ သင်္ဂြိုဟ် ဆိုတဲ့အတိုင်း မဂ္ဂံဖလဉ္စ နိဗ္ဗာနံ၊ ပစ္စဝေက္ခတိ ပဏ္ဍိတောစသည်ဖြင့် ပစ္စဝေက္ခဏာပေါ့။
ဖြေ။ ။မှန်လှပါဘုရား။
မေး။ ။ဒါဖြင့် မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာနှင့် ပညတ်ကို အာရုံပြုရတာ ဘယ်က သာ၍
ခက်သတုံးဘုရား။ မဂ်ဖိုလ်နိဗ္ဗာန်ကို အာရုံပြုရတာက သာ၍ မခက်ပေဘူးလား။
ဖြေ။ ။တပည့်တော်သဘောဖြင့် ဘယ်သင်းမှ မခက်ပါဘုရား။
မေး။ ။မဂ်ကို အာရုံပြုပုံ ပြောပြစမ်းပါဘုရား။
ဖြေ။ ။ဥပမာ-ယောဂီပုဂ္ဂိုလ်တစ်ယောက်သည် ဝိပဿနာတရားအားထုတ်၍ တက်လာတယ် ဆိုပါ တော့ဘုရား၊ အဲသည်တော့ ဘဝင် အနည်းငယ်မျှ ကျသွားပြီးနောက် ရှေ့စိတ်သုံးသုံးပါးက ကိလေသာတရားကို ဖယ်ရှားပေးပါရောဘုရား၊ နောက်စိတ်က နိဗ္ဗာန်ကို မြင်ပါရော။
ဒါနဲ့ စိတ်, စေတသိက,် ရုပ် ဆိုတဲ့ တရားသုံးပါး ဖြစ်ချုပ်-ဖြစ်ချုပ် ဖြစ်နေတာ ကိုပင် ကြီးစွာသော ဆင်းရဲကြီးပါကလား၊ ဒီဆင်းရဲဟာ ဘယ်သူ့ကြောင့် ဖြစ်သလဲလို့ စစ်လိုက်တော့ ၎င်းင်း စိတ်, စေတသိက်, ရုပ် ကို ပြုလုပ်ပေးတတ်တဲ့ လောဘကို မြင်ပါရောဘုရား။
ယခု ပြောနေတာက တစ်ခုစီ ပြောနေရလို့ ကြာနေတာပါဘုရား။ ဟိုမှာတော့ ဘာမှ မကြာပါဘုရား။ ဆင်းရဲကို သိတာနဲ့ တပြိုင်နက်ထဲ ဖြစ်သွားတာပါ။
(ကဲ-ပြောသာ ပြောပါဘုရား )
အဲဒီလို လုပ်ပေးတဲ့သူကို မြင်တော့ နိုင်တဲ့သူက ဗြုန်းခနဲ ပြုလုပ်ပေးတဲ့သူကို သတ်လိုက် ပါရော၊ အဲဒါက မဂ် ပါဘုရား။
ဒီတော့ စိတ်, စေတသိက်, ရုပ်များလဲ ဖရိုဖရဲဖြစ်သွားသလို ဖြစ်သွားတော့ အကြောင်းအကျိုး ပြတ်သွားပါရောဘုရား။ အဲဒါ နိဗ္ဗာန် ပါပဲဘုရား။
ဒါနဲ့ နောက်တော့ ဖိုလ်ဇော အုပ်သွားပါရော။ အဲဒါ မြင်ဖူးတာတွေပါပဲဘုရား။
မေး။ ။နေစမ်းပါဦးဘုရား။ ဒီမဂ်ဖြစ်တဲ့အခါများ ထင်ထင်ရှားရှား မဂ်ဖြစ်မှန်း သိရဲ့လား။
ဖြေ။ ။မသိပါဘုရား၊ နောက် ဆင်ခြင်မှ သိရပါတယ်ဘုရား။
မေး။ ။နောက်-ဆင်ခြင်မှ သိရတယ်ဆိုတာ ဟုတ်ပါရဲ့လား။
ယထာပိ မူလေ အနုပဒ္ဒေ၀ ဒဠေ၊
ဆိန္နေပိ၊ ရုက္ခော ပုနရေ၀ ရူဟတိ။
ဧဝံပိ တဏှာနုသယေ အနုပဟတေ၊
နိဗ္ဗတ္တတေ ဒုက္ခမိဒံ ပုနပ္ပနံ။
(ဒဠေ-၌ ဟထိုး မပါ။ သတိပြု။ မနသာ ဒဠေန-စသည် ၎င်းး။)
အနုပဒ္ဒဝေ၊ စိမ်းစိမ်းလတ်လတ် မသတ်ဖြတ်သေးသော။ မူလေ၊ ရေသောက်မြစ်ကြီးသည်။ ဒဠေ၊ မြဲမြဲခိုင်ခံ့သည် ရှိသော်။ ဆိန္နေပိ၊ အခက်အရွက် အပင်ပြတ်သော်လည်း။ ရုက္ခော၊ သစ်ပင်သည်။ ဧဝံ၊ ဤအတူသာလျှင်။ တဏှာနုသယေ၊ အဖန်ဖန်ကိန်းတတ်သော တဏှာကို။ အနုပဟတေ၊ မဂ်ဖြင့် မပယ်အပ်သေးသည် ရှိသော်။ ပုနပ္ပုနံ၊ အဖန်ဖန်တလဲလဲ။ ဣဒံဒုက္ခမ္ပိ၊ ဤသံသရာ ဝဋ်ဆင်းရဲသည်လည်း။ နိဗ္ဗတ္တတေ၊ ဖြစ်ရဦးမည်ကား မုချမလွဲတည်း။
ကျမ်းဂန်လာတဲ့အတိုင်း လောဘကို မဂ်ကပယ်တယ် ဆိုတာ ဟုတ်ပါရဲ့။ သိုသော်လည်း ယခုလောကမှာ တိုင်းတပါးက ရန်သူစစ်သည်ကို တိုက်ခိုက်သတ်ဖြတ်ရန် ထွက်သွားသော စစ်သူကြီးသည် မိမိတစ်ယောက်တည်း မသွားဘဲ နောက်လိုက် နောက်ပါ စစ်သည် ဗိုလ်ပါ များစွာတို့နှင့် ထွက်၍ ရန်သူစစ်သည်ကို တိုက်ခိုက် သတ်ဖြတ်သလို ယခု လောကုတ္တ့ရာမဂ်ဟာလဲ လောဘကို သတ်ရန် အဖော်များ ရှိသေးသလား၊ တစ်ယောက်ထဲဘဲသတ်လေရော့သလား။
ဖြေ။ ။အဖော်ရှိပါသေးရဲ့ ဘုရား။
မေး။ ။အဖော်က ဘယ်သူတုံး၊ ထည့်ပေးစမ်းပါ။
ဖြေ။ ။ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်သည် ဝိပဿနာ တရားအားထုတ်၍ အထွဋ် အထိပ်ရောက်ခါနီး ရှေ့စိတ်သုံးပါးက ကိလေသာတရား ကင်းစင်သွားအောင် ပယ်ရှားလိုက်ပါရောဘုရား။ အဲဒီလို ကိလေသာ စင်သွားတော့ နိဗ္ဗာန်ကို မြင်တဲ့စိတ် ပေါ်ပေါက်လာပါရောဘုရား။ ၎င်းစိတ်က နိဗ္ဗာန်ကို မြင်တော့ ၎င်းစိတ် မြင်သော နိဗ္ဗာန်ကို မဂ်ကမှီခိုတွယ်ကပ်ပြီး လောဘကို ပယ်သတ်လိုက်ပါရော ဘုရား။
မေး။ ။မဂ်တော့ သဘောကျပါပြီ ဦးကဝိရယ်၊ အလွန်သိမ်မွေ့ ခက်ခဲနက်နဲတဲ့ နေရာတွေနော်၊
တပည့်တော် များကတော့ စာတွေ့ ပြောရတာ၊ ဒါနဲ့ မဂ်နောက်ဖိုလ် ဇောအုပ်လိုက်တယ် ဆိုတာ စိတ်ထဲမှာ ဘယ့်နှယ်နေသတုံး ဘုရား။
ဖြေ။ ။ကောင်းကောင်း မသိလိုက်ရပါဘုရား။
မေး။ ။မဂ်နောက်ဖြစ်တဲ့ ဖိုလ်က အာနန္တ့ရိကဖိုလ် ခေါ်တယ် ဘုရား၊ နှစ်ကြိမ်-သုံးကြိမ် ထဲဖြစ်တော့ စိတ်ကလဲ အလွန်လျင်မြန်သဖြင့် ကောင်းမွန်စွာ သိနိုင်မှာ မဟုတ်ဘူး၊ ဒါထက် မဂ်ကို ဆင်ခြင်တဲ့အခါ သိရှိပုံများ ဘယ်လို နေသတုံးဘုရား။
ဖြေ။ ။ဥပမာ-ယောဂီပုဂ္ဂိုလ် တစ်ယောက်ဟာ သောတာပတ္တိမဂ်ကို ရတယ်ဆိုပါတော့၊ ၎င်းး ပုဂ္ဂိုလ်ဟာ မိမိရသော မဂ်ကို ဆင်ခြင်သောအခါ ငါ သောတာပတ္တိ မဂ်ကို ရပြီ ဟု သိရုံပါဘဲ ဘုရား။
မေး။ ။ဖိုလ်ကိုဆင်ခြင်တဲ့အခါ ဘာကို အာရုံပြုသတုံး ဘုရား၊ အဲဒီ ဖိုလ် စိတ်ဖြစ်နေတဲ့အခါ စိတ်ထဲမှာ ဘယ်လိုများနေသတုံးဘုရား။
ဖြေ။ ။မိမိ မြင်ဖူးတဲ့ အကြောင်းအကျိုး ပြတ်ရာကလေးကို အာရုံပြုလိုက်တာနှင့် ဖိုလ်စိတ်ဖြစ်လာပါရော ဘုရား၊ အဲဒီတော့ စိတ်ချမ်းသာပြီး မှိန်းနေပါရော ဘုရား။
အဲဒီလို ဆင်ခြင်ပြီးဝင်စားတာက ဝဠဉ္စနဖိုလ် ခေါ်တယ်။ အဲဒီဖိုလ်မှ သေသေချာချာ သိရတယ် ၊တယ်ပြီးသိမ်မွေ့တယ်ဘုရား၊
source: https://www.facebook.com/photo.php?fbid=1667998446775555&set=a.1388614358047300.1073741827.100006962474569&type=3&permPage=1