p>သေခါနီးပုဂ္ဂိုလ်ဟာ မချိမဆံ့ သေခါနီးအသတ်ခံနေရပြီဆိုရင် နောက်နေ့ ဟိုနေ့လို့ ငြင်းလို့ရသေးလား ..
(မရတော့ပါဘူး ဘုရား။)

မအားသေးပါဘူး ဘုရားလို့ လျှောက်လို့ရသေးလား…
(မရတော့ပါဘူးဘုရား။)

အကောင်းတွေကျတော့ ပြောစကားနားထောင်ရဲ့လား.. မအားသေးဘူးဘုရား နဲ့ နားမထောင်ချင်ဘူး။ ဒကာကြီး ဒကာမကြီး တရားထိုင်ပါလားဆို သူက ပယ်တဲ့ ဗီဇာအရင်တင်တော့တာပဲ။ အခွင့်အရေးရှိ တုန်း မအားဘူးဘုရားတဲ့။ အကောင်းကြီးက ပြောရမခက်ဘူးလား…ကျန်းမာရေးကောင်းနေတဲ့ပုဂ္ဂိုလ် က ပြောရခက်တယ်။ ဟိုက သေမယ့်လူဆိုတာ သိနေပြီ။ အဲ့ဒီလိုပုဂ္ဂိုလ်မျိုး တစ်ယောက် ကယ်လိုက်ရ တာ အလွန်ကောင်းပါတယ်။ အကောင်းကြီးကျတော့ အကိုရေ မောင်ရေ မရေနဲ့ နားဝင်ချိုမနေဘူး လား… ဒကာ ဒကာမတို့ အမြဲ နားဝင်ချိုနိုင်ပါ့မလား….
( မချိုနိုင်ပါဘူးဘုရား။)

သေခါနီးပုဂ္ဂိုလ်ကျတော့ အဘိဓမ္မာပို့ချလို့လည်း မရတော့ဘူး။ ဘာဖြစ်လို့လဲ အသံတစ်သံနားနဲ့လာတိုက်ရင် ဆူးနဲ့တစ်ခါလာ ထိုးသလိုပဲ ခံရတာ။ အခုကောင်းတုန်း ကျတော့ သားရဲ့အသံမကြားရရင် သမီးအသံမကြားရရင် အသံ လေးတွေ မကြားချင်နေကြဘူးလား…
(ကြားချင်နေပါတယ်ဘုရား။)

သေခါနီးကျတော့ ကြားချင်သေးရဲ့ လား..
(မကြားချင်တော့ပါဘူး ဘုရား။)

မှတ်ထားနော် သဲအင်းဘုန်းကြီး ပြောသွားတယ်ဆိုတာ မမေ့နဲ့။

အခုနေကတော့ ကော့ကော့ ကျော့ကျော့နဲ့ ပန်းလေးပန်လိုက် သနပ်ခါးလေးလိမ်းလိုက်နဲ့ တီဗွီလေး ကြည့်လိုက် ကိုရီးယားကားလေး ကြည့်လိုက်နဲ့ ပျော်မနေဘူးလား…
( ပျော်နေပါတယ်ဘုရား။)

မှတ်ထား ဒင်းတို့ နောက်ဆုံးနေ့ တွေ့ကြပါလိမ့်မယ်။ ယောဂီတို့မှတ်ထားပါ။ လောကမှာ ငါ့ကိုယ် ငါ့ကိုယ်နဲ့ ငါ့ကိုယ်လောက်ချစ်တာ ရှိသေးလား…ငါ့ကိုယ်လောက် တွယ်တာတာ ရှိသေးလား.. ငါ့ကိုယ်လောက် သိမ်းကျုံးယူတာ ရှိသေးလား..
(မရှိတော့ပါဘူး ဘုရား။)

ထစ်ခနဲဆို တွန့်ကနဲဗျ။ အဲ့ဒါ ကိုယ့်ကိုယ်ကို သိမ်းကျုံးယူတယ်လို့ခေါ်တယ်။ ဟုတ်ပြီလား။ အဲ့တော့ သေအောင်တတ်တဲ့ခန္ဓာကိုယ်ကြီးလည်း သေ အောင်သတ်နေတဲ့အထိ သိမ်းကျုံးယူတုန်းပဲ။ သိမ်းကျုံးယူတယ်ဆိုတာက မြွေပွေးကြီးတစ်ကောင်ပေါ့ ဗျာ။ အဲ့ဒီမြွေပွေးကြီးတစ်ကောင်ကို သွားကိုင်ရင် သိမ်းကျုံးယူလိုက်တာပဲ။ သွားကိုင်တော့ မြွေပွေးက မကိုက်ဘူးလား..
(ကိုက်ပါတယ်ဘုရား။)

ကိုယ်ကလဲ ကိုင်တယ် မြွေပွေးကလဲ ဆက်ကိုက်တယ်။ ကိုယ် က ဆက်ကိုင်တယ် မြွေပွေးကလည်းဆက်ကိုက်တော့ ကိုယ်ကကိုင်တာကလည်း မလွှတ်ဘူး မြွေပွေး ကရော လွှတ်သလား…
(မလွှတ်ပါဘူး ဘုရား။)

အဲ့ဒါ သဟကိုက်တယ်လို့ခေါ်သည်။ သဟဆိုတာဘာလဲ။ သဟဆိုတာ အိမ်လို့ခေါ်သည်။ ဒကာ ဒကာမတို့ အိမ်က ခွာနိုင်ရဲ့လား…
(မခွာနိုင်ပါဘူးဘုရား။)

အဲ့ဒါ သ ဟကိုက်တာခေါ်ပါသည်။ ဒီခန္ဓာကြီးနေတဲ့အိမ်ကို ဘာခေါ်လဲ ..သဟ။ စိတ်ကလေး နေတဲ့အိမ်ကိုဘာ ခေါ်လဲ။ စိတ်ကလေးဘယ်မှာနေလဲဆိုတော့ တဏှာမှာ နေတယ်။

ဝေဒနာတက်လာတော့ မျက်နှာ လေး မဲ့လို့။ ဇက်ကြောထိုးတယ် ၊ အကြောတက်လို့ ဆိုတော့ မျက်နှာကလေး ရှုံ့လို့။ ရင်ထဲကအောင့် လို့ ဆီးအောင့်လို့ မောလို့ ဆိုပြီး မျက်နှာကလေးတွန့်မနေဘူးလား…
(တွန့်နေပါတယ်ဘုရား။)

အဲ့ဒါဘာ ဖြစ်တာလဲ ..သဟကိုက်တာ။ ဒါဖြင့် အဲ့ဒီသဟကိုက်တဲ့ ခန္ဓာကိုယ်ကြီးကိုရော လွှတ်နိုင်သေးရဲ့လား။ ငါ့ခန္ဓာကိုယ်ကြီး ဘယ်တော့သက်သာမလဲ ငါ့ရုပ်ကြီး ဘယ်တော့ချမ်းသာမလဲ ဆိုပြီး အဲ့ဒီစိတ်နဲ့ ငါ့ရုပ် နဲ့ပဲ တွဲနေတာ။ အဲ့ဒါ စိတ်က တဏှာကလည်း ငါ့အိမ်ကြီးဆို ဖက်တယ်။ ငါ့အိမ်ကြီးကလည်း မော တယ် ကျပ်တယ် သွေးတက်တယ် ဆီးအောင့်တယ် ပြန်ပြီး မရက်စက်ဘူးလား..
(ရက်စက်ပါတယ် ဘုရား။)

သဟဆိုတဲ့ အိမ်ကြီးကလည်း ရက်စက်တယ်။ ကိုယ်ကလည်း တွယ်ဖက်တယ်။ အဲ့တိုင်းသေသွား တာ သပိတ်မသွပ်နဲ့တော့ သွားပြီ။ ဒီလိုခန္ဓာအိမ်ကြီး ခဏ ခဏ တည်ဆောက်ခဲ့လို့ ခဏ ခဏ ဒုက္ခ တွေ ရမလာဘူးလား..
(ရလာပါတယ်ဘုရား။)

ဘုရားကတော့ ဟောတယ်။ ဒကာ ဒကာမတို့ကတော့ တိုက် သေးသေးကနေ တိုက်ကြီး ကြီးအောင်မလုပ်ချင်ဘူးလား။ ဒီခန္ဓာအိမ်ကြီးကိုလည်း ဆရာဝန်နဲ့ သွားပြီးတော့ ခွဲစိတ်ကုသပြီးတော့ မလှ လှအောင်ပြင်ကြတယ်။ သဟဆိုတဲ့ အိမ်ကြီးကိုချစ်တယ်။ အိမ်က ဘာပြန်လုပ်လဲ။ ရက်စက်တယ်။ ခန္ဓာရဲ့ဓာတ်လေးပါးဖောက်ပြန်တဲ့ ဒုက္ခဝေဒနာနဲ့ ရင်ဆိုင်လာ ပြီဆိုတော့ ဓာတ်လေးပါးဖောက်ပြန်လာ ဘာဖြစ်တာလဲ …
(သဟ ကိုက်တာ။)

တရားစကျင့်ပြီဆိုတော့ ထိုင်ကို မထိုင်ရသေးဘူး နာရီဝက်လောက်ကြာတော့ သဟကိုက်ပြီနော်။ အဲ့တော့ ဒိဋ္ဌိက ဘယ်လိုစွဲလဲ ငါ့ပေါင်ကြီး ငါ့ခြေထောက်ကြီးတဲ့ ဒိဋ္ဌိက မစွဲဘူးလား..
(စွဲပါတယ်ဘုရား။)

အဲ့လိုငါ့ပေါင် ငါ့ခြေထောက်လို့ မရှိပညတ်ကြီးကို အရှိထင် စွဲထားတယ် ပညတ်စွဲ။ ငါ့ကိုယ် ငါ့ကိုယ်ဆိုပြီး သက္ကာယဖြင့် ယူတဲ့ ဒိဋ္ဌိ။ ခံစားရတဲ့ ဒုက္ခဝေဒနာကိုလည်း ငါခံစားတယ်ဆိုတဲ့ ဒိဋ္ဌိ။ စိတ်တွေပေါ်မလာဘူးလား။ ဒိဋ္ဌိနဲ့ယှဉ်တဲ့စိတ် တွေနော်။ မခံချင်တဲ့ဒေါသ ပြုပြင်လိုတဲ့လောဘ သည် ကုသလ ဓမ္မလား အကုသလ ဓမ္မလား..
(အကုသလ ဓမ္မပါ ဘုရား။)

ဒါဖြင့်ရုပ်ကြီးဖောက်ပြန်ပြီးတော့ နာမ်ညွတ်ခံစားနေတာက ဘာဓမ္မလဲ..
အဗျာ ကတာဓမ္မ။ ကုသိုလ်လည်း မဟုတ် အကုသိုလ်လည်းမဟုတ်။

ဇက်ထိုးနေတာ ခေါင်းကိုက်နေတာ ကု သိုလ် အကုသိုလ်ရှိသလား..
(မရှိပါဘူးဘုရား။)

အဲ့ဒါ ဘာဓမ္မလဲ အဗျာကတာဓမ္မ။ အဲ့ဒီ အဗျာကတာ ဓမ္မ သုခသဘော ဒုက္ခသဘောဆောင်နေတာကို စိတ်က လောဘ ဒေါသ ဒိဋ္ဌိ တို့နဲ့ပေါင်းတော့ အကုသလ ဓမ္မတွေဖြစ်မသွားဘူးလား…
(ဖြစ်သွားပါတယ်ဘုရား။)

အကုသလ ဓမ္မက ဘာကြောင့်ဖြစ်တာလဲ အဗျာ ကတာဓမ္မကို ငါ့ခန္ဓာကိုယ်လို့ သွားပြီး စွပ်စွဲလို့ စွဲယူလို့။ ဟုတ်ပြီလား။ စွဲလန်းတဲ့စိတ်မှာ အကုသိုလ် တွေ တက်မသွားဘူးလား ..
(တက်သွားပါတယ် ဘုရား။)

ဘာတွေတက်သွားလဲဆိုတော့ ဒိဋ္ဌိတို့ ဒေါသတို့ က စိတ်ကိုကြွက်ကြွက်ဆူအောင် မလောင်မြိုက်ဘူးလား…
(လောင်မြိုက်ပါတယ် ဘုရား။)

မဆင်းရဲဘူး လား..
(ဆင်းရဲပါတယ် ဘုရား။)

ဒါဖြင့် ဘာကဆင်းရဲတာပါလိမ့် ..တရားကျင့်တဲ့ယောဂီတွေ သေချာ မှတ် ထားနော်။ အကယ်၍ မေ့ဆေးပေး၍ လူတစ်ယောက်ကို ဗိုက်ခွဲပြီဆိုရင် ဆင်းရဲသလား..
(မဆင်းရဲပါဘူး ဘုရား။)

ကလေးမမွေးနိုင်လို့ ကိုယ်ဝန်ကိုဆေးရုံသွားပြီး ဗိုက်ခွဲရမယ်ဆိုရင် ဗိုက်ကြီးဓားနဲ့ခွဲမှာ ကြောက် သလား… သတ္တိရှိတယ် သွားတာပဲနော်။ တရားသာ ၂ နာရီကျင့်ရမှာ တွန့်နေတာ။

အဲ့တော့ ဒကာ ဒကာမတွေ ဟောဒီခန္ဓာအိမ်ကြီး ဒုက္ခရောက်ရတာသည် ဓာတ်လေးပါးဖောက်ပြန်လို့။ အမှန်က ဘာ ဖြစ်တာလဲဆိုတော့ စိတ်မှာမေ့ဆေးပေးလိုက်တော့ အဲ့ဒီပုဂ္ဂိုလ်ကဆင်းရဲသေးလား..
(မဆင်းရဲပါဘုရား။)

ရုပ်ကိုတော့ ဓားကြီးနဲ့မခွဲထားဘူးလား…
(ခွဲထားပါတယ်။)

ဒါဖြင့် ဆင်းရဲတာက ရုပ်မှာလား ..စိတ်မှာလား ..
(စိတ်မှာပါဘုရား။)

ဒါဖြင့်လူတွေက ဆင်းရဲတာ ပေါင်ကိုက်လို့ ခြေထောက်ကနာလွန်းလို့ ဆိုပြီး မမြင် ကြဘူးလား..မြင်ကြပါတယ်ဘုရား။ မှန်ရဲ့လား…
(မမှန်ပါဘူးဘုရား။)

မမှန်တာကို အမှန်ထင်တာက ဝိဇ္ဇာ လား အဝိဇ္ဖာလား …အမြင်မှားတာက မိစ္ဆာဒိဋ္ဌိ။ ဟာ တရားသွားမကျင့်နဲ့ ကြာကြာထိုင်တာ တရားမ ဟုတ်ဘူး။ ကိုက်တာခဲတာကြီးနဲ့ဘယ်လို တရားရမလဲဆိုတော့ ချမ်းသာဆင်းရဲခြင်းမရှိတဲ့ အဗျာကတ ဓမ္မ ကြီးကို ဆင်းရဲတယ်လို့ သွားစွဲတာ မှန်ပါ့မလား…
(မမှန်ပါဘူးဘုရား။)

အကယ်၍ ၂ နာရီတရားထိုင် လို့ ဝေဒနာတက် နေတဲ့ အချိန်မှာ မေ့ဆေးပေးပြီး နောက်ထပ်မီးစနဲ့ထိုးတော့ရော ဆင်းရဲအုံးမလား..
(မ ဆင်းရဲပါဘူး ဘုရား။)

ဒါဖြင့် ရုပ်က ဆင်းရဲတာလား ..စိတ်က ဆင်းရဲတာလား..
(စိတ်ကဆင်းရဲတာပါ ဘုရား။)

စိတ်မှာဆင်းရဲတာကို စိတ်မှာချမ်းသာအောင်မလုပ်ပဲနဲ့ ရုပ်ကြီး သွားကြွတာ မှန်ပါ့မလား..
(မမှန်ပါဘူး ဘုရား။)

မှတ်ထားနော် အဲ့ဒီကနေ မကျော်ကြဘူး။ မကျော်ကြတဲ့အခါကျတော့ သာသနာဟာ အဖျားရှုး ရှုးသွားတယ်။ နောက်တော့ ဟိုလိုပြ ဒီလိုပြနဲ့ ခုနှစ်ထွေက ပြနေ ရတယ်။ ဝေဒနာတက် ပြင်ရ တုန်းပဲ။ တော်ကြာသွားပြန်ပြီ ဝေဒနာတက် ပြင်ရတုန်း ပဋိစ္စသမုပ္ပါဒ် လည်နေပြီ။

အဲ့လိုဆိုရင် မဂ်စိတ် ကဘာလဲဆိုရင် ဒကာ ဒကာမတွေ လှုပ်ချင်တယ် ဆိုတဲ့ စိတ်က ဘာလဲ ..လောဘ။ မခံစားချင်တာ ဒေါသ။ စိတ်နဲ့ ဒိဋ္ဌိ ဒေါသတို့ ဆက်ဆံတာက ဘာလဲ … တဏှာ။ စိတ်မှာ ဒိဋ္ဌိတို့ ဒေါသတို့သာ မကပ် လို့ရှိရင် ဆင်းရဲပါ့မလား..မဆင်းရဲပါဘူးဘုရား။ ရုပ်က ကိုက်ခဲထုံကျင်လို့ ဆင်းရဲတာလား..စိတ်မှာ ဒိဋ္ဌိ တို့ ဒေါသတို့ ကပ်လို့ ဆင်းရဲတာလား … မှတ်ထားနော် အဲ့ဒီရှု့ကွက်အရေးကြီးတယ်နော်။ အကယ်၍ စိတ်ကို ဒိဋ္ဌိတို့ဒေါသတို့နဲ့ ဆက်စပ်တတ်တဲ့ တဏှာသာ မရှိဘူးဆိုရင် ဆင်းရဲပါ့မလား..
(မဆင်းရဲပါဘူး ဘုရား။)

ေဩာ် အဲ့လိုဆိုရင် ရုပ်ကြီး ကြွရမှာလား စိတ်မှာကပ်နေတဲ့ ဒိဋ္ဌိနဲ့တဏှာကို ပယ်ရမှာလား။ အဲ့ တော့ကောင်းပြီ ဦးဇင်းက ဥပမာတစ်ခုပေးမယ်။ လူတစ်ယောက် ငါးမျှားတယ် ရေထဲမှာ ငါးရှိမှန်းတော့ မသိဘူး။ ငါးချိတ်မှာအစာထည့်ပြီးတော့ အောက်မှာလှုပ်လှုပ်ဖြစ်နေတော့ ငါးက ငါးစာရှိရာ မလာဘူး လား။ လာတော့ အစာမြင်တော့ မစားဘူးလား..
(စားပါတယ်ဘုရား။)

စားလည်းစားရော ငါးမျှားသမားက သုတ်တင်လိုက်တယ်။ အဲ့ဒီလို ဥပမာကို ကြည့်လိုက်တဲ့အခါမှာ ငါးသည် တဏှာနဲ့တူသည်။ စိတ်နဲ့ ဒိဋ္ဌိ ဒေါသတို့ကိုဆက်စပ်တတ်တဲ့ တဏှာ နဲ့တူသည်။ ငါးစာသည် ဓာတ်ကြီးလေးပါး ဖောက်ပြန်တာနဲ့တူ သည်။

ဝိပဿနာရှုတဲ့ ကုသလဓမ္မသည် ငါးမျှားတဲ့သူနဲ့တူသည်။ အဲ့တော့ တဏှာတည်းဟူသော စိတ် နဲ့ ဒိဋ္ဌိ ဒေါသတို့ကိုဆက်တတ်တဲ့ တဏှာကိုပေါ်ချင်ရင် ငါးကိုလိုချင်ရင် ငါးစာမချပဲ ရပါ့မလား။ တဏှာ ကိုပေါ်ချင်ရင် ဝေဒနာတည်းဟူသော ငါးစာမချပဲနဲ့ တဏှာပေါ်ပါ့မလား။ အဲ့လိုဆို တဏှာကို ပေါ်ချင် ရင် ဘာကိုအရင်ဖော်ရမလဲ…ဝေဒနာကိုဖော်တာ။ တမင်တကာ အစားကျွေးပြီးရက်စက်တာ မဟုတ်ဘူး။ အဲ့ဒါကို မသိပဲနဲ့ တရားက ကြမ်းတယ် ကြမ်းတယ်ဆိုတော့ အဲ့ဒီပုဂ္ဂိုလ် ဝေဒနာမကျော်တဲ့ ပုဂ္ဂိုလ် အမှန်မမြင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားပြီ။ ပဋိစ္စသမုပ္ပါဒ် မပြတ်တဲ့ ပုဂ္ဂိုလ် ဖြစ်သွားပြီ။ အဲ့ဒီလိုနဲ့ ဝေဒနနဲ့ တဏှာ ဖော်တော့ လှုပ်ချင် ပြင်ချင် မချင်နေတဲ့ အတောမသတ်တဲ့တဏှာတွေ ပေါ်မလာဘူးလား။ အဲ့ဒါကို မဂ် က စောင့်ရှုရမည်။ အဲ့တော့ ဓာတ်လေးပါးဖောက်ပြန်တဲ့ ဒုက္ခကလည်း တင်းလိုက် တောင့်လိုက် ထုံ လိုက် ကျင်လိုက်နဲ့ သူ့ကိစ္စမဆောင်ရွက်ဘူးလား..
(ဆောင်ရွက်ပါတယ်ဘုရား။)

အဲ့ဒါက ဒုက္ခသစ္စာ၏ ကိစ္စ။ ဟောဒီခန္ဓာကိုယ်ကြီးက ဒုက္ခရှိတာ အမှန်ပဲ။ အဲဒီ ဒုက္ခကြီးက ဘာလုပ်တတ်လဲ။ အမျိုးမျိုး တင်း လိုက် တောင့်လိုက် ထုံလိုက် ကျင်လိုက်နဲ့ အလုပ်မလုပ်ဘူးလား။ အဲ့ဒီသဘောကိုသိတာ ကိစ္စဉာဏ်။ ဟုတ်ပြီနော်။ လှုပ်မယ် ပြင်မယ် မမယ် ရွှေ့မယ်ဆိုတာက တဏှာမဟုတ်ဘူးလား..သမုဒယသစ္စာ။ ဟိုလိုလေးမ ဒီလိုကြွမှဆိုပြီး ဖြစ်တာ တဏှာကလည်း အလုပ်မလုပ်ဘူးလား။ အဲ့ဒါ တဏှာ၏ ကိစ္စ။ အဲဒါကို သိတာက သမုဒယသစ္စာ၏ ကိစ္စဉာဏ်။ မဂ်က ဒုက္ခသစ္စာ၏ သဘောကို အတ္တသဘောမဟုတ် အနတ္တသဘောလို့ ပိုင်းခြားရှု့တာက မဂ္ဂ၏ ကိစ္စဉာဏ်။ မဂ်အင်္ဂါ ရှစ်ပါးရှိတာက မဂ္ဂသစ္စာ။ တရားကျင့် တာ အဲ့ဒါ နားမလည်ရင် မရဘူးနော်။ အဲ့တော့ နိရောဓသစ္စာဆိုတဲ့ နိဗ္ဗာန်ရော မရှိဘူးလား..
(ရှိပါတယ် ဘုရား။)

သစ္စာလေးပါး။ အခုထိုင်နေတဲ့ ယောဂီတို့ တဏှာမရှိဘူးလား..ရှိတယ်နော်။ အဲ့ဒီတဏှာက အမေ အဖေက ငါ့သား ငါ့သမီးလေး မွေးလို့ရှိရင်တော့ တဏှာမပါသွားရင် မျက်နှာပန်းမလှဘူးဆိုပြီး သူတို့က တဏှာခွဲတမ်းနဲ့ချပြီး ထည့်ပေးလိုက်လို့လား..
(မဟုတ်ပါဘူးဘုရား။)

ငါကလဲ ပဋိသန္ဓေနေထဲ က လူ့လောကကြီးမှာ တဏှာ မပါရင်တော့ လူရာမဝင်ဘူး သိက္ခာကျတယ်ဆိုပြီး ကိုယ့်ဘာကိုယ် တဏှာဖြစ်အောင် ဖန်တီးခဲ့သလား..
(မဖန်တီးခဲ့ပါဘူးဘုရား။)

တဏှာသည် ဖန်တီးမှုရှိသလား..မရှိပဲနဲ့ သူ့ ဘာသူ ရှိမလာဘူးလား..
(ရှိလာပါတယ်ဘုရား။)

တဏှာတော့ရှိတယ် အတ္တသဘောလား ..အနတ္တ သဘောလား…
(အနတ္တသဘောပါဘုရား။)

ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်နေကြတာလဲလို့မေးရင် …မသေသေးလို့ အားနေလို့ တရားလာနာ တာ။ ဟုတ်ပြီနော်။ ဒီရုပ်ကြီးက သေမိန့်မကျထားဘူးလား..
(ကျထားပါတယ်ဘုရား။)

နေရာရယ် ဒေသ ရယ် ရောဂါရယ် အချိန်ရယ်သာ မသိတာ။ သေမှာကတော့ မသေချာဘူးလား..
(သေချာပါတယ်ဘုရား။)

သေတယ်ဆိုတာ ဘယ်သူသတ်တာလဲ .. အခုဒကာ ဒကာမတွေထိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက ၉၆ ဖြာ ဝေဒနာလည်း ဒီရုပ်ကြီးမှာပဲ ၊ သွေးတိုး ဆီးချိုဆိုလည်း ဒီရုပ်ကြီးမှာပဲ အသည်း နှလုံး ကျောက် ကပ်ဆိုလည်း ဒီခန္ဓာကို်ယ်မှာပဲ ဒီကာယကိုယ်ခန္ဓာကြီးက မသတ်ဘူးလား…
(သတ်ပါတယ်ဘုရား။)

သတ်တဲ့ ခန္ဓာကိုယ်ကြီးက မရထားဘူးလား..
(ရထားပါတယ် ဘုရား။)

တစ်နေ့ ဘာကသတ်မှာလဲ ။ ဒီခ န္ဓာကြီးက သတ်မှာပဲ။ လွတ်အောင်ပြေးလို့ ရပါ့မလား..
(မရပါဘူးဘုရား။)

အခု ဒကာ ဒကာမတို့ သေပြီ လား..မသေသေးပါဘူးဘုရား။ တကယ်မသေတော့ဘူးလား..
(သေမှာပါ ဘုရား။)

ဟော အဲ့ဒါဆို သေမိန့် ကျထားတာ။ စဉ်းစားနော်။ ငါသေမိန့်ကျထားပြီးသား သေရမယ့် မသာလောင်းကြီးလို့ တွက်ထား မမေ့ နဲ့။ ဟုတ်ပြီလား။ သားတွေ သမီးတွေ မမေ့နဲ့ပြောတာ မဟုတ်ဘူး။ ကိုယ့်ကို အဲ့ဒီမသာကြီး သတ်တော့ မယ်။ အမိန့်ကျထားပြီ။ ဘယ်နေ့ ဘယ်နေရာမှန်းတာ မသိတာ။ သေရမှာ သေချာနေပါလား။

သေ တယ်ဆိုတာ ပြုံးပြုံးနဲ့ သေနိုင်ရဲ့လား…
(မသေနိုင်ပါဘူး ဘုရား။)

သေတဲ့မသာတွေမှာ ပြုံးပြုံးနဲ့သေတဲ့ မ သာမြင်ဘူးလား ။ သေတော့ ပြင်းပြင်းထန်ထန် အသက်ထွက်အောင် မသတ်ဘူးလား..
(သတ်ပါတယ် ဘုရား။)

ဆင်းရဲလား ချမ်းသာလား..
(ဆင်းရဲပါတယ် ဘုရား။)

အဲ့ဒီအတွက် ဒကာ ဒကာမတွေ ဘာများ အ ထောက်အထားရှိပြီလဲ အာမခံချက်ရှိနေပြီလဲ။ အိမ်မှာ အေးအေးလေး မနေကြဘူးလား။ နောက်နှစ် တွေ နောက်လတွေနဲ့မျှော်ကိုးပြီးတော့ စီးပွားတွေ မရှာကြဘူးလား။ သားတွေ သမီးတွေ အိမ်ထောင် ကျ ဘွဲ့ရတဲ့အထိ မမျှော်ကိုးဘူးလား။ ကိုယ်သေရင် ချမ်းသာဖို့ ဘာလုပ်ပြီးပြီလဲ။ သေတော့ ဘယ်သူ က မျှခံမှာလဲ။ ယောကျ်ားတွေ မိန်းမတွေက တဝက်မျှခံမှာလား။ အဲ့ဒီအချိန်ကျ ချစ်ပါတယ်ဆိုတဲ့ ဒ ကာမ ကိုယ်သေတော့ရော သူက မျှခံရဲ့လား။ အဲတော့မှတ်ထားနော်။ ကိုယ်သေရင် ကြင်ဖက်ရှိသ လား မျှခံမယ့်သူရှိသလား သေမင်းကို လာဘ်ထိုးလို့ရသလား …
(မရပါဘူး ဘုရား။)

တစ်ယောက်ထဲ သေရတော့မယ်။ မှတ်ထားနော် မမေ့နဲ့နော် ကယ်မယ့်လူမရှိပဲနဲ့ ဖျာပေါ်မှာ ပြေးလို့လွတ်သေးလား…
(မလွတ်တော့ပါဘူး ဘုရား။)

လောကမှာ ခွေးကိုက် မြွေကိုက် သူခိုးလိုက်လို့ရှိရင် ရန်သူလိုက်ရင် ပြေးရင် ရသေးတယ်။ တောင်းပန်ရှိခိုးပြလို့ ငိုပြလို့ ရအုံးမယ်။ ရှိတဲ့ငွေတွေ ရွှေတွေ ချွတ်ပေး ရအုံးမယ်။ သေ မင်းရသလား…
(မရပါဘူး ဘုရား။)

အဲ့ဒီအချိန်မှာ ဒကာ ဒကာမတို့ ဘယ်စိတ်နဲ့သေကျမှာလဲ။ စဉ်းစားနော် အချိန်ရှိသေးတယ်နော်။ တရှားရှာတယ်ဆိုတာ ဒါပဲ။ ဟုတ်ပြီလား။ လောကမှာ မရှိ ရှိတာနဲ့ ရှာစားလို့ ရတယ်။ အိမ်ပေါင် ခြံပေါင်နဲ့ရော မရဘူးလား။ သေတော့ ဘာပေါင်လို့ ရသေးလဲ။ အဲ့ဒီလိုဆို ရှင်းမရ တဲ့ အပြင်းထန်ဆုံး လှုပ်မရတဲ့ သေမင်းသတ်မယ့်အချိန် အပြင်းထန်ဆုံးခံစားရမယ့် ဝေဒနာနဲ့များ ဘာ မှ အားကိုးမရှာပဲနဲ့များ နေနိုင်တာများ တော်တော်ပေနိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ ကျုပ်တော့အံ့ဩတယ်။

ငါ သည် သေမင်းမှ လွတ်ကင်းမရှိပါလို့ နေ့စဉ်သတိထားပါ။ ယောဂီတို့ ငါသေရတော့မှာ ပါလား ဆိုတဲ့ စိတ်ကလေး ဖြစ်လာရင် နှလုံးသားတွေ ကြွက်ကြွက်မဆူပွက်အောင် ပြင်ဆင်ထားပါ။

ဆရာတော် အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ) ဟောကြားသော တရားသုံးမျိုး(၂) တရားတော်မှ ကောက်နှုတ်ချက်

မှတ်ချက်။ ကိုယ့်စိတ်ကိုယ်စစ် ၀ိပဿနာ page မှ ကူးယူ၍ ဖတ်ရလွယ်ကူစေရန် ပြန်လည်တည်းဖြတ်ဖော်ပြပါသည်။